အိုလံပစ်ဆုတံဆိပ်ကို ရရှိပြီးနောက် နစ်ကီ မင်နာချ်ရဲ့ရက်ပ်စာသားကိုရွတ်ပြခဲ့တဲ့ တာတိုအပြေးသမား

1-8-2021-yyl-10.jpg

ဂျမေကာနိုင်ငံရဲ့ အိုလံပစ်တာတိုအပြေးသမား မီဂန် တတ်ပ်ပါ (Mega Tapper) ဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ ၁၀၀ မီတာ တန်းကျော် အမျိုးသမီးနောက်ဆုံးပွဲစဉ်မှာ ကြေးတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။ အခုလို အိုလံပစ်ကြေးတံဆိပ်ဆုကို ရရှိသွားခဲ့တဲ့အတွက် Jamaican TV က သူ့ကို အင်တာဗျူးမေးမြန်းခဲ့ပါတယ်။ သူ့ရဲ့အင်တာဗျူးဖြေကြားမှုက ကြည့်ရှုသူတွေကို စိတ်ကျေနပ်စေခဲ့ပါတယ်။

မီဂန်ကို “သူမအတွက် နောက်ထပ်ဘာတွေဆက်ဖြစ်မလဲ”လို့ မေးတော့ နာမည်ကျော်ရက်ပ်အဆိုတော် နစ်ကီ မင်နာချ်ရဲ့ Moment For Life သီချင်းရဲ့ ရက်ပ်စာသားတွေကို ရွတ်ပြခဲ့ပါတယ်။ ရက်ပ်စာသားရွတ်ပြတဲ့ ဗီဒီယိုဟာ တွစ်တာမှာ ပျံ့နှံ့သွားခဲ့ပြီး အသုံးပြုသူတွေ နှစ်သက်သဘောကျလို့နေပါတယ်။

အဲဒီဗီဒီယိုကို သြဂုတ်လ ၂ ရက်နေ့က တွစ်တာမှာ တင်ခဲ့ပြီး ကြည့်ရှုသူ သိန်းချီခဲ့ပါတယ်။ နစ်ကီ မင်နာချ်ကိုယ်တိုင်လည်း အဲဒီဗီဒီယိုမြင်တွေ့သွားခဲ့ပြီး အိုလံပစ်ကြေးတံဆိပ်ဆုရှင် မီဂန်အတွက် Reply ပြန်ခဲ့ပါတယ်။ “မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဝိုး…အိုကေ ဘုရင်မတစ်ပါးပဲ။ အရည်အချင်းက ဘီလျံ၊ အလှတရားကလည်း ဘီလျံပါပဲ”လို့ နစ်ကီ မင်နာချ်က ရေးသားခဲ့ပါတယ်။ ရက်ပ်အပိုဒ်မှာ ပါဝင်တဲ့စာသားတွေကတော့ “ဒီအခိုက်အတန့်မှာ ငါက ဘုရင်၊ ငါ ကံမကောင်းပေမဲ့ ကောင်းချီပေးခံရတယ်” ဆိုတာတွေပါပဲ။

မီဂန်ရဲ့ရက်ပ်စာသားရွတ်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီး တွစ်တာအသုံးပြုသူတစ်ဉီးက “သူမရဲ့ပင်ကိုယ်စိတ်ထားလေးကို ချစ်တယ်။ ခဏလေးနဲ့ ပျော်ရွှင်အောင် လုပ်ပေးတယ်။ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ် မီဂန်” လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်အသုံးပြုသူကလည်း “သူမကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်ဘူး။ ကောင်းချီပေးပါစေ”လို့ ရေးသားခဲ့ပါတယ်။

မီဂန်ဟာ အိုလံပစ်တာတိုအပြေးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ တတိယနေရာကိုရရှိခဲ့ပြီး ၁၂.၅၅ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။ ပထမနေရာကို ၁၂.၃၇ စက္ကန့်နဲ့ ပေါ်တိုရီကိုနိုင်ငံက ဂျက်စမင် ကာမက်ဟို ကွာ (Jasmine Camacho Quinn) က ရရှိခဲ့ပြီး အမေရိကန်နိုင်ငံက ကန်ဒရာ ဟာရစ်ဆန် (Kendra Harrison) ကတော့ ၁၂.၅၂ စက္ကန့်နဲ့ ဒုတိယနေရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

Ref: Ladbible “Jamaican Sprinter Raps Nicki Minaj Song After Winning Olympic Hurdles Medal”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top