အဆိုးရွားဆုံး ကွင်းဆက်လူသတ်မှုကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ယုံကြည်ကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့ ပြော

yyl-022-6.jpg

တောင်ကိုရီးယားနိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကွင်းဆက်လူသတ်မှုတွေအတွက် သံသယရှိသူကို ၃၃ နှစ်အကြာမှာ ခွဲခြားဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဆိုးလ်မြို့တောင်ပိုင်းမှာရှိတဲ့ ဟွာဆုန်မြို့ရဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ အမျိုးသမီး(၁၀)ယောက် အသတ်ခံရတဲ့ဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်နိုင်ဖို့အတွက် ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်ကြားကာလအတွင်း ရဲတပ်ဖွဲ့ဝင် (၁.၈)သန်းအထိ ပါဝင်လှုပ်ရှားခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ လူ ၂၁၀၀၀ ကို စစ်ဆေးမေးမြန်းခဲ့ပြီး လက်ဗွေရာ ၂၀၀၀၀ နီးပါးကို နှိုင်းယှဉ်စစ်ဆေးခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ပါဘူး။ ၂၀၀၃ ခုနှစ်က ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့ Memories of Murder ဇာတ်ကားက ဒီဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးခဲ့တာပါ။

DNA ကို ပြန်ဖော်ထုတ်နိုင်တဲ့ နောက်ဆုံးပေါ် မှုခင်းစစ်ဆေးရေးနည်းပညာတွေ အသုံးပြုပြီး စစ်ဆေးချိန်မှာတော့ အသက်(၅၆)နှစ်ရှိတဲ့ လီချွန်ဂျေက အနည်းဆုံး လူသတ်မှု(၃)ခုအတွက် သံသယရှိသူဖြစ်နေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အသတ်ခံရသူတစ်ယောက်ရဲ့ အတွင်းခံဘောင်းဘီ အပါအဝင် သက်သေအထောက်အထားတွေကနေ တွေ့ရတဲ့ နမူနာအပိုင်းအစတွေဟာ လီချွန်ဂျေရဲ့ DNA နဲ့ တူညီနေတယ်လို့ ဂျောင်ဂျီနမ်ဘူပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိ ဘန်ဂီဆိုးက ပြောပါတယ်။

လီချွန်ဂျေဟာ ၁၉၉၄ ခုနှစ်က ခယ်မဖြစ်သူကို အဓမ္မကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ပြစ်မှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသူပါ။ ဟွာဆုန်မြို့က လူသတ်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘူးလို့ လီချွန်ဂျေက ငြင်းဆန်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ (၂၅)နှစ်ကျော်လွန်သွားတဲ့ အခင်းဖြစ်စဉ်တွေအတွက် စွဲချက်တင်နိုင်ခြင်းမရှိပါဘူး။ အဲဒါကြောင့် လွန်ခဲ့တဲ့ (၃၃)နှစ်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်တွေအတွက် လီချွန်ဂျေက စွဲချက်တင်နိုင်ခြင်းမရှိပါဘူး။ ”သမိုင်းပေးတာဝန်ရှိတယ်ဆိုတဲ့ အသိနဲ့ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ ဘန်ဂီဆိုးက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top