သွေးကင်ဆာရောဂါသည်ကလေးမလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ မြို့စားကတော် ကက်သရင်း

duchess-cambridge-mila-sneddon-1233136700.jpg

(၅) နှစ်သမီးလေး မီလာ စနက်ဒန် (Mila Sneddon) အတွက် ကိုဗစ်ကာလအတွင်း Lockdown က ခက်ခဲကြမ်းတမ်းစေခဲ့တာပါ။ ဗြိတိန်က ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ နွေဦးရာသီမှာ Stay Home စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်စွာ ချမှတ်ထားခဲ့တဲ့အတောအတွင်းမှာလည်း မီလာလေးက သွေးကင်ဆာရောဂါကြောင့် ဓာတုကုထုံးကို ခံယူရင်းနဲ့ ရောဂါကို တွန်းလှန်နေခဲ့ရပါတယ်။

မီလာလေးရဲ့ဖခင်ကလည်း ကိုဗစ်ကာလမှာ အလုပ်သွားလုပ်နေရတာကြောင့် မီလာလေး COVID-19 ကူးစက်ခံရမှာဆိုးတဲ့အတွက် သူ့ရဲ့ဖခင်နဲ့ ဝေးဝေးနေထိုင်စေခဲ့ရပါတယ်။ မီလာလေးက (၇) ပတ်လောက်အထိ သူ့ရဲ့ဖခင်ကို အိမ်ပြတင်းပေါက်ကနေတဆင့်သာ မြင်တွေ့ခွင့်ရခဲ့ပါတယ်။

မီလာလေးရဲ့မိခင်က သူ့သမီးလေးနဲ့ဖခင်တို့ ပြတင်းပေါက်ကနေတွေ့ဆုံပြီး မီလာလေး ပြတင်းပေါက်ကို နမ်းနေတဲ့ပုံတစ်ပုံကို ရိုက်ကူးခဲ့ပါတယ်။ အဲဒီပုံကို National Portrait Gallery အတွက် ကိန်းဘရစ်ချ်မြို့စားကတော် ကက်သရင်း ဦးစီးတဲ့ လူမှုအသိုင်းအဝိုင်းအနုပညာပရောဂျက်ဆီ ပေးပို့ခဲ့ပါတယ်။

အဲဒီဓာတ်ပုံဟာ Stand Still ပရောဂျက်အတွက် ရွေးချယ်ခံခဲ့ရပြီး မြို့စားကတော်က အဲဒါကို မြင်တွေ့သွားခဲ့ရကာ မီလာလေးရဲ့မိသားစုနဲ့ ဆက်သွယ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကက်သရင်းက မီလာနဲ့ ဖုန်းပြောခွင့်ရခဲ့ပါတယ်။ ဖုန်းနဲ့စကားပြောစဉ်မှာ ပန်းရောင်ဂါဝန်ဝတ်ဆင်ထားတဲ့ တကယ့်မင်းသမီးအစစ်ကက်သရင်းကို မီလာလေးက လူချင်းတွေ့ဆုံခွင့်ရချင်တယ်ဆိုတဲ့ သူ့ရဲ့ဆန္ဒကို ထုတ်ပြောခဲ့ပါတယ်။ ကက်သရင်းက သူ့ရဲ့ဆန္ဒကို မဖြစ်ဖြစ်အောင်ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့မှာ ကက်သရင်းက သူ့ရဲ့ကတိကို တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က စကော့တလန်သို့အလည်အပတ်ခရီးစဉ်အတွင်း
မင်းသားဝီလျံနဲ့ကိတ် ကက်သရင်းတို့က မီလာရဲ့မိသားစုကို အက်ဒင်ဗာရာမြို့က တော်ဝင်အိမ်တော်ကို ဖိတ်ကြားခဲ့ပါတယ်။ Holyroodhouse နန်းတော်အတွင်းက ဧည့်ခံခန်းတစ်ခုမှာ ပန်းရောင်ဂါဝန်ဝတ်ဆင်ထားတဲ့ မီလာလေးက ဆိုဖာပေါ်မှာ မြို့စားကတော်ကက်သရင်းနဲ့ စကားစမြည်းပြောခဲ့ကြပါတယ်။ ကက်သရင်းကလည်း ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့တာပါ။

တော်ဝင်မိသားစုအတွင်း သီးသန့်တွေ့ဆုံခဲ့ကြတဲ့အပြင် မင်းသားဝီလျံတို့က မီလာတို့မိသားစုကို နန်းတော်အတွင်း လှည့်လည်ပြသကာ ဧည့်ခံကြပါတယ်။ အတီးအမှုတ်တွေနဲ့ စစ်ရေးအခမ်းအနားဖြင့်လည်း ဧည့်ခံခဲ့ကြတာပါ။ မီလာလေးအတွက်တော့ ကက်သရင်းနဲ့ အပြင်မှာ လူချင်းတွေ့ဆုံခွင့်ရခဲ့တဲ့ ဘယ်တော့မှ မေ့မရနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။

သတင်းထောက်တစ်ယောက်က မီလာလေးကို မြို့စားကတော်နဲ့ သီးသန့်တွေ့ဆုံခဲ့တုန်းက ဘာတွေဆွေးနွေးပြောဆိုခဲ့ကြလဲဆိုတာကို မေးမြန်းတော့ မီလာလေးက “စက်ရုပ်ပုံတစ်ပုံကို ဆွဲရင်းနဲ့ အလုပ်များနေခဲ့တာ” လို့ ဖြေကြားခဲ့ပါတယ်။

Ref: CBSNews “Girl who battled leukemia through COVID lockdown wished to meet a princess. Duchess Kate made it happen”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top