ONE: DREAMS OF GOLD ပြိုင်ပွဲတွင် အကောင်းဆုံးဖြစ်လာနိုင်သောပွဲကောင်း (၃) ပွဲ

190816-BKK-heroweb.jpg

ONE: DREAMS OF GOLD

လာမည့် ဩဂုတ်လ (၁၆) ရက်တွင် ကျင်းပမည့် ONE: DREAMS OF GOLD ပြိုင်ပွဲတွင် ကမ္ဘာ့ထိပ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သောကြောင့် တွဲဆိုင်းများက ပရိသတ်များအား မယုံကြည်နိုင်စရာကောင်းသောဖျော်ဖြေမှုများပေးစွမ်းတော့မည်ဖြစ်သည်။ ပရိသတ်များ စိတ်ဝင်တစားစောင့်ကြည့်နေသော အဓိကတွဲဆိုင်းဖြစ်သည့် ONE ဖလိုင်းဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲကြီးအပြင် ONE ဖယ်သာဝိတ်တန်း ဂရင်းပရီဆီမီးဖိုင်နယ်တွဲဆိုင်းနှင့် (၁) နှစ်ကျော်ကာလအတွင်း ကြိုးဝိုင်းထဲသို့ ပထမဆုံးအကြိမ်ပြန်လည်ဝင်ရောက်လာသည့် ထိုင်းအားကစားသမား Stamp Fairtex ၏ ပွဲများကို မြင်တွေ့ရမည်ဖြစ်သည်။

အခြားစိတ်ဝင်စားဖွယ်ရာပွဲကောင်းများကိုလည်း အရန်တွဲဆိုင်းများအဖြစ် ထည့်သွင်းထားသောကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့်ပြိုင်ပွဲကြီးတွင် ကမ္ဘာ့ချန်ပီယံများ၊ ထိပ်တန်းအဆင့် စိန်ခေါ်သူများ၊ တက်သစ်စအားကစားသမား များ၏ အရည်အသွေးအမှန်ကို ထုတ်ဖော်ပြသမည့်တွဲဆိုင်းများဖြစ်နေရာ ပရိသတ်များအတွက် စိတ်လှုပ်ရှားပွဲကောင်းများ ဖြစ်နေသည်။ ထိုပြိုင်ပွဲကြီးအားကြည့်ရှုကြမည့် ပရိသတ်များအတွက် လက်လွတ်မခံသင့်သောပွဲကောင်း (၃) ပွဲကို ဖော်ပြလိုက်ပါသည်။

၁။ Savvas Michael Vs Lerdsila Phuket Top Team

ဘန်ကောက်ပရိသတ်များရှေ့မှောက်တွင်ယှဉ်ပြိုင်မည့် ထိုင်းအားကစားသမားသည် “The Art of Eight Limbs” ဟု နာမည်ကြီးသော Lerdsila Phuket Top Team ဖြစ်သည်။ အသက် (၃၈) နှစ်အရွယ် ဖူးခက်မြို့သား Lerdsila Phuket Top Team သည် မွေထိုင်းကမ္ဘာ့ချန်ပီယံဆုကို (၈) ကြိမ်ရရှိဖူးသလို လျှပ်စီးလက်သလိုလျင်မြန်သောလက်သီးထိုးချက်များကြောင့်လည်း နာမည်ကြီးသူဖြစ်သည်။

ပေါ့ပါးလျင်မြန်လှသော Lerdsila သည် တိုက်စစ်ဆင်ထိုးသတ်ရာတွင်လည်း ပြင်းထန်အားပါသောလက်သီးထိုးချက်များဖြင့် ပြိုင်ဘက်များအားပြိုလဲစေနိုင်သူဖြစ်သည်။ Lerdsila Phuket Top Team နှင့် ရင်ဆိုင်မည့်သူက WBC မွေထိုင်းကမ္ဘာ့ချန်ပီယံ Savvas “Baby Face Killer” Michael ဖြစ်သည်။

ဆိုက်ပရပ်စ်နိုင်ငံသား Michael သည် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ထိုးသတ်လေ့ရှိသူဖြစ်ပြီး မည်မျှအန္တရာယ်များသနည်းဆိုသည် ကို ၎င်းယှဉ်ပြိုင်ထိုးသတ်ခဲ့သောပြိုင်ပွဲများကသက်သေပြနေသည်။ လက်ဖျားခါလောက်သောတိုက်ရည်ခိုက်ရည်ဖြင့် ယှဉ်ပြိုင်ကြမည့်တွဲဆိုင်းဖြစ်ပြီး အကယ်၍ မည်သူကမှ စောစောစီးစီးပွဲမဖြတ်နိုင်လျှင် ဒိုင်အဆုံးအဖြတ်ခံယူရမည့်ပွဲဖြစ်သည်။

