အိပ်မက်တွေကိုအကောင်အထည်ဖော်ရာမှာ ကျော်ဖြတ်ရမယ့် ရန်သူ (၅) မျိုး

dream-e1553231468764.jpg

သင်တို့မှာ အိပ်မက်တစ်ခုရှိလား၊ မွေးကတည်းကမက်ခဲ့ရတဲ့အိပ်မက်ကြီး ဖြစ်ဖို့မလိုပါဘူး။

အိပ်မက်ဆိုတာ မနေ့ကမှ မက်တာကလည်း အိပ်မက်ပါပဲ။ လူတိုင်းမှာ အိပ်မက်တွေရှိပါတယ်။ လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ကလေးတစ်ယောက်မှာလည်း အိပ်မက်ရှိနေသလို ဘီလ်ဂိတ်မှာလည်း အိပ်မက်ရှိပါတယ်။ ပြောချင်တာက လူမှန်ရင် အိပ်မက် မက်တတ်တယ် ဆိုတာပါပဲ။ သိန်းထောင်ပေါင်းများစွာတန်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု စလုပ်ချင်ပါသလား၊ ဒါမှမဟုတ် ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးတစ်ခုတည်ဆောက်ချင်တာလား၊ ဂန္တဝင်တင်မယ့် ဝတ္ထုကြီးတစ်ပုဒ်ရေးချင်ပါသလား၊ ကိတ်မုန့်ကောင်းကောင်း လုပ်တတ်ချင်နေပါသလား၊ ဒါ့မှမဟုတ် ပိန်ပြီး အဆီကင်းတဲ့ခန္ဓာကိုယ်လေးတစ်ခု လိုချင်နေပါသလား (ဒီလို ခန္ဓာကိုယ်မျိုး လိုချင်နေတယ်ဆိုရင်တော့ ခုနကမုန့်ကောင်းကောင်းလုပ်ဖို့ ကြိုးစားနေတဲ့ သူနဲ့ သွားမပေါင်းမိပါစေနဲ့။)

အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အရိုးရှင်းဆုံးနဲ့ အရေးကြီးဆုံးအရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ စလုပ်ဖို့ပါပဲ။ အခုမရှိသေးတဲ့ အရာကို ဖြစ်လာအောင်လုပ်ဖို့ လိုပါတယ်။ စမလုပ်ရင်တော့ သင့်မှာ ဘာအရည်အချင်းတွေပဲရှိရှိ အိပ်မက်မက်တဲ့ အဆင့်ကနေကို တက်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အိပ်မက်တွေမက်တာကလည်း တန်ဖိုးတစ်ခုတော့ရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အိပ်မက်တွေမက်ပြီး ဘာမှမလုပ်ဖြစ်ရင် တစ်နေ့ထက်တစ်နေ့ စိတ်ပျက်လာပြီး အချိန်တွေကုန်လာတာနဲ့အမျှ စိတ်ဓာတ်ကျလာတတ်ပါတယ်။ အဲ့တော့ အိပ်မက်တစ်ခုရှိရင် အဲ့အိပ်မက်အပေါ် တာဝန်ယူမှုရှိဖို့လိုပါတယ်။

ရန်သူ ၅ ။ ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့ မျှော်လင့်ချက်တွေ

