Incarnation (လူဝင်စား)

41382389_1375727669225642_179332300700385280_n.jpg

လူဝင်စား ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးကြမယ်ဆို တမလွန်ဘဝ ရှိ မရှိ ဆိုတဲ့ ပြဿနာက စတင်ရမှာ ဖြစ်ပါတယ်။ အတိတ်ဘဝဆိုတာ အမှန်တကယ် ရှိခဲ့ပါသလား တမလွန် ဘဝ ဆိုသည်ကကော သေလွန်ပြီးနောက်မှာ ရှိနေလိမ့်မလား

လူဝင်စား ဆိုတဲ့အဖြစ်ကကော ဘယလိုဘယ်ပုံ ဖြစ်ပျက်တယ် ဆိုတာကို သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တွေအရ လေ့လာ ကြည့်ကြရအောင်ပါ။

ဦးစွာ တမလွန်ဘဝ တကယ်ရှိ မရှိ ဆိုတဲ့ အကြောင်း လူတွေရဲ့ အမြင်တွေကို လေ့လာကြည့်ပါမယ်။ တမလွန်ဘဝကို ယုံကြည်သူတွေရဲ့အမြင်က-

(၁) ရှေးအဆက်ဆက်က လက်ခံယုံကြည်ခဲ့ကြလို့ ဆက်လက်ယုံကြည်နေကြတာ မျိုးဖြစ်ပါတယ်။

(၂) ယုံကြည်သူတွေထဲမှာ နာမည်ကြီး တွေးခေါ်ပညာရှင်တွေ၊ ဒဿနဆရာတွေ ပါတဲ့အတွက် လိုက်လံယုံကြည်တာမျိုးဖြစ်ပါတယ်။(ပလေတို၊ ဆိုခရေးတိ)

(၃) သဘာဝဖြစ်စဉ်အရမို့ ယုံကြည်တာမျိုးပါ။ နေ့-ည၊ နွေ-မိုး-ဆောင်း၊ စသဖြင့် လည်ပတ်နေတတ်တဲ့ သဘာဝအရ ဖြစ်ပါတယ်။ သေခြင်း ပြီးရင် ရှင်ခြင်း ပြန်လာမယ်ဆိုတဲ့ သံသရာ စက်ဝန်း ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးပါ။

(၄) ကောင်းမှု၊ မကောင်းမှုကိုပြုခြင်းအမှုကြောင့် ယခုဘဝမှာ အကျိုးသက်ရောက်မှုမရှိခဲ့သော် နောက်ဘဝမှာ အကျိုးဖြစ်ထွန်းမယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိနေတာကြောင့် ဖြစ်ပါတယ်။ မိမိပြုခဲ့သမျှ ကောင်းမှုကို ယခုဘဝမှာ မစံစားခဲ့ရတဲ့လူတွေ၊ မကောင်းမှု ပြုခဲ့ပြီး မခံစားခဲ့ရတဲ့လူတွေအတွက် နောက်ဘဝဆိုတဲ့ တရားမျှတမှုက စောင့်ကြိုနေလိမ့်မယ် ဆိုတဲ့ ယုံကြည်မှု ဖြစ်ပါတယ်။

တမလွန်ဘဝ မယုံကြည်သူများရဲ့ အမြင်တွေကတော့-

(၁) ယုတ္တိဗေဒ မကျဘူးဆိုတဲ့ အမြင်ပါ၊ သိပ္ပံပညာနဲ့ချိန်ထိုးပြီး တပ်အပ်မပြောနိုင်တဲ့ ကိစ္စဆိုတော့ မျက်မြင်ကိုယ်တွေ့ မသိမမြင်ရတဲ့အတွက် မယုံကြည်တာပါ။

(၂) ယုံကြည်သူတွေရဲ့ အမြင်ဖြစ်တဲ့ သေဘေးကို ကြောက်ရွံမှု၊ မျက်မှောက်ဘဝ အဆင်မပြေမှုနဲ့ အလိုမပြည့်မှုတွေကို ထောက်ပြပြီး တမလွန်ဘဝဟာ လူတွေရဲ့ ယုံကြည်မှု သက်သက်သာ ဖြစ်တယ်၊ တကယ်ရှိနေမှာ မဟုတ်ဘူး လို့ ယူဆကြတာဖြစ်ပါတယ်။

(၃) တမလွန်ဘဝကို ယုံကြည်ရင် ခေတ်နောက်ကျတယ် ဆိုတဲ့ အမြင်ပါ။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ရှေးရိုးစွဲအမြင်တွေဟာ လက်ခံစရာမရှိ ဘောင်မဝင်တော့ဘူးလို့ ထင်မြင်လာကြတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ၊ ဒဿနပညာရှင်တွေ၊ ခေတ်ပညာတတ်တွေဟာ တမလွန်ဘဝကို ယုံကြည်မှု အင်မတန်နည်းပါးလာတာ တွေ့ရပါတယ်။

တမလွန်ဘဝကို ယုံကြည်သူတွေက လူဝင်စားဆိုတဲ့ ကိစ္စကို ယုံကြည်ကြမှာပါ။ ဒီလိုပဲ မယုံကြည်တဲ့သူတွေလည်း ရှိနေမှာ ဖြစ်ပါတယ်။ မယုံကြည်တဲ့ သိပ္ပံပညာရှင်တွေကိုယ်တိုင် သေသေချာချာ စူစမ်းလေ့လာကြည့်လိုက်တော့လည်း လူဝင်စားကိစ္စဟာ သက်သေသာဓကပေါင်းများစွာနဲ့ မှန်ကန်နေတာကို တွေ့ရပြန်ပါတယ်။ အနောက်နိုင်ငံတွေမှာတင်မကပဲ အရှေ့တိုင်းမှာပါ လိုက်လံစူးစမ်းလေ့လာခဲ့ကြတာပါ။

