ကျေးလက်ကျန်းမာရေးဌာန ၂ခုအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား

Ooredoo-Healthcare-Bulding-DweHla-_-Ribbon-Cutting.jpg

အူရီဒူးမြန်မာသည် မန္တလေးတိုင်းဒေသကြီး၊ ရေဝန်းကျေးရွာ နှင့် ဒွေးလှကျေးရွာတွင် ဆောက်လုပ်ပြီးစီးသွားသော ကျေးလက်ကျန်းမာရေးဌာနများအား တာဝန်ရှိသူများထံသို့ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်၊ မန္တလေးတိုင်းဒေသကြီးရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UNOPS မှ ကိုယ်စားလှယ်များ နှင့် ပြည်သူလူထုများ တက်ရောက်ခဲ့သည်။ ယခု ကျေးလက်ကျန်းမာရေးဌာန ၂ ခုသည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြစ်သားမြို့နယ်၊ ရေဝန်းကျေးရွာ နှင့် ကျောက်ဆည်မြို့နယ်၊ ဒွေးလှကျေးရွာ များတွင် တည်ရှိသည့် အတွက် အဆိုပါဒေသများနှင့် အနီးတဝိုက်ရှိ အိမ်ထောင်စုပေါင်း ၁၂,၀၀၀ မှ ပြည်သူ ၆၀,၀၀၀ နီးပါး အနေနှင့် ယခုအချိန်တွင် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများအား ရရှိသွား နိုင်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီမျှသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ – ၂၀၃၀) အရ နိုင်ငံ၏ အခြေခံ အဆောက်အအုံ ပိုင်းဆိုင်ရာ လိုအပ်ချက်များအား ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များအပေါ် သက်ရောက်မှု ရှိနိုင်မည် ဖြစ်သည်ဟု ဖော်ပြထားသည်။ သို့ဖြစ်၍ အဆိုပါ စီမံကိန်းအား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ခုနှစ်တွင် အူရီဒူးမြန်မာသည် ကျေးလက်ကျန်းမာရေးဌာနခွဲများအား ကုလသမဂ္ဂ၏ စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ (၃.၁)သန်းကိုပံ့ပိုးပေးပြီး UNOPS နှင့် စတင်လက်တွဲဆောင်ရွက်ခဲ့ပါသည်။ ဆောက်လုပ်ပြီးစီးသွားသော ကျေးလက်ကျန်းမာရေးဌာနခွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး ကျွမ်းကျင်သော ပညာရှင်များ နှင့် ဆေးပစ္စည်းအထောက်အပံ့များထားရှိပြီး ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် UNOPSနှင့် လက်တွဲလုပ်ဆောင်လျက်ရှိသည့် ပုဂ္ဂလိက အဖွဲ့အစည်းများအနက် ကမ္ဘာ့ ပထမဦးဆုံး အပြည့်အဝ ငွေကြေးထောက်ပံ့ထားသည့် ပူးပေါင်းဆောင်ရွက်မှု အဖြစ် အသိအမှတ်ပြုရပ်တည်လျှက် ရှိနေပါသည်။

အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲများသည် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေးအား ကူညီစောင့်ရှောက်ပေးရန် အဓိက လုပ်ဆောင်သွားမည် ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးအား ရေရှည် ကူညီမြှင့်တင်ပေးသွားရန် ဟူသည့် အူရီဒူးမြန်မာ၏ ရည်ရွယ်ချက်ကိုလည်း ဤစီမံကိန်းမှ ကူညီပေးသွားနိုင်မည် ဖြစ်သည်။
“အူရီဒူးမြန်မာစတင်ဝန်ဆောင်မှုပေးအပ်ခဲ့တဲ့ ၂၀၁၄ခုနှစ်က စတင်ပြီး ကျွန်တော်တို့ အနေနဲ့ ဒီဒေသတွေအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအတွက် ပိုမို ကောင်းမွန်တဲ့ ဘဝတွေ၊ အနာဂတ်တွေကို ဖန်တီးပေးအပ်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အညီ အမှန်တကယ်ကို လိုအပ်နေတဲ့ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဌတွေကို အဓိကထား ပံ့ပိုးပေးခဲ့ပါတယ်။

အခုလွှဲပြောင်းပေးအပ်တဲ့ ကျန်းမာရေးဌာန ၂ခုဟာ အရင်က လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဌာနခွဲ ၁၉ခုနဲ၌ မတူဘဲ အနည်းငယ် ထူးခြားလှပါတယ်။ ဘာကြောင့်လဲဆိုရင် ကျေးလက်ကျန်းမာရေးဌာနအဆင့် ဖြစ်ပြီး လူဦးရေအရေအတွက် များများကို ကျန်းမာရေးဝန်ဆောင်မှု အမျိုးအစားစုံလင်စွာဖြင့် ပေးအပ်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ကျန်းမာရေးကောင်းမွန်တဲ့ ပြည်သူလူထုအင်အားကို ပိုင်ဆိုင်ထားမှသာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုအသိုင်းအဝန်း ဖွံ့ဖြိုးတိုးတက်မှု ပိုင်းဆိုင်ရာမှာ ပိုမို အားကောင်းလာအောင် ကူညီထောက်ပံ့ပေးသွားနိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထား ပါတယ်။”ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top