မကြာခင် ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အကြီးဆုံး ပန်းပွင့်ကြီး

YY1.jpg

ကမ္ဘာ့အကြီးဆုံး ပန်းပွင့်ကြီးတစ်ပွင့်ကို အင်ဒိုနီးရှားနိုင်ငံရဲ့ သစ်တောထဲကနေ တွေ့ရှိခဲ့ပါတယ်။ ရာဖယ်ရှာအပင်(rafflesia plant)ကို ဧရာမပန်းပွင့်လို့ တင်စားကြလေ့ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံ သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအရာရှိတွေ တွေ့ရှိခဲ့တဲ့ ပန်းပွင့်ကြီးကတော့ ရာဖယ်ရှာပန်းပွင့်တွေထဲမှာ အကြီးဆုံးဖြစ်လောက်ပါတယ်။ သိပ်မကြာသေးခင်က အနောက်ဆူမာတြားတောထဲကနေ တွေ့ရှိခဲ့တဲ့ ပန်းပွင့်ကြီးဟာ အချင်း ၄ ပေလောက်ရှိပါတယ်။ မှတ်တမ်းတင်ထားတဲ့ ပန်းပွင့်တွေထဲမှာ အကြီးဆုံးပဲလို့ အနောက်ဆူမားတြားပြည်နယ် သဘာဝရင်းမြစ်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာက ပြောပါတယ်။

၂၀၁၇ ခုနှစ်က ကမ္ဘာ့အကြီးဆုံးပန်းပွင့်အဖြစ် စံချိန်တင်ခဲ့တဲ့ ရာဖယ်ရှာပန်းပွင့်ကြီး တွေ့ရှိခဲ့တဲ့နေရာကနေ ဒီပန်းပွင့်ကြီးကို ထပ်တွေ့ရတာဖြစ်ပြီး ခိုကပ်နေတဲ့ အပင်အမျိုးအစားချင်းပါ တူညီနေပါတယ်။ အခုတွေ့ရတဲ့ ပန်းပွင့်ကြီးကတော့ ၂၀၁၇ ခုနှစ်က တွေ့ရတဲ့ပန်းပွင့်ထက် အချင်း ၄ လက်မ ပိုကျယ်ပါတယ်။ ရာဖယ်ရှာအပင်တွေဟာ အမြစ်၊ အရွက်မရှိပါဘူး။ ခိုကပ်နေတဲ့ အပင်ရဲ့ရေနဲ့ အာဟာရဓာတ်ကို စားသောက်ပြီး ရှင်သန်ပါတယ်။ အပွင့်ပွင့်တဲ့ အချိန်ကျမှပဲ ခိုကပ်နေတဲ့ အပင်ထဲကနေ ဖောက်ထွက်လာတာပါ။ ရာဖယ်ရှာပန်းပွင့်ဟာ ကပ်ပါးပင်ဖြစ်ပြီး အနံ့ပြင်းလွန်းပါတယ်။ ပန်းပွင့်အဝကနေ အသားပုပ်အနံ့ထွက်နေလို့ အလောင်းပန်းလို့ ခေါ်တတ်ကြပြီး အဲဒီအနံ့ကြောင့် အင်းဆက်တွေ လာနားလေ့ရှိပါတယ်။ ပန်းပွင့်အဝပွင့်ချိန်က အချိန်တစ်ပတ်ပဲကြာပါတယ်။ ပြီးရင်တော့ ပုပ်ပြီး ပန်းပွင့်သေသွားမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top