လွိုင်ကော်မြို့မှ မန္တလေးမြို့သို့ ပို့ရန်ရည်ရွယ်ထားသည့် ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်နှင့် စိတ်ကြွဆေးပြား ၁၁၁ ပြားတို့ကို သြဂုတ် ၂၇ ရက်၊ ညနေပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
လွိုင်ကော်အဝေးပြေးကားကွင်း ရွှေရာဇာကားဂိတ်တွင် မကေသီမြ(၃၃)နှစ်က မန္တလေးသို့ ကားပစ္စည်းများ ပို့လိုကြောင်းပြော၍ လိပ်စာမပါသော ဆာလာအိတ် ၁ လုံးကို အပ်နှံကြောင်း ဂိတ်မှူး ဦးအောင်သန်းစိန်က အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာမှ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖမ်းဆီးရမိခဲ့ရာတွင် ပဲနို့အချိုရည်ဗူးခွံ ၂၂ ဗူး၊ ပလပ်စတစ်ဗူး ၁ ဗူးတို့ဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နေအောင်(၃၄)နှစ်၏ နေအိမ်အား ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ရှိ ယာဉ်အမှတ် KYH/1G-xxxx Nissan ယာဉ် ရှေ့ခန်းထိုင်ခုံကြားမှ WY စိတ်ကြွဆေးပြား ၁၁၁ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် မကေသီမြ(၃၃)နှစ်နှင့် နေအောင်(၃၄)နှစ်တို့အား လွိုင်ကော်မြို့မရဲစခန်း (ပ)၄၂၇/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ နေအောင်(၃၄)နှစ်အား လွိုင်ကော်မြို့မရဲစခန်း မယ(ပ)၄၆/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။
ဓါတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရ။
KST (ရိုးရာလေး)