မြန်မာနိုင်ငံအပါအဝင် ၁၂၇ နိုင်ငံကို remdesivir ဆေးတွေ ဖြန့်ဖြူးပေးဖို့ Gilead Sciences ကုမ္ပဏီနဲ့ ဆေးဝါးကုမ္ပဏီ ၅ ခု လိုင်စင်ချပေးရေး သဘောတူစာချုပ် ချုပ်ဆို

13-5-2020-yyl-022.jpg

remdesivir ဆေးကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၇ နိုင်ငံ(အမေရိကန်နိုင်ငံ မပါဝင်) မှာ ထုတ်လုပ်ဖို့အတွက် Gilead Sciences ကုမ္ပဏီက ကိုယ်ပိုင်အမှတ်တံဆိပ် အသုံးမပြုတဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ၅ ခုနဲ့ လိုင်စင်ချပေးရေး သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဟန့်အတားတွေ ကြုံတွေ့နေရတဲ့ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေမြင့်တဲ့ နိုင်ငံတွေ၊ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ ဖြန့်ဖြူးပေးဖို့အတွက် Mylan ၊ Cipla ၊ Ferozsons Laboratories ၊ Hetero Labs နဲ့ Jubilant Lifesciences ကုမ္ပဏီတွေက remdisivir ဆေး ထုတ်လုပ်ကြမှာလို့ Gilead Sciences ကုမ္ပဏီက ထုတ်ပြန်ကြေညာထားပါတယ်။

Gilead Sciences ကုမ္ပဏီနဲ့ ဆေးဝါးကုမ္ပဏီ ၅ ခု ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ ဆေး ဖော်စပ်ထုတ်လုပ်နည်းတွေကို Gilead Sciences ကုမ္ပဏီက ပေးအပ်သွားမှာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ မသတ်မှတ်တော့တဲ့အချိန်အထိ ဒါမှမဟုတ် remdisivir မဟုတ်တဲ့ ဆေးဝါးထုတ်ကုန်တစ်မျိုး၊ ကာကွယ်ဆေးတစ်မျိုးကို COVID-19 ကုသ၊ ကာကွယ်ဖို့ တရားဝင်ခွင့်ပြုပေးချိန်အထိ လိုင်စင်ကြေး ပေးစရာမလိုပါဘူး။

ပြီးခဲ့တဲ့မေလ ၁ ရက်မှာ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့က Gilead Sciences ကုမ္ပဏီထုတ် remdesivir ဆေးကို COVID-19 ရောဂါ ကုသရာမှာ အရေးပေါ်အခြေအနေအတွက် အသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူ ၄ သန်းကျော် ရှိနေပြီး သေဆုံးသူ ၃၀၀,၀၀၀ နီးပါးရှိနေပါတယ်။ စမ်းသပ်ထိုးနှံမှု ရလဒ်တွေအရ remdesivir ဆေးဟာ ဆေးရုံတက်ရောက် ကုသနေရတဲ့ COVID-19 လူနာတချို့ရဲ့ ရောဂါသက်သာလာချိန်ကို တိုတောင်းစေတာ တွေ့ရပါတယ်။ ဒီလအကုန်ကျရင် ၁၀ ရက်ကြာ ကုသရေးလုပ်ငန်းစဉ်အတွက် ဆေးအဖုံ ၁၄၀,၀၀၀ ကျော် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ပြီး နှစ်ကုန်မှာ ဆေးအဖုံ ၁ သန်းအထိ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ Gilead Sciences ကုမ္ပဏီက ပြောပါတယ်။

Ref: CNBC ” Gilead strikes deal to make remdesivir coronavirus treatment in 127 countries”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top