ဖိုးသော်၏ မမေ့နိုင်သော မြန်မာ့ရိုးရာအတာသင်္ကြန်အမှတ်တရများ

56164203_2457055337849398_7773937053967843328_n.jpg

သင်္ကြန်တွင် ရေပက်ကစားသည့်ထုံးစံသည် အာရှနိုင်ငံအချို့တွင် နေရာအနှံ့တွေ့ရပြီး
တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်နယ်အထိ သင်္ကြန်ပွဲတော်များဆင်နွှဲလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင်မူ အစည်ကားဆုံးနှင့် အကြီးကျယ်အခမ်းနားဆုံး မြန်မာနှစ်သစ်ကူး ပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ပုံမှန်ကျင်းပလျက်ရှိသော ပွဲတော်တစ်ခုဖြစ်သည်။

“သင်္ကြန်နဲ့ ပတ်သက်ရင် အရင်က အင်းလျားလမ်းတို့ ဘာတို့မှာ မဏ္ဍပ်တွေရှိတုန်းကတော့
အမှတ်တရတွေ အများကြီးရှိတာပေါ့။ သိပ်ပြောလို့မကောင်းတဲ့အမှတ်တရဆိုးတွေလည်း ရှိတယ်”ဟု ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား ဖိုးသော်က သင်္ကြန်အမှတ်တရဖြစ်ရပ်များကို ဖွင့်ဟ ပြောကြားခဲ့သည်။

ဖိုးသော်က သင်္ကြန်ဆိုသည်ကို ထူးခြားသည့် မြန်မာရိုးရာ ဓလေ့ထုံးတမ်းပွဲတော်တစ်ခုဟုယူဆပြီး နှစ်ဟောင်းမှအညစ်အကြေးများကို နှစ်သစ်သို့ပါမလာစေရန် ဆေးကြောသန့်စင်ပေးသည့် ပွဲတော်ဟုလည်း အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ ထို့ကြောင့် သင်္ကြန်ပွဲတော်ကို ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ဆင်နွှဲကာ ရိုးရာနှင့်အညီ သင်္ကြန်ပွဲတော်ကို ဖြတ်သန်းသင့်သည်ဟု ဖိုးသော်က
တိုက်တွန်း ပြောကြားခဲ့သည်။

“လူတွေရဲ့ သဘောသဘာဝက နိုင်ငံတော်တော်များများမှာ နှစ်သစ်ကူးရိုးရာဓလေ့တွေ ရှိတယ်။ နိုင်ငံတကာပုံစံလုပ်တယ်။ အဲဒီမှာမှ မြန်မာရိုးရာသင်္ကြန်ဆိုတဲ့ မြန်မာ့နှစ်သစ်ကူးက ထူးထူးခြားခြား ရေဆော့ပြီးတော့ နှစ်သစ်ကို ကြိုဆိုတယ်။ ပြီးတော့ တစ်ရက်တည်းလည်းမဟုတ်ဘူး။ လေးရက်တောင်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ဘယ်လိုသဘောထားလဲဆိုတော့ နှစ်ဟောင်းက အညစ်အကြေးကို ရေလောင်းပြီးတော့သန့်စင်ပေးတယ်။ အဲဒီသဘောတရားမျိုး” ဟု ဖိုးသော်က ဆိုသည်။

နှစ်စဉ် ဧပြီလတွင် ကျင်းပလေ့ရှိသော မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် ပိတောက်ပန်းပွင့်သည့် တန်ခူးလတွင် ကျင်းပခြင်းဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ရေဖြင့်ပက်ဖြန်းကစားသည့်အပြင် သင်္ကြန်ယိမ်းများဖြင့် ကပြဖျော်ဖြေခြင်း၊ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်၊ လက်သည်းညှပ် ကုသိုလ်ပြုခြင်း၊ စတုဒီသာ မုန့်လုံးရေပေါ်၊ ရွှေရင်အေး စသည့် စားသောက်ဖွယ်ရာများ ကျွေးမွေးဧည့်ခံခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။