ရောမကို တစ်ရက်တည်း ဆောက်ခဲ့တာ မဟုတ်ပါဘူး။ ဒီစကားကြီးက ဖန်တရာတေနေတော့ သူ့မှာရှိတဲ့ တန်ဖိုးကိုလည်း ကျွန်တော်တို့တွေ ဘယ်တော့မှ အလေးအနက်မထားမိကြပါဘူး။ ဒါပေမဲ့ ဒါကသွေးထွက်အောင်မှန်တဲ့အရာတစ်ခုပါ။ ပြဿနာ တစ်ခုဖြေရှင်းဖို့၊ အိပ်မက်တစ်ခုအကောင်အထည်ဖော်ဖို့ အချိန်တစ်ခုလိုပါတယ်။ မနေ့ကမှ အိပ်မက်ထမက်ပြီး ဒီနေ့မဖြစ်သေးလို့ စိတ်ပျက်နေရင်တော့ ပျိုမေတို့ ဘယ်တော့မှ အိပ်မက်ဆီကိုရောက်တော့မှ မဟုတ်ပါဘူး။ ဒီအကျင့်က အောင်မြင်မှုကို အရမ်းမြန်မြန်လိုချင်နေတတ်တဲ့ လက္ခဏာတွေပါပဲ။ လူတွေက ရောမမြို့ကြီးကို တစ်ရက်အတွင်း၊ ဒါမှမဟုတ် တစ်နှစ်အတွင်း ဆောက်လို့မရရင် သူတို့ကိုယ်သူတို့ အရှုံးသမားတွေလို့ ခံစားတတ်ကြပါတယ်။ ဒီလို ခံစားချက်မျိုး ဖြစ်လာတဲ့အခါမှာ လူတွေက သူတို့ရဲ့ ဆောက်လက်စ အိပ်မက်ကြီးကို တစ်ဝက်တစ်ပျက်နဲ့ထားသွားပြီး နောက်ထပ်အိပ်မက် တစ်ခုထပ်ရှာတတ်ကြပါတယ်။ အရေးကြီးတာကတော့ မျှော်လင့်ချက်ထားပါ၊ မျှော်လင့်ချက်တွေကို သတိထားစောင့်ကြည့်ပါ။ ဘယ်အိပ်မက်မဆို အကောင်အထည်ဖော်ဖို့ အချိန်လိုတာကိုလည်း သတိချပ်ထားပါ။

ရန်သူ ၄ ။ ဘာမှ မလုပ်ဘဲ အိပ်မက်မက်နေခြင်း

အက်ဒီဆင်က တစ်ခါပြောဖူးပါတယ်။ “ ပါရမီဆိုတာ ဉာဏ်ကွန့်မြူးခြင်း ၁ ရာခိုင်နှုန်း နဲ့ ချွေးထွက်အောင်အလုပ်လုပ်ခြင်း ၉၉ ရာခိုင်နှုန်းတို့ ပေါင်းစည်းထားတာပါ ” ။ ဒီစကားက အိပ်မက်တစ်ခု အကောင်အထည်ဖော်မယ်ဆိုရင် ရင်ထဲမှာ ခိုင်မြဲနေအောင်မှတ်ထားရမယ့် စကားတစ်ခွန်းပါ။ အိပ်မက်တစ်ခုဖြစ်လာဖို့ အသေအကြေ အလုပ်လုပ်ဖို့လိုပါတယ်။ စိတ်ကူးတွေ၊ အကြံဉာဏ်သစ်တွေက လွယ်ကူပါတယ်။ လူတိုင်းလည်း တွေးနိုင်ကြပါတယ်။ အတော်ကောင်းတဲ့ စိတ်ကူးတစ်ခုကို တွေးရမယ်ဆိုရင်တောင် လွယ်ပါသေးတယ်။ ဒါပေမဲ့ ဒီစိတ်ကူးကို အကောင်အထည်ဖော်ပြီး ကိုယ့်ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် ဘာပဲ ဖြစ်ဖြစ်ဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓာတ်က အရေးကြီးတာပါ။

ကျွန်တော်ကိုယ်တိုင်လည်း ချက်ခြင်းကြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုပြီး ခဏတာ စိတ်အားတက်ကြွတတ်တဲ့ လူတော်တော်များများကို တွေ့ဖူးပါတယ်။ စိတ်လှုပ်ရှားတဲ့အရှိန်ကုန်သွားပြီး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ခက်ခဲလာရင်တော့ သူတို့တွေဟာ ဒီအိပ်မက်တွေကို ပစ်ချခဲ့ပြီး လက်မြှောက်အရှုံးပေး လိုက်ပါတော့တယ်။ ကျွန်တော် ဒီနေရာမှာ ဆရာအောင်သင်းရဲ့ စကားလေးတစ်ခုကို ပြောပြချင်ပါတယ်။