လေ့လာမှုတွေအရ လူဝင်စားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ဝင်စားတဲ့ အချိန်မတူတာကိုတွေ့ရပါတယ်။ အချို့က လပိုင်းနဲ့ ပြန်ဝင်စားတယ်။အချို့က ၁ နှစ်၊ အချို့ကတော့ နှစ်ပေါင်း ၆၀ လောက်ကြာမှ စသဖြင့်ပေါ့။ စဉ်းစားစရာအချက်က သေပြီးတဲ့အခါ လူရဲ့ နာမ်တရားက ဝိညာဉ်လောကကို ရောက်ရှိသွားပြီး ကျင်လည်နေရပါသလား။ ပြန်လည်ဝင်စားတဲ့အခါ အရင်ဘဝ ဖြစ်ရပ်တွေကိုသာ ပြောပြနိုင်ကြပြီး ကြားကာလအချိန်တွေကို မမှတ်မိတတ်ကြပါဘူး။ အခုလို ဖြစ်ရပ်မျိုးတွေသာ အမှန်တကယ် ဖြစ်နေတယ်ဆိုရင်တော့ တမလွန်ဘဝဆိုတာ တကယ်ရှိနေတယ်လို့ ကျွန်တော်တို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ယေဘုယျကျတာက လူဝင်စားတွေဆိုတာ တမလွန်ဘဝကို ယုံကြည်မှု လွန်ကဲလွန်းတဲ့အစွဲကြောင့် ပြန်လည်ဝင်စားတာမျိုး ဖြစ်နိုင်တယ် ဆိုတဲ့အချက်ပါ။

အခုခေတ် သိပ္ပံပညာဟာ လူသားတွေရဲ့ အတိတ်ဘဝ၊ တမလွန်ဘဝနဲ့ လူဝင်စားဘဝတွေကို ချိန်ထိုး ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။ တစ်ချိန်ချိန်မှာ ဆုံးဖြတ်လာနိုင်လိမ့်မယ်လို့တော့ ခန့်မှန်းရပါတယ်။ သိပ္ပံပညာနဲ့ လက်လှမ်းမမှီတာ မဟုတ်ပါဘူး၊ လက်လှမ်းမမှီသေးတာ ဖြစ်ပါတယ်။ သိပ္ပံပညာကို အလျင်းမယုံကြည်တာ မဟုတ်ပေမဲ့ မိမိသိထားတဲ့ ရှေးရိုးစွဲအမြင်တွေကိုပဲ ပိုမိုယုံကြည်တတ်တဲ့သူတွေအတွက် အချိန်တန်တော့လည်း သိပ္ပံပညာကသာ အနိုင်ရသွားတတ်တာကို အောင့်သက်သက်နဲ့ ခံနေရဆဲပါပဲ။ မိမိတစ်သက်လုံး ယုံကြည်လာတဲ့ ကိစ္စတစ်ခုကို ဘယ်လောက်ပဲ သက်သေခိုင်မာစွာနဲ့ မှားနေပါတယ်လို့ပြောလာပါစေ၊ ယုံကြည်မှုကို စွန့်လွှတ်ဖို့က အတော်လေး ခဲယဉ်းတတ်ပါတယ်။ အတော်လည်း နာကျင်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမှန်တရားဆိုတာက တော်တော်လေး ခါးလို့ပါ။

လူတွေရဲ့စိတ်က ဆန်းကြယ်လှပါတယ်။ လက်ရှိဘဝမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးကြုံနေရတာကိုတောင် နောက်ဘဝကို ထပ်လိုချင်တတ်တယ်။ အစစ အရာရာ ပြည့်စုံနေပါလျက်နဲ့လည်း နောက်ဘဝကို အလိုမရှိသူတွေ ရှိနေတတ်ပြန်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ တစ်ထစ်ချ အမြင်လည်း ရှိတတ်ကြတယ်။ တကယ်တမ်း ကောင်းတာလုပ်ပြီး ကောင်းတာ ဖြစ်မလာတဲ့အခါကျ မချိတင်ကဲ ဖြစ်ကြရတယ်။ အခု ဘဝရဲ့ ကောင်းကျိူး ဆိုးကျိုးဟာ အတိတ်ဘဝနဲ့ (ရှိခဲ့သည်ဆိုလျင်တောင်) ဘာမှ မသက်ဆိုင်တော့ပါဘူး။ ယခုဘဝ ကောင်းမှုပြုခြင်းဟာ နောက်ဘဝအတွက် ရည်ရွယ်ခြင်းဆိုတာကလည်း နားလည်ရခက်လှပါတယ်။ အတိတ်ကိုရော အနာဂတ်အတွက်ကိုပါ ဘာမှ တွေးတောပူပန်မနေဘဲ ပစ္စုပ္ပန်မှာပဲ စိတ်ကိုတည့်တည့်ထားလို့ အကောင်းဆုံးကျင့်ကြံနေထိုင်သင့်ပါကြောင်း…။

Reference :”သေသည်၏အခြားမဲ့၌” “A brief history of time”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top