ပြင်သစ်နိုင်ငံ အိမ်ခေါင်မိုးပေါ်မှာ လျှောက်သွားနေတဲ့ သစ်နက်တစ်ကောင်ကို ဖမ်းဆီးခဲ့ရ

yyl-021-6.jpg

ပြင်သစ်နိုင်ငံက အိမ်ခေါင်မိုးတစ်ခုပေါ်မှာ လျှောက်သွားနေတဲ့ သစ်နက်သားပေါက်တစ်ကောင်ကို အရေးပေါ်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အာမန်တီရက်စ်ဒေသရဲ့ ဒုတိယထပ် ခေါင်မိုးပေါ်မှာ သစ်နက်သားပေါက်က လျှောက်သွားနေပြီး အချိန်တစ်နာရီလောက်ကြာတဲ့အထိ ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ဝင်လိုက်၊ ထွက်လိုက်လုပ်နေတာကို အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက အံ့သြတကြီး ငေးကြည့်ခဲ့ကြပါတယ်။

တကယ်လို့ သစ်နက်က ခုန်ထွက်လာရင် တားဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က အဲဒီနေရာတစ်ဝိုက်ကို ကာရံခဲ့ပြီး သစ်နက် လန့်မသွားအောင် ကယ်ဆယ်ရေးသမားတွေက အဆောက်အအုံထဲ တဖြည်းဖြည်းချင်း ဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သစ်နက်ကို မေ့ဆေးမြားနဲ့ပစ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ အလေးချိန်(၄၅)ပေါင်နီးပါးရှိတဲ့ သစ်နက်ဟာ (၅)လ ဒါမှမဟုတ် (၆)လသားအရွယ်ရှိပြီး လာဘရာဒေါခွေးငယ်တစ်ကောင်နီးပါး ရှိပါတယ်။

အဲဒီသစ်နက်ကို လူတစ်ဦးက မွေးထားတာဖြစ်ပြီး ရန်မမူတတ်သလို လက်သည်းတွေကိုလည်း ညှပ်ပေးထားတယ်လို့ ဆိုပါတယ်။ သစ်နက်ကို ဖမ်းဆီးပြီးချိန်မှာ လှောင်အိမ်ထဲထည့်ပြီး အစိုးရသားရဲတိရစ္ဆာန်အရာရှိတွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။ သူတို့ကနေတစ်ဆင့် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ထံ ပို့ဆောင်ခဲ့ပါတယ်။ အခြားအန္တရာယ်ဖြစ်စေနိုင်တဲ့အကြောင်းသတိပေးစကားပြောပြီး သစ်နက်ကို ဘယ်နေရာကနေ ဖမ်းဆီးလာတာလဲလို့ မေးခွန်းထုတ်ဖို့အတွက် ပြင်သစ်နိုင်ငံအာဏာပိုင်တွေက သစ်နက်ရဲ့ပိုင်ရှင်ကို ရှာဖွေနေပါတယ်။ သစ်နက်လိုအန္တရာယ်ရှိနိုင်တဲ့ သတ္တဝါတွေကို တိရစ္ဆာန်ရုံမှာပဲ ထိန်းသိမ်းခွင့်ရှိတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top