“သာကေတနဲ့ ပုဇွန်တောင်ကိုချိတ်ဆက်ပေးထားတဲ့ သာကေတ(ဒေါပုံ) တံတားအသစ်ကြီး ဘယ်လောက်တောင် ကောင်းလိုက်သလဲဗျာ…လမ်းမကြီးကိုဖြောင့်လို့ ကျယ်ကျယ်ဝန်းဝန်းနဲ့ အရင်ကလိုမျိုး ကားလမ်းပိတ်တဲ့ ပြဿနာတွေ မရှိတော့ဘူးနော်”
ဒီစကားတွေကို ကျွန်တော်တို့ အပြင်လောကမှာရော ဖေ့စ်ဘွတ်ခ် စတဲ့ ဆိုရှယ်မီဒီယာတွေမှာရော မကြာခဏဆိုသလို ကြားနေရပါတယ်။ ပြောနေကြသလိုပဲ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး နေ့ချင်းညချင်းမှာ တံတားကြီးကို အခိုင်အမာတည်ဆောက်ထားတာပါ။ ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတဲ့အပြင် တံတားသစ်ကြီးကို အခုလိုမျိုး ဂုဏ်ယူဝင့်ကြွားစေတဲ့နောက်ကွယ်က အကြောင်းအရင်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ သန့်ရှင်းမှုပါ။ တံတားကို ဘယ်လောက်ပဲ အကုန်ကျခံပြီး အခိုင်အမာဖြစ်အောင် ဆောက်လုပ်ထားပါစေ သန့်ရှင်းသပ်ရပ်မှုမရှိဘဲ ပြီးစီးသွားမယ်ဆိုရင် အခုလိုမျိုး သတင်းကောင်းတွေ ချီးကျူးစကားတွေ ထွက်လာစရာမရှိပါဘူး။ တံတားအသစ်မို့ လောလောဆယ် သန့်ပြန့်နေတာမျိုးမဟုတ်ဘဲ အခုလိုမျိုး အမြဲတမ်း အမှိုက်သရိုက်မရှိဘဲ သန့်ရှင်းနေမယ်ဆိုရင် ဒီတံတားကြီးရဲ့ သတင်းက အမြဲတမ်း သင်းပျံနေအုံးမှာပါ။
ရန်ကုန်မြို့ရဲ့ လမ်းမတော်တော်များများက ကွမ်းတံတွေးတွေနဲ့ ရုပ်ဆိုးလှပါတယ်။ စားပါ။ ဒါပေမဲ့ ကွမ်းတံတွေးကို တွေ့ကရာမှာတော့ မထွေးစေချင်ပါဘူး။ ကျွန်တော်တို့နေထိုင်ကြတဲ့ ရပ်ကွက်၊ မြို့၊ နိုင်ငံကို သာယာလှပဖို့ဆိုတာ ကျွန်တော်အပါအဝင် နိုင်ငံသားအားလုံးမှာ တာဝန်ကိုယ်စီရှိပါတယ်။ စည်းကမ်းဆိုတာ လူရဲ့ တန်ဖိုးပါ။ ဒီစကားလေးနဲ့ ပတ်သတ်ပြီးတော့ စာဖတ်သူတွေကို ကျွန်တော်ကြူံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခု ပြန်လည်ဝေမျှပေးချင်ပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ရန်ကုန်မြို့ထဲက နေရာတစ်နေရာမှာ ကျင်းပတဲ့ နိင်ငံရပ်ခြားအသိအမှတ်ပြုစာမေးပွဲတစ်ခုကို ရောက်သွားခဲ့တယ်။ လာရောက် ဖြေဆိုတဲ့ ကျောင်းသူကျောင်းသားများကလည်း အနည်းဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ သူတွေပဲဖြစ်ကြပါတယ်။ အဝတ်အစားကိုလည်း