Vitaly Bigdash ၏ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ် ကာကွယ်နိုင်မှုစံချိန်ကို ချိုးဖျက်တော့မည့် အောင်လအန်ဆန်

Vitaly-Bigdash-ADUX4098-e1490964471495.jpg

ONE Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို နှစ်ကြိမ်တိုင်တိုင် ကာကွယ်ထားနိုင်ခဲ့သည့် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ရုရှားနိုင်ငံသား
Vitaly Bigdash ၏ ချန်ပီယံကာကွယ်ထားနိုင်မှုစံချိန်ကို မကြာမီ ချိုးဖျက်နိုင်တော့မည်ဖြစ်သည်။

အသက် (၃၄) နှစ် အရွယ်ရှိပြီ ဖြစ်သော Bigdash သည် ၎င်း၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ရက်ပေါင်း (၆၃၃) ရက်တိတိ ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE: Light of a Nation ပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်ကိုရှုံးနိမ့်ကာ ချန်ပီယံခါးပတ်ဆုကို လွှဲပြောင်းပေးခဲ့ရသည်။

Bigdash နှင့် အောင်လအန်ဆန်တို့သည် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် ONE: Quest for Power ပြိုင်ပွဲကြီးတွင် ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီး အဆိုပါပြိုင်ပွဲတွင် Bigdash သည် အမှတ်အဆုံးအဖြတ်ဖြင့် အောင်လအန်ဆန်းကိုအနိုင်ရရှိကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် (၅) လအကြာတွင် အောင်လအန်ဆန်က ထပ်မံစိန်ခေါ်ထိုးသတ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့သည်။

မြန်မာ့ဂုဏ်ဆောင် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လ (၃၀) ရက်နေ့မှစတင်၍ ONE Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စတင်ရရှိခဲ့သည်။ မြန်မာ့စပါးအုံးသည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်လာသူများ၏ လက်မှ နှစ်ကြိမ်တိုင်တိုင်ကာကွယ်ထားနိုင်ခဲ့သည်။

“ဒါဟာ အရမ်းကို ကောင်းမွန်တဲ့ရလဒ်ပါ။ ကျွန်တော်ဟာ Bigdash ရဲ့ မစ်ဒယ်ဝိတ်ခါးပတ် ကာကွယ်တဲ့စံချိန်ကို ချိုးဖျက်တော့မှာပါ။ သူက (၆၃၃) ရက်နဲ့ စံချိန်တင်ထားတာပါ။ ကြားထဲမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့အချိန်တွေလည်း ရှိသေးတယ်” ဟု အောင်လအန်ဆန်က ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် လာမည့် မတ်လ (၂၆) ရက်နေ့တွင် Bigdash ၏ စံချိန်ကိုချိုးဖျက်နိုင်တော့မည်ဖြစ်ပြီး ၎င်းအနေဖြင့် ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို အချိန်အတန်ကြာ ထိန်းသိမ်းထားနိုင်ရန် ရည်မှန်းထားသည်။

လာမည့် မတ်လ (၃၁) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ONE: A New Era ပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်သည် စိန်ခေါ်သူ ဂျပန်နိုင်ငံသား Ken
Hasegawa နှင့် ယှဉ်ပြိုင်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်အနေဖြင့် အဆိုပါပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ပြီး ၎င်း၏ကာကွယ်မှုစံချိန်ကို ကာလရှည် ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ထားသည်။

“ကျွန်တော် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆက်ကာကွယ်ထားနိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။ ဒီလိုယုံကြည်မှုမရှိရင် ဒီပွဲကို ကျွန်တော်ယှဉ်ပြိုင်မှာမဟုတ်ပါဘူး” ဟု အောင်လအန်ဆန်က ပြောသည်။

“ကျွန်တော်အနေနဲ့ စံချိန်တွေအပေါ် အရမ်းကြီးအာရုံစိုက်နေတာမျိုး မရှိပါဘူး။ ကျွန်တော့် ရည်မှန်းချက်ကတော့ ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို အချိန်အကြာကြီး ဆက်လက်ထိန်းသိမ်းသွားဖို့ပါပဲ” ဟု အောင်လအန်ဆန်ကဆိုသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top