ဆရာအောင်သင်းရဲ့ဆရာမှာ တစ်ချိန်တုန်းက ဘိန်းစားသူငယ်ချင်း ၂ ယောက်ရှိတယ်တဲ့။ တစ်ယောက်က ဆင်ထိန်းဆရာနဲ့ တစ်ယောက်က ဆိုင်းဆရာ။ သူတို့နှစ်ယောက်က ဘိန်းစားနေတဲ့အချိန်ဆို စိတ်ကူးဉာဏ်တွေရွှင်ပြီး တစ်ယောက်ကိုတစ်ယောက် ဟရောင့် မင်းကတော့မင်းဇာတ်ထဲမင်းပြန်ပြီး ဆိုင်းတီးကွာ၊ ငါကတော့ ဆင်စခန်း ပြန်ပြီး ဆင်ထိန်းပြန်လုပ်တော့မယ်။ ငါတို့ ဘဝတွေ အောင်မြင်မှဖြစ်မယ် လို့အချင်းချင်း အောင်မြင်အောင်တိုက်တွန်းတတ်ကြတယ်တဲ့။ ဒါပေမဲ့ ဘိန်းရှိန် ကုန်သွားလို့ ပုံမှန်ပြန်ဖြစ်သွားတဲ့အခါမှာ သူတို့ပြောခဲ့တာတွေ အသာခေါက်ထားပြီး ဘိန်းစားဖို့ ပိုက်ဆံ ထပ်ရှာလေ့ရှိကြတယ်တဲ့။ အဲ့ဒီအချိန်မှာ အခြားတစ်ယောက်က ဟရောင့် မင်းဆင်ကြီးတွေ မင်းကိုစောင့်နေကြပြီ။ ဟရောင့် မင်းသားက ဆိုင်းဆရာ၊ မင်းကိုစောင့်နေတုန်းမို့ ဇာတ်မထွက်ရသေးဘူးဟ လို့စရင် အရမ်း စိတ်ဆိုးကြတယ်တဲ့။ ဒီလိုပါပဲ အိပ်မက်မက်ရတာ လွယ်ပါတယ်။ ဒါပေမဲ အိပ်မက်တွေဆီကို စိတ်ဓာတ်ကျတဲ့အချိန်ဖြစ်စေ ၊စိတ်အားတက်ကြွနေတဲ့အချိန်ဖြစ်စေ ဆက်လျှောက်နေတဲ့သူတွေမှ အောင်မြင်ကြတာပါ။ သင်တို့လည်း အိပ်မက်မက်နေပြီး ဘာမှ မလုပ်ဖြစ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သင့်နေပါပြီ။

ရန်သူ ၃ ။ မူစ့် နတ်သမီးကို စောင့်နေခြင်း

မူစ့် နတ်သမီးဆိုတာ ဂရိဒဏ္ဍာရီအရ အနုပညာတွေကို စောင့်ရှောက်ပြီး အနုပညာ၊ ကဗျာ၊ စာပေတွေကို ဖန်တီးဖို့အကြံဉာဏ်ပွင့်စေတဲ့ နတ်သမီး ၉ ယောက်ကိုဆိုလိုတာပါ။ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် မူစ့်နတ်သမီးကို စောင့်နေသလိုမျိုး ကိုယ်ကို လာကူညီမယ့်လူကို စောင့်နေမယ်ဆိုရင်တော့ အိပ်မက်ဆီဘယ်တော့မှာ ရောက်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့လိုလာကူညီမယ့်လူတွေက မှန်းဆမရဘဲ လာချင်မှလည်း လာတာပါ။ အဲ့တော့ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ပြင်ပအကူအညီတွေမျှော်မနေပါနဲ့။ အိပ်မက်အတွက် ပုံမှန်အလုပ်လုပ်ပါ။ အိပ်မက်ကကြီးလေ အိပ်မက်အတွက်ပိုအလုပ်လုပ်ပါ။ ကိုယ်ဘာသာအိပ်မက်အတွက် ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အကောင်အထည်ဖော်ဖို့ ပိုလွယ်ကူလာတာကိုတွေ့ရမှာပါ။