သတ်မှတ်ထားတာမရှိတဲ့အတွက် ကျောင်းသူကျောင်းသားတွေက ကိုယ်ကြိုက်နှစ်သက်တဲ့ အဝတ်အစားကို လွတ်လွတ်လပ်လပ်ဝင်ဆင်လာကြပါတယ်။ စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားတွေက ဖြေဆိုချိန်မရောက်သေးတဲ့အတွက် ကျောင်းကော်ရစ်ဒါတစ်လျှောက်မှာ စကားပြောသူပြော၊ စာကြည့်သူကြည့်နဲ့ အသီးသီး အလုပ်ရှုပ်နေကြပါတယ်။ ကျွန်တော်လည်း မတ်တပ်ရပ်နေရင်းနဲ့ ကောင်မလေးနှစ်ယောက် လမ်းလျှောက်လာတာကို သတိထားမိလိုက်ပါတယ်။ ကျွန်တော့်အရှေ့နားအရောက်မှာတော့ ကောင်မလေးတစ်ယောက်က သူအသုံးပြုပြီးသား တစ်ရှုးစကို လမ်းမပေါ်ကို လွှင့်ပစ်လိုက်ပြီး ဆက်လျှောက်သွားပါတယ်။ ကျွန်တော် အံ့ဩသင့်နေတဲ့အချိန်မှာပဲ “ဪ လူတွေ လူတွေ ပညာတတ်ပေမဲ့ အသိစိတ်ကတော့ အဆင့်မမြင့်ပါလား” ဆိုတဲ့ အသံတစ်ခုထွက်ပေါ်လာပါတယ်။ ကျွန်တော်လည်း အသံလာရာကိုကြည့်လိုက်တဲ့အခါ သန့်ရှင်းရေးအဒေါ်ကြီးတစ်ယောက်ဖြစ်နေပြီး စောနကမိန်းကလေးပစ်ထားခဲ့တဲ့ တစ်ရှုးစကို ကောက်ယူလိုက်ပြီး အမှိုက်ပုံးထဲကို ထည့်လိုက်ပါတယ်။ ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းကြည့်လိုက်မိတော့ လျှောက်လမ်းတစ်လျှောက်မှာ အမှိုက်ပုံးတွေ ချပေးထားတာတွေ့လိုက်ရပါတယ်။
ဒီအဖြစ်အပျက်လေးတွေ့ကြုံလိုက်ပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲ အသိလေးတစ်ခုဝင်လာမိပါတယ်။ အတန်းပညာတွေတတ်လို့ လူတော်တစ်ယောက်ဖြစ်နေနိင်ပေမဲ့ လူကောင်းတစ်ယောက်ဖြစ်ဖို့ကတော့ ရရှိထားတဲ့ဘွဲ့တွေ၊ ဒီဂရီတွေနဲ့တင် မလုံလောက်ပါဘူး။ အကျင့်စာရိတ္တကောင်းပြီး စည်းကမ်းရှိဖို့ကလည်း လိုအပ်ပါသေးတယ်။ အခြားနိုင်ငံတွေကို အမီလိုက်ဖို့၊ ကျော်တက်ဖို့ဆိုရင် နည်းပညာတွေ တိုးတက်အောင်လုပ်ဖို့ဆိုတာ နောက်ထားလိုက်ပါ။ အရင်ဦးဆုံး နိုင်ငံသားတစ်ဦးချင်းစီက စည်းကမ်းစနစ်ရှိနေဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့မျှော်လင့်ထားတဲ့ သာယာနေပျော်စရာကောင်းတဲ့နိုင်ငံတစ်ခုအဖြစ်ကို အမြန်ဆုံးရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
သင့်ပတ်ဝန်းကျင် အမှိုက်ကင်းစင်ပြီး သာယာလှပနေဖို့ သင့်မှာလည်း အပြည့်အဝတာဝန်ရှိတာကို မမေ့ပါနဲ့။
Paradise (ရိုးရာလေး)