“သင်္ကြန်မှာ ကျွန်တော်က မိသားစုနဲ့ပဲ ရှိတာများတယ်။ ကျွန်တော့်တူတွေ တူမတွေ၊ ပြီးတော့ ကျွန်တော့် အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့ကလေးတွေလည်း ပျော်ရအောင်၊ ကိုယ်မိသားစုလည်း သင်္ကြန်ကို ကြည့်လို့ရအောင်လို့ဆိုပြီးတော့ အိမ်နားပတ်ဝန်းကျင်မှာပဲ ကားပေါ်မှာ တိုင်ကီတင်ပြီးတော့ လျှောက်ပတ်တယ်။ မဏ္ဍပ်တွေ ကြည့်တယ်။ ကားပေါ်က
တိုင်ကီထဲမှာ ရေခဲရေထည့်ပြီး ဆော့တယ်ပေါ့နော်။ အပြင်တွေဘာတွေတော့ သိပ်မထွက်ဖြစ်ဘူး။ မဏ္ဍပ်တွေ ဘာတွေက သူငယ်ချင်းတွေအတင်းခေါ်ရင်တော့ ခဏတဖြုတ်သွားထိုင်ဖြစ်တယ်။ ဒီလောက်ပါပဲ” ဟု ဖိုးသော်က ပြောပြခဲ့သည်။

မြန်မာတို့၏ သင်္ကြန်ပွဲတော်သည် ထိုင်းတို့၏ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား တို့၏ ချိုချနန်သမေး (Chol Chnam Thmey)၊ လာအိုတို့၏ ဘီးမိုင် (Bpee Mai) နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင်လူမျိုးတို့၏ ရေသဘင်ပွဲ စသည့် နှစ်သစ်ကူးပွဲတော်တို့နှင့် တစ်ခုတည်းသော ရင်းမြစ်မှ ဆင်းသက်လာခဲ့သည့်ပွဲတော်လည်း ဖြစ်သည်။ “ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ”သင်္ကန္တ”၊ သက္ကတဘာသာ”သြင်္ကန္တ”တို့ကို တိုက်ရိုက် မြန်မာမှုပြု၍ “သင်္ကြန်”ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

ဆက်လက်ပြီး ဖိုးသော်က “ဒီနှစ်သင်္ကြန်လည်း ရန်ကုန်မှာပဲ။ ဘာမှ အထွေအထူးမရှိဘူး။ ကျွန်တော်က အိမ်မှာရှိတဲ့ကားနဲ့ပဲ ရပ်ကွက်ထဲကမဏ္ဍပ်တွေ ကြည့်ချင်ပြုချင်တဲ့သူတွေရှိရင် ကားမောင်းပြီးပို့ပေးတယ်။ ပြီးရင် အရင်နှစ်တွေကလိုပဲ ကားပေါ်မှာ တိုင်ကီလေးတင်ပြီးတော့ ရေခဲရေလေးဖြည့်။ ပြီးတာနဲ့ အဆင်ပြေတဲ့နေရာ၊ ရေလွယ်တဲ့နေရာမှာ ရပ်ပြီးတော့ ရေပက်မယ်။ ပြီးရင် ပြန်နားမယ်။ ထွက်ချင်ရင် ထွက်မယ်။ မထွက်ချင်ရင် မထွက်ဘူး”ဟု ဆိုခဲ့သည်။

မြန်မာနိုင်ငံသားမှန်လျှင် သင်္ကြန်တွင် စိတ်ပျော်ရွှင်သည့်ခံစားမှုကိုရရှိကြမည် ဖြစ်သလိုသင်္ကြန်နှင့် ပတ်သက်သည့် မမေ့နိုင်ဖွယ်ရာ ဖြစ်ရပ်များစွာလည်း ရှိခဲ့မည် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များထဲတွင် ဖိုးသော် ငယ်စဉ်ကအမှတ်တရဖြစ်ရပ်များလည်း ပါဝင်နေသည်။ ဖိုးသော်က ၎င်းဘဝတွင် အမှတ်အရဆုံးသင်္ကြန်ဖြစ်ရပ်တစ်ခုအဖြစ် ငါးနှစ်-ခြောက်နှစ်သားအရွယ်က ဖြစ်ခဲ့သော ဖြစ်ရပ်လေး တစ်ခုကို ပြန်ပြောင်း ပြောပြခဲ့သည်။

