လမ်းဘေးခွေးဘဝကနေ ရဲဌာနရဲ့အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့တဲ့ ခွေးလေး

17-11-2020-yyl-020.jpg

ရိုးရိုးခွေးပဲဖြစ်ဖြစ် ရဲဌာနမှာ တာဝန်ထမ်းဆောင်ရတဲ့ခွေးပဲဖြစ်ဖြစ် ကျွန်တော်တို့လူသားတွေကို စောင့်ရှောက်နေကြတာပါ။ အိမ်မှာမွေးထားတဲ့ခွေးဆိုရင် သခင်ရဲ့အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်ပေးသလို ရဲတပ်ဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ခွေးဆိုရင်လည်း လူသားတွေအားလုံးကို အန္တရာယ်ပေးနေတဲ့ တရားခံတွေ၊ မိုင်းဗုံးတွေကို အနံ့ခံရှာဖွေကာ လူ့အသက်ပေါင်းများစွာကို ကာကွယ်ပေးနေတာဖြစ်ပါတယ်။ မက်ဂီဆိုတဲ့ခွေးလေးဆိုရင်လည်း နယူးယောက်မြို့က Owego Police Department ရဲ့လူသားတွေကိုကာကွယ်ပေးမယ့် အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့ပါတယ်။ မက်ဂီက ဈေးကြီးပေးရတဲ့၊ နိုင်ငံရပ်ခြားကနေလာတဲ့ အခြားရဲခွေးအများစုနဲ့မတူတာကတော့ သူက လမ်းဘေးခွေးလေးတစ်ကောင်ဖြစ်တယ်လို့ ရဲခွေးထိန်းအရာရှိ အန်ဒရူး ပီကီ (Andrew Pike) အရ သိရပါတယ်။

ပစ်ဘူးလ်အမျိုးအစားနဲ့ မာလင်နွာအမျိုးအစားတို့ စပ်ထားတဲ့ ခွေးမလေး မက်ဂီကို တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကနေ မွေးစားခဲ့ပြီး မက်ဂီက တစ်ပတ်ကို (၂) ကြိမ်လောက် ဂေဟာကို ပြန်ပါတယ်။ သူ့ရဲ့ခွန်အားကြီးမှုက မိသားစုနဲ့အတူနေဖို့ နည်းနည်းခက်ထန်ပေမဲ့ ရဲအလုပ်အတွက်တော့ သင့်တော်ပါတယ်။ “သူ့ထက်ပိုကောင်းတဲ့အပေါင်းအဖော်မရှိဘူး” လို့ အန်ဒရူးက ဆိုပါတယ်။

မက်ဂီဟာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ခွေးတွေကို ရှာဖွေကာ အခမဲ့ ထိန်းကျောင်းပြီး နေရာပေးနေတဲ့ Southern Tier Police Canine Association ရဲ့ကျေးဇူးကြောင့် Owego Police Department ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ “ကိုယ်ပိုင်ရဲခွေးမတက်နိုင်တဲ့ ဌာနတွေနဲ့ ကျွန်တော် တွဲပြီး အလုပ်လုပ်ကိုင်နေတာပါ” လို့ Southern Tier Police Canine Association ရဲ့ဥက္ကဌက ဆိုပါတယ်။

မက်ဂီက ရဲသားတစ်ယောက်အတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်တယ်လို့လည်း အန်ဒရူးက ဆိုပါတယ်။ တစ်နေ့ကျရင် လူသားအပေါင်းအဖော်တစ်ယောက်နဲ့ အလုပ်တွဲလုပ်ချင်လားလို့ အန်ဒရူးကို မေးတဲ့အခါမှာ “သေချာပေါက် မလုပ်ချင်ပါဘူး။ မက်ဂီနေရာကို အစားထိုးဖို့အတွက် သီးသန့်လူသားတစ်ယောက်မလိုအပ်လို့ပါပဲ” လို့ ပြောပါတယ်။

Ref: CBSNews “From stray to K-9: Shelter dog becomes newest member of Owego Police Department”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top