ရပ်ရွာအတွက် အမေရိကန်ဒေါ်လာ ၇.၅ သန်း အမွေချန်ရစ်ပေးခဲ့တဲ့ အမျိုးသမီးကြီး

4-12-2020-yyl-050.jpg

ဂျာမနီနိုင်ငံ အလယ်ပိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးကြီးတစ်ယောက်က ကွယ်လွန်သွားချိန်မှာ သူ့ရပ်ရွာက လူတွေအတွက် ယူရို ၆.၂ သန်း ( အမေရိကန်ဒေါ်လာ ၇.၅ သန်း) တန်ကြေးရှိတဲ့ စတော့ရှယ်ယာတွေနဲ့ အိမ်ကြီးတစ်လုံး အမွေ ချန်ရစ်ခဲ့ပါတယ်။

ရီနာတေးဝီဒယ်နဲ့ အဲဖရက်ဒ်ဝီဒယ်တို့ဟာ ၁၉၇၅ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံအလယ်ပိုင်း ဟက်ဆွန်ပြည်နယ်၊ ဝယ်ပါဖယ်ဒင်ခရိုင်မှာ နေထိုင်ခဲ့ကြတာပါ။ အဲဒီခရိုင်မှာ ရွာ ၆ ရွာ ရှိပါတယ်။
အဲဖရက်ကတော့ အောင်မြင်တဲ့ စတော့ရှယ်ယာသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ရီနာတေးကတော့ ၂၀၁၆ ခုနှစ်ကတည်းက ဖရန့်ဖတ်မြို့က ဘိုးဘွားဂေဟာမှာ စောင့်ရှောက်မှုခံယူနေရပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာတော့ ရီနာတေးက သူတို့ရပ်ရွာအတွက် ဘဏ်ငွေစာရင်း၊ ရှယ်ယာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို အမွေချန်ရစ်ပေးခဲ့တယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်ရှိလာခဲ့တာပါ။ ဒီသတင်းက ခရိုင်အရာရှိတွေက မယုံနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ သူတို့က ငွေဂဏန်းဖော်ပြတဲ့နေရာမှာ ကော်မာ ကျန်နေခဲ့တာဖြစ်မယ်လို့ ထင်ခဲ့ကြပါသေးတယ်။

ရီနာတေးမှာ ညီမအရင်းတစ်ယောက် ရှိပေမဲ့ ရီနာတေးထက်အရင် ကွယ်လွန်သွားခဲ့တာပါ။ ရီနာတေး ချန်ရစ်ထားတဲ့ အမွေတွေကို ရပ်ရွာထဲက အသင်းတိုက်အဆောက်အအုံတွေ၊ အခြေခံအဆောက်အအုံတွေ အဆင့်မြှင့်တင် တည်ဆောက်ဖို့ အသုံးပြုနိုင်မှာပါ။ ဒေသခံတွေက ရီနာတေး ချန်ရစ်ထားတဲ့ အမွေတွေကို ဘယ်နေရာမှာ အသုံးပြုရမလဲဆိုတာ အကြံအမျိုးမျိုး ပေးနေကြပါတယ်။

စက်ဘီးလမ်း ဖောက်ဖို့၊ အဆောက်အအုံတွေ ဆောက်ဖို့၊ မူကြိုကျောင်းဆောက်ဖို့ ဒီငွေတွေကို လိုအပ်တယ်လို့ ဝယ်ပါဖယ်ဒင်ခရိုင်ရဲ့ မြို့တော်ဝန် ဘန်းဟိန်းက ပြောပါတယ်။ ဒါပေမဲ့ တချို့တွေကတော့ ရေကူးကန်၊ အများပြည်သူ ပို့ဆောင်ရေးစနစ်နဲ့ ဒေသခံကလေးငယ်တွေအတွက် ကစားကွင်းလို အဆောက်အအုံတွေ ဆောက်ပေးဖို့ အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။

Ref: CNN ” German woman leaves $7.5 million to her neighbors”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top