“ကျွန်တော် ငယ်ငယ်တုန်းကတော့ ငါးနှစ် ခြောက်နှစ်ဝန်းကျင်လောက်မှာ မန္တလေးမှာနေတုန်း အချဉ်ပေါင်းသည်ကို ရေအရမ်းလောင်းချင်လို့ဆိုပြီး အိမ်ထဲကထွက်ပြီးတော့ လောင်းခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်ကလည်း လမ်းပေါ်မထွက်ရဘူး။ အိမ်ရှေ့ကလာတဲ့သူလောက်ပဲ လောင်းရတာ။ ဘယ်သူမှမလာတော့ နောက်ဆုံး အချဉ်ပေါင်းသည်လာတော့ လောင်းချင်လို့ဆိုပြီး အိမ်ထဲက ရေပုံးကြီးနဲ့ အသည်းအသန်ပြေးပြီးပက်လိုက်တာ ရေပုံးကလက်ကလွတ်ထွက်သွားပြီး သူ့ကျောကုန်းသွားမှန်တယ်။ သူလည်း အင်္ကျီပြဲပြီးတော့ ကျောကုန်းမှာအစင်းကြောင်း အကြီးကြီး ဖြစ်သွားတယ်”ဟု ဖိုးသော်က ပြောပြခဲ့သည်။

အချဉ်ပေါင်းသည်သည် ယင်းဖြစ်ရပ်ကြောင့် အလွန်အမင်း ဒေါသထွက်ခဲ့သော်လည်း သူ့ကို ရေပက်သူမှာ ကလေးဖြစ်နေသဖြင့် မည်သို့မျှ တုံ့ပြန်မှုမပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ဖိုးသော် ခမျာလည်း စုတ်ပြဲသွားသည့် အင်္ကျီအနွမ်းလေးနှင့် တကိုယ်လုံးရွှဲရွှဲစိုနေသော အချဉ်ပေါင်းသည်ကို ကြည့်ရင်းများစွာ စိတ်မကောင်းဖြစ်ခဲ့ဖူးသည်ဟု ပြန်လည်ဖွင့်ဟပြောပြခဲ့သည်။

သင်္ကြန်ကာလတွင်း ဥပုသ်သီလ ဆောက်တည်ကာ တရားဘာဝနာပွားများသူများရှိသကဲ့သို့ ရေပက်ခံသူ၊ ရေလောင်း ရေပက်သူများနှင့်လည်း စည်ကားလှသည်။ ကိုယ်လေးလက်ဝန်နှင့် မပေါ့မပါး အမျိုးသမီးများ၊ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများနှင့် ဘာသာရေး ပုဂ္ဂိုလ်များ(ဘုန်းကြီး၊ ရဟန်း၊ သီလရှင်၊ ဥပုသ်သည်) ကို ရေပက်ခြင်းမှ ရှောင်ကြဉ်ကြသည်မှာ ချစ်စရာကောင်းသည့် မြန်မာ့ဓလေ့တစ်ခု ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ နှစ်သစ်ဆုတောင်းတွေ ဆုတောင်းပေးတယ်။ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးတယ်။ ခြေသည်းလက်သည်း ညှပ်ပေးတယ်။ နှစ်သစ်ကူးကို ဒီလို ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ ဖြတ်သန်း ကြတယ်။ ရေလောင်းရင်တောင်မှ ရေပက်တာ မျိုးထက် သေချာခွင့်တောင်းပြီးတော့ အမွှေးနံ့သာတွေထည့်ပြီး ယဉ်ယဉ်ကျေးကျေး လောင်းတာ။ အဲဒီလို ပုံစံမျိုးနဲ့ ကျွန်တော်တို့ နှစ်သစ်ကို ကြိုဆိုတာကမှ မြန်မာ့ရိုးရာသင်္ကြန်အစစ်ပါ”ဟု ဖိုးသော်က ဆိုသည်။

ONE Championship ၏ ဖယ်သာဝိတ်တန်းတွင် ကစားနေသူ ဖိုးသော်သည် လက်ရှိအချိန်တွင် စုစုပေါင်း ပြိုင်ပွဲ (၈) ပွဲ ထိုးသတ်ရာ တစ်ပွဲသာ ရှုံးနိမ့်ထားပြီး (၇) ပွဲ အနိုင်ရထားသူ ဖြစ်သည်။ ယင်း (၇) ပွဲတွင်လည်း (၆) ပွဲကို အလဲထိုး/ ဒိုင်ပွဲရပ် ရလဒ်များဖြင့် အနိုင်ယူထားသူ ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top