ရန်သူ ၂ ။ အားလျော့စေမယ့် စကားပြောတတ်ကြတဲ့လူတွေ

“မင်း ဖြစ်မှဖြစ်ပါ့မလား၊ မင်းမလုပ်သင့်ဘူးနော်၊ အရှုံးပေးလိုက်ပါ၊ မင်းအနေနဲ့ ပိုကြိုးစားဖို့ လိုနေသေးတယ် ” ဒါတွေက အဆိုးမြင်ကြသူတွေရဲ့ အကြိုက်ဆုံးစကားတွေပါ။ သူတို့တွေဟာ သင့်အိပ်မက် ဖြစ်လာနိုင်တယ်ဆိုတာထက် မဖြစ်လာနိုင်ဘူးနော် ဆိုတာပဲပိုပြောတတ်ကြတယ်။ သင် ဟာ သူတို့ထက် ပိုထူးခြားသွားမှာကို သူတို့မသိစိတ်က မဖြစ်စေချင်တာကတစ်ကြောင်း၊ သူတို့ ကိုယ်၌က သင်ဒုက္ခရောက်မှာ စိုးရိမ်ကြတာက တစ်ကြောင်း၊ သင့်ကို မဖြစ်နိုင်ဘူးဆိုတာတွေ ပြောလေ့ရှိပါတယ်။ ဒါ့ကြောင့် သူတို့ကိုယ်တိုင်က ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖူးလို့ သင့်ကို စေတနာနဲ့ပြောပြတယ်ဆိုရင် နားထောင်လိုက်ပါ။ သူတို့ကိုယ်တိုင်လည်း ဘာအိပ်မက်မှ အကောင်အထည် မဖော်ဘူးဘဲ စိုးရိမ်စိတ်နဲ့ ဆန့်ကျင်ဘက်စကားတွေ ပြောနေတယ်ဆိုရင်တော့ ဒီလိုလူတွေကို ဝေးဝေးရှောင်ဖို့လိုပါတယ်။

ရန်သူ ၁ ။ ငါသိ၊ ငါတတ် စိတ်ဓာတ်

ဒီလို ငါသိငါတတ် စိတ်ဓာတ်က အရမ်းအားကောင်းပြီးလှည့်စားတတ်တဲ့ ရန်သူမျိုးပါ။ အောင်မြင်သွားတဲ့အခါမှာ ဒီစိတ်ကြောင့် ပြန်ပျက်စီးသွားတတ်တဲ့အချိန်တွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီစိတ်ကို ထိန်းချုပ်ဖို့အတွက် သိပ်မခက်ပါဘူး။ အဓိကက “ငါကတော့ ဒီနေရာမှာ တခြားလူတွေ အားလုံးထက်ပိုသိတယ်။” “ငါကတော့ ဒီအလုပ်မှာ ဆရာပဲ ” စတဲ့အတွေးတွေကို ဂရုစိုက်ပါ။ ဒီအတွေးမျိုးကတွေ တီထွင်ဖန်တီးမှု၊ ဆန်းသစ်မှုတွေကို တားမြစ်နိုင်တဲ့ အရာတွေပါပဲ။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် IBM က ကျွမ်းကျင်သူတစ်ယောက်လို့ သူ့ကိုယ်သူယူဆပြီး ရေလိုက်ငါးလိုက်နေနေတဲ့အချိန်မှာ Microsoft ကတော့ အသစ်အဆန်းတွေ တီထွင်ရင်းနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ Microsoft က အမြင့်ရောက်သွားလို့ ကျွမ်းကျင်သူစတိုင်ဖမ်းလာတဲ့အချိန်မှာ အသစ်အဆန်းတွေ တီထွင်လာတဲ့ Google၊ Apple နဲ့ Facebook တို့ ပေါ်ထွက်လာပါတော့တယ်။ ဒါ့ကြောင့် သင်အိပ်မက်တွေကို ဖန်တီးမယ်ဆိုရင် ငါသိငါတတ်စိတ်ဓာတ် မထားဘဲ ငါသိဖို့ အများကြီးလိုသေးတယ်ဆိုတဲ့ စိတ်ဓာတ်ထားပါ။ တကယ်လည်း သင့်အနေနဲ့ အရာအားလုံးကို တစ်ချိန်တည်းမှာ အကုန်သိမနေနိုင်ပါဘူး။ ဒါ့ကြောင့် နှိမ့်ချပါ၊ အသစ်သော ပညာရပ်တွေကို သင်ယူပါ။ ဘယ်တော့မှ မာနမကြီးလိုက်ပါနဲ့။

ဒီရန်သူ ၅ ခုကတော့ အိပ်မက်တွေ အကောင်အထည်ဖော်ရာမှာ အဓိက ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ ရန်သူတွေပါပဲ။ ဒီရန်သူတွေကို စောင့်ကြည့်ပါ။ ခိုးဝင်လာရင် မောင်းထုတ်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့အိပ်မက်ဆီရောက်ဖို့ အများကြီး လွယ်ကူသွားမှာ အမှန်ပါပဲ။

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top