မန်ယူကို အပြတ်ချေမှုန်းဖို့ ဘာစီလိုနာအသင်းဖော်တွေကို ပီကေး တိုက်တွန်း

s1.jpg

မန်ယူနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အခွင့်အရေးရခဲ့ရင် မန်ယူကို အပြတ်ချေမှုန်းဖို့ ဘာစီလိုနာအသင်းဖော်တွေကို ပီကေးက တိုက်တွန်းခဲ့ပါတယ်။ မန်ယူမှာ (၄)နှစ်ကြာ ကစားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့တဲ့ ပီကေးအတွက် အိုးထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံး ပြန်ကစားရမယ့်ပွဲစဉ် ဖြစ်ပါတယ်။

မန်ယူဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ပီအက်စ်ဂျီကို (၂) ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမဲ့ အဝေးကွင်းမှာ (၁-၃)ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့ပါတယ်။ ထင်မထားတဲ့ရလဒ်တွေ လုပ်ပြနိုင်တဲ့ မန်ယူအသင်းကို မျှော်လင့်ချက်ငွေ့ငွေ့လေးတောင် ပေးလို့မရဘူးလို့ ပီကေးက သတိပေးထားပါတယ်။

” မန်ယူကို အရှင်ထားခဲ့လို့မရဘူး။ မန်ယူကို ဂိုးသွင်းနိုင်သလောက်သွင်းပြီး အနိုင်ယူရမယ်။ ဘာလို့လဲဆိုတော့ သူတို့က သမိုင်းကြောင်းကြီးတဲ့ ထိပ်တန်းအသင်းဖြစ်နေလို့ပါပဲ။ ကျွန်တော့်အထင်တော့ ပီအက်စ်ဂျီနဲ့ပွဲက အကောင်းဆုံးဥပမာပဲ။ အကယ်ဒမီက လူငယ်ကစားသမား တော်တော်များများ အသုံးပြုခဲ့ရပေမဲ့ ပဲရစ်မြေမှာ နောက်ဆုံးမိနစ်ဂိုးနဲ့ နောက်တစ်ဆင့်တက်အောင် လုပ်ပြနိုင်ခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ ဥပမာပဲ။

ပွဲအစအဆုံး အာရုံစူးစိုက်မှုအပြည့်ရှိဖို့လိုတယ်။ အကောင်းဆုံးခြေစွမ်းရဖို့ လိုတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်ခွင့်ရလိမ့်မယ်၊ သူတို့ကတော့ ရက်ရှ်ဖို့ဒ်၊ လူကာကူတို့လို မြန်ဆန်ပြီး သန်မာတဲ့ ကစားသမားတွေနဲ့ တန်ပြန်တိုက်စစ်ကစားလိမ့်မယ်ထင်တယ်။ ကျွန်တော်တို့ ခံစစ်လုံအောင် ကစားရမယ်။ တည်ကန်ဘောတွေကနေ ဧရိယာထဲ ဖြတ်တင်ဘောတွေကို ဂရုစိုက်ရမယ်။ အင်္ဂလန်အသင်းတွေက အဲဒီလိုအခွင့်အရေးတွေကို အသုံးချဖို့ ကြိုးစားတတ်တယ်။ အာရုံစိုက် ကစားနိုင်ရင်တော့ သူတို့ကို တားဆီးနိုင်မှာပါ”လို့ ပီကေးက ပြောပါတယ်။ ပီကေးဟာ မန်ယူမှာ ကစားခဲ့တုန်းက လက်ရှိမန်ယူနည်းပြ ဆိုးလ်ရှားရဲ့ ကစားသမားဘဝ အဆုံးသတ်ခါနီးမှာ အတူတွဲဖက်ကစားခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top