တေလာဆွစ်ဖ်နဲ့ ပြန်လည် သင့်မြတ်သွားပြီဖြစ်တဲ့ ကေတီပယ်ရီ

taylor-swift-katy-perry.jpg

လက်ရှိခေတ် ဆယ်လီ အကျော်အမော်တွေကတော့ တစ်ဦးနဲ့တစ်ဦး အဆင်မပြေဖြစ်ပြီး နောက်ပိုင်း တစ်ယောက်ကို တစ်ယောက် ပြန်တောင်းပန်ကြခဲ့ကြရင်တောင် လူသိရှင်ကြား ထုတ်ဖော်ကြတာ ရှားလှပါတယ်။ သူတို့ချင်းသာ တိတ်တိတ်လေး အဆင်ပြေသွားတာ သာရှိမယ်။ လူတွေဆီက စိတ်ဝင်စားမှု တိုးရအောင် ပရိသတ်တွေကို ဇာတ်မျောကြီးအတိုင်း ထားလေ့ရှိကြပါတယ်။

လတ်တလောမှာတော့ တေလာဆွစ်ဖ် (Taylor Swift ) ကို ပြန်လည်တောင်းပန်ခဲ့တဲ့ ကေတီပယ်ရီ (Katy Perry) ရဲ့ အပြုအမူကတော့ ကေတီကို အားပေးကြတဲ့ လူငယ်လူကြီးမရွေး ပရိသတ်တွေအတွက် သူ့အပေါ်  ဂုဏ်ယူစရာ၊ အချစ်တိုးစရာ ဖြစ်ခဲ့ပါတယ်။ ကေတီနဲ့ တေလာဆွစ်ဖ်တို့ကို ဟိုးအရင်ကတည်းက ဆုပေးပွဲတိုင်းမှာ အတူတူ တပူးပူးတတွဲတွဲနဲ့ တွေ့ရတတ်ပြီး သူငယ်ချင်းကောင်းတွေအဖြစ် အားလုံးက ယူဆထားခဲ့ကြပါတယ်။ တေလာရဲ့ ကေတီအကြောင်း ရှုံ့ချထားတဲ့သီချင်း “Bad Blood” ထွက်လာတဲ့အချိန်မှာတော့ သူနဲ့ ကေတီတို့အကြား အရင်လို မဟုတ်တော့ဘဲ အဖုအထစ်တွေ ဖြစ်နေခဲ့ကြောင်း ပရိသတ်တွေ ရိပ်စားမိပြီး စိတ်မသက်မသာ ဖြစ်ခဲ့ကြရပါတယ်။

သူတို့ကြား ပြဿနာဖြစ်ခဲ့ပုံက ဒီလိုပါ။ တေလာရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေလုပ်တော့ ကေတီရဲ့ ဖျော်ဖြေပွဲ အကသမားတွေကို ငှားရမ်းခဲ့တယ်။ ကေတီလည်း ဖျော်ဖြေပွဲ ပြန်စလုပ်ရော အကသမားတွေဟာ တေလာရဲ့ ကမ္ဘာလှည့်ပွဲတွေကနေ ဆိုင်းမဆင့် ဗုံမဆင့် ထွက်သွားပြီး ကေတီရဲ့ပွဲမှာ သွားကပေးခဲ့ကြပါတယ်။ ဒီမှာ တေလာအတွက် အတော်လေး ဒေါသထွက်စရာ ဖြစ်ခဲ့ရပြီး ကေတီကို သီချင်းနဲ့ ရေးသားစောင်းမြောင်းခဲ့တဲ့ အထိပါပဲ။

အခုချိန်မှာတော့ အားလုံးအဆင်ပြေသွားလို့ ပျော်စရာ ဖြစ်ရပါပြီ။ တေလာဟာ အင်စတေဂရမ်မှာ ဗီဒီယိုလေးတစ်ခု တင်ခဲ့ပါတယ်။ ဒီ ဗီဒီယိုလေးကနေ မြင်ခဲ့ရတာက ကေတီက တေလာဆီ သေချာပို့ပေးခဲ့တဲ့ သံလွင်ခက် တစ်ခက်နဲ့ တောင်းပန်ကြောင်း စာတိုလေး တစ်စောင်ပါ။ တေလာက ဒီသံလွင်ခက်လေး နဲ့ စာတိုလေးဟာ သူ့အတွက် အတော်လေး အဓိပ္ပါယ်ရှိကြောင်း၊ ဝမ်းမြောက်ရကြောင်း ပြောခဲ့တယ်။

သံလွင်ခက်ရဲ့ အဓိပ္ပါယ်က အားလုံးသိတဲ့အတိုင်း ငြိမ်းချမ်းခြင်း သဘောကို ဆောင်ပါတယ်။ စာထဲမှာ ကေတီက “ငါ့ရဲ့သူငယ်ချင်း အဟောင်းကြီးရေ … ငါတို့ကြား အထင်လွဲမှားမှုတွေ ရှိခဲ့တာကို မေ့ဖျောက်ပစ်လိုက်ရအောင်လား။ ငါ့အမှားတွေကို ပြန်သုံးသပ်မိပါတယ်။ ငါလည်း ဝမ်းနည်းရပါတယ်။ နင်နဲ့သာ ပြန်အဆင်ပြေရရင် သိပ်ကိုကောင်းမှာပဲ” လို့ တေလာဆီ ရေးသား တောင်းပန်ထားခဲ့ပါတယ်။

ကေတီရဲ့ ပရော်ဖက်ရှင်နယ် ပီသတဲ့ အပြုအမူကြောင့် သူတို့ရဲ့ ပရိသတ်တွေကတော့ အပျော်ကြီး ပျော်နေကြပြီး သူတို့ချစ်ရတဲ့ တေလာဆွစ်ဖ် နဲ့ ကေတီပယ်ရီတို့ ပြန်လည် သင့်မြတ်သွားကြတာကို အကြောင်းကောင်းအနေနဲ့ သဘောတကျကျ ဖြစ်နေကြပါတယ်။

Ref : Lifestyle.diply “Katy Perry Just Apologized To Taylor Swift”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top