တစ်ကိုယ်တော်လေယာဉ်ပျံသန်းမောင်းနှင်ပြီး ကမ္ဘာပတ်တဲ့ အသက်အငယ်ဆုံးအမျိုးသမီးဖြစ်ဖို့ ကြိုးစားနေသူ

15.12.2021yyl2.jpg

အသက် ၁၉ နှစ်အရွယ် ဘယ်လ်ဂျီယမ်-ဗြိတိသျှလေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဇာရာ ရူသာဖို့ဒ် (Zara Rutherford) ဟာ တစ်ကိုယ်တော်လေယာဉ်မောင်းနှင်ပြီး ကမ္ဘာပတ်ခြင်းဖြင့် ဂင်းနစ်စံချိန် (၃) ခု ချိုးဖို့ စီစဉ်ထားတယ်လို့ သူ့ရဲ့ဝက်ဘ်ဆိုက်အရ သိရပါတယ်။ ကမ္ဘာအနှံ့ တစ်ကိုယ်တော်ပျံသန်းမောင်းနှင်တဲ့ အသက်အငယ်ဆုံးအမျိုးသမီး၊ ပေါ့ပါးတဲ့ လေယာဉ်အမျိုးအစားနဲ့ ကမ္ဘာပတ်တဲ့ ပထမဆုံးအမျိုးသမီး၊ အင်ဂျင်တစ်လုံးတည်းလေယာဉ်ငယ်နဲ့ ကမ္ဘာပတ်တဲ့ ပထမဆုံးဘယ်လ်ဂျီယမ်လူမျိုးဆိုတဲ့ ဂင်းနစ်စံချိန်မှတ်တမ်း ၃ ခု ဝင်ဖို့ပါ။ ရူသာဖို့ဒ်က သူ့ရဲ့ခရီးစဉ်ကို ဩဂုတ်လ ၁၈ ရက်နေ့က ဘယ်လ်ဂျီယမ်ကနေစတင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဘယ်လ်ဂျီယမ်ကို ပြန်လာဖို့ စီစဉ်ထားပါတယ်။


သူ့ရဲ့မူလပျံသန်းမှုအစီအစဉ်က ခရစ်စမတ်မတိုင်ခင် ဘယ်လ်ဂျီယမ်မှာ အဆုံးသတ်ဖို့ပါပဲ။ ဒါပေမဲ့ အလက်စကာနဲ့ ရုရှားမှာ ကြံ့ကြာနေခဲ့ပါတယ်။ “ဗီဇာနဲ့ ရာသီဉတုအခြေအနေကြောင့် တစ်လလောက် အလက်စကာနဲ့ ရုရှားမှာ ပိတ်မိနေခဲ့ပါတယ်။ ခရစ်စမတ်မှာ ပြီးအောင်လုပ်ဖို့ မျှော်လင့်ထားပေမဲ့ အဲဒါက မဖြစ်တော့ဘူးလို့ ကျွန်မ ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ ဒါက စွန့်စားမှုတစ်ခုပါပဲ” လို့ ရူသာဖို့ဒ်က ပြောပါတယ်။
ရူသာဖို့ဒ်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က ထိုင်ဝမ်၊ တိုင်ပေကို ရောက်ရှိခဲ့ပါတယ်။ အဲဒါပြီးရင် ဖိလစ်ပိုင်၊ မာဘာလာကတ်ကို ခရီးဆက်မှာဖြစ်ပါတယ်။ မိုင်ပေါင်း ၃၂၀၀၀ ခရီးစဉ်ပြီးရင် ရူသာဖို့ဒ်က နိုင်ငံပေါင်း ၅၂ နိုင်ငံနဲ့ တိုက်ကြီး ၅ တိုက်ကို ခရီးထွက်ဉီးမှာဖြစ်တယ်လို့ သိရပါတယ်။


ရူသာဖို့ဒ်က ဉရောပထုတ် ထိုင်ခုံ (၂) ခုပါတဲ့ စွမ်းဆောင်ရည်မြင့် Shark Aero လေယာဉ်ကို မောင်းနှင်နေတာပါ။ ဒီလေယာဉ်က တစ်နာရီကို ၁၈၆.၄ မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ခရီးစဉ်ရဲ့ကုန်ကျစရိတ်ကို စပွန်ဆာတွေနဲ့ လေဆိပ်တွေက အကုန်အကျခံပေးထားပြီး လေယာဉ်ကိုတော့ Shark Aero က ပံ့ပိုးပေးထားတာပါ။


လက်ရှိ တစ်ကိုယ်တော်လေယာဉ်ပျံသန်းမောင်းနှင်ပြီး ကမ္ဘာပတ်တဲ့ အငယ်ဆုံးအမျိုးသမီးဆိုတဲ့ မှတ်တမ်းကို ကိုင်ဆောင်ထားသူကတော့ ရှယ်စတာ ဝဲဇ် (Shaesta Waez) ပါ။ ရှယ်စတာဟာ ၂၀၁၇ခုနှစ် အသက် ၃၀ အရွယ်မှာ ခရီးစဉ်ပြီးမြောက်ခဲ့ပါတယ်။
အခုနှစ် အသက် ၁၈ နှစ်နဲ့ လေယာဉ်ပျံသန်းမောင်းနှင်ပြီး ကမ္ဘာပတ်တဲ့ အငယ်ဆုံးဆယ်ကျော်သက်ရှိခဲ့တယ်လို့ Guinness World Records အရ သိရပါတယ်။ UK နိုင်ငံသား ထရာဗစ် လုဒလို (Travis Ludlow) ဆိုသူဖြစ်ပြီး ၂၀၂၁ခုနှစ် မေလ ၂၉ ရက်နေ့က သူ့ရဲ့၄၄ ရက်တာခရီးကို စတင်ခဲ့တာပါ။ အစက ၂၀၂၀ခုနှစ် ဇွန်လမှာ ခရီးစဉ်စတင်ဖို့လုပ်ခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရပါတယ်။


Ref: ABCNews “Zara Rutherford tries to break record for youngest pilot to fly solo around the world”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top