၂။ Kotetsu Boku Vs Thanh Le

ဂျပန်ဝါရင့်အားကစားသမား Kotetsu “No Face” Boku သည် ကြိုးဝိုင်းအလယ်တွင် တိုက်စစ်ချင်းအပြိုင်အဆိုင် ထိုးသတ်ရ သည်ကိုနှစ်သက်သူဖြစ်သလို မည်သည့်ပြိုင်ဘက်မျိုးကိုမဆိုရင်ဆိုင်ယှဉ်ပြိုင်ရဲသူဖြစ်သည်။ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဟောင်း Boku သည် ဘန်ကောက်တွင် Thanh Le နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အသက် (၃၄) နှစ်အရွယ် ဗီယက်နမ်-အမေရိကန်ကပြား Thanh Le သည် ၎င်း၏ ကစားသမားဘဝတစ်လျှောက် ပိုင်ဆိုင်ထား သောနိုင်ပွဲများကို အလဲထိုးခြင်း သို့မဟုတ် ဒိုင်ပွဲရပ်အနိုင်ရခြင်းဖြင့်သာရယူထားခြင်းဖြစ်ပြီး ပရိသတ်အကြိုက် ကစားသမားကောင်းတစ်ယောက်လည်းဖြစ်သည်။

နှစ်ဦးစလုံးမှာ မရပ်မနားတိုက်စစ်ဆင်ထိုးသတ်ကြသူများဖြစ်ရာ ၎င်းတို့၏ ဖယ်သာဝိတ်တန်းတွဲဆိုင်းက ပွဲသိမ်းခေါင်းလောင်း မတီးခင် တစ်ဦးဦးလဲကျရှုံးနိမ့်မှုဖြစ်နိုင်ပြီး အလွန်အံ့အားသင့်စရာကောင်းပေလိမ့်မည်။

၃။ Muangthai PK.Saenchaimuaythaigym Vs Kenta Yamada

“Elbow Zomie” Muangthai PK.Saenchaimuaythaigym သည် အလဲထိုးနိုင်ပွဲရှာဖွေရန် ကြိုးဝိုင်းအတွင်းဝင်ရောက်လာချိန်တွင် Impact Arena အားကစားရုံတစ်ခုလုံး အော်ဟစ်အားပေးသံများဖြင့်ဆူညံသွားမည်ဖြစ်သည်။ ဘူရီရမ်မြို့သား Muangthai သည် စည်းကမ်းတကျယှဉ်ပြိုင်တတ်သူဖြစ်သလို ပရိသတ်အကြိုက်ထိုးလုံးသတ်ကွက်များရှိသူဟုလည်းထင်ရှားသည်။

“Elbow Zombie” ဟု အမည်ပြောင်ပေးထားသည့် ၎င်း၏ တံတောင်ရိုက်ချက်များမှာ ပြင်းထန်အားပါလွန်းပြီး ထိမှန်သူတိုင်းအတွက် အန္တရာယ်များလွန်းလှသည်။ အသက် (၂၅) နှစ်အရွယ် Muangthai သည် မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်ကို (၃) ကြိမ်တိုင်တိုင်ရယူထားသလို တိုက်စစ်ဗျူဟာပိုင်းတွင်လည်းကျွမ်းကျင်မှုအပြည့်ရှိသူဖြစ်သည်။

သို့သော် ၎င်းရင်ဆိုင်ရမည့် ဂျပန်အားကစားသမား Kenta Yamada ကလည်း WBC မွေထိုင်းဂျပန်ချန်ပီယံဖြစ်နေသောကြောင့် အလွယ်တကူ အနိုင်ရနိုင်ခြေ ရှိပါ။ တိုကျိုမြို့သား Yamada သည် အတွေ့အကြုံရင့်ကျက်သူဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ONE Super Series ပြိုင်ပွဲတွင် လစ်ယူရေးနီးယားအားကစားသမား Deividas Danyla ကို လက်ရည်အသာစီးဖြင့်ထိုးသတ်ကာ ဒိုင်လူကြီး (၃) ဦးအနက် (၂) ဦး ၏ အနိုင်ပေးမှုနှင့်နိုင်ပွဲရခဲ့သည်။ ဘင်တန်ဝိတ်တန်း မွေထိုင်းတွဲဆိုင်းအဖြစ်ယှဉ်ပြိုင်ရာတွင် အိမ်ရှင်ထိုင်းအားကစားသမား Muangthai ကို အလဲထိုးအနိုင်ယူသွားမည်ဟု Yamada ကကတိပေးထားသည်။

ONE: Dream of Gold ပြိုင်ပွဲကို လာမည့် ဩဂုတ်လ (၁၆) ရက်နေ့ ညနေ (၅) နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ONE Championship ၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ဒေါင်းလုပ်ပြုလုပ်၍ ကြည်ရှုနိုင်ပါသည်။ အလားတူ Skynet Sport 3 မှလည်း မြန်မာစံတော်ချိန် ည (၈) နာရီအချိန်တွင် အဓိကတွဲဆိုင်းများကို တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

Ref: ONE Championship

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top