ဟောလိုးဝင်းအကြောင်း တစေ့တစောင်း

happy-family-celebrating-halloween.jpg

အောက်တိုဘာလက နိုဝင်ဘာလဆီ အကူးအပြောင်းမှာ ရာသီဥတုဟာ ဆောင်းဦးပေါက်ကနေ ဆောင်းရာသီ သိသိသာသာ ဖြစ်လာပြီး အနောက်တိုင်းဒဏ္ဍာရီတချို့မှာတော့ ဒီကာလကို ရှင်ခြင်းနဲ့ သေခြင်းကြားကာလ လို့ သတ်မှတ်ထားပါတယ်။ အဲဒီအချိန် အောက်တိုဘာလ ၃၁ ရက်မှာပဲ သရဲပွဲတော်လို့ ခေါ်ကြတဲ့ ဟောလိုးဝင်း (Halloween) ပွဲကို ကျင်းပကြတာပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့ဆီမှာလည်း ဟောလိုးဝင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလာကြတာ ၊ သရဲတစ္ဆေအဝတ်အစားတွေ၊ မိတ်ကပ်အပြင်အဆင်တွေနဲ့ ပါတီပွဲတွေ ကျင်းပလာကြတာမို့ ဟောလိုးဝင်းပွဲအကြောင်းကို မှတ်သားထားမိသလောက် ပြန်လည်တင်ပြလိုက်ရပါတယ်။ ပုံတစ်ပုံချင်းစီ ထောက်ပြီး ဖတ်သွားပေးပါနော်။

သမိုင်းကြောင်း

ခရစ်နှစ်တွေ မတိုင်ခင် ကာလတွေ ကတည်းက ဟောလိုးဝင်းရဲ့ အစလို့ ခေါ်ရမယ့်၊ ဆမ်ဟိန်း (Samhain) ပွဲတော်လို့ ခေါ်တဲ့ ပွဲတော်တစ်ခုကို ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီ အချိန်ကာလ ရောက်လာပြီဆိုရင် သေသူတွေ နေထိုင်တဲ့ ဝိဉာဉ်လောကနဲ့ လူ့လောက ကြားက အရံအတားတွေက ကွယ်ပျောက်ပြီး သေပြီးတဲ့ မိစ္ဆာတွေရော၊ နတ်တွေရောဟာ လူ့လောကထဲ ဝင်လာတတ်ကြတယ်လို့ အယူအဆ ရှိပါတယ်။ မကောင်းဆိုးရွားတွေကို နှင်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲတော်မှာ လူတွေက မီးပုံတွေ ပုံပြီး ၊ ဝတ်စုံတွေ ဝတ်ပြီး လှည့်လည်သွားလာကြပါတယ်။ နှောင်းပိုင်းမှာတော့ သေပြီးသူတွေထဲက အာဇာနည်တွေ၊ သူတော်ကောင်းတွေကို သတိရတဲ့ အနေနဲ့ ပွဲတော်တွေ ကျင်းပတာမျိုးကိုလည်း ဒီရက်ပိုင်းတွေမှာ ပြုလုပ်လာကြပါတယ်။

ကာလကြာရှည်လာတဲ့ အခါမှာတော့ ဟောလိုဝင်းဟာ ပျော်ပွဲရွှင်ပွဲသက်သက်သာ ဖြစ်လာပြီး သရဲတစ္ဆေအဝတ်အစားတွေနဲ့ ပါတီပွဲတွေ ၊ စားသောက်ပွဲတွေ ပြုလုပ်လာကြတဲ့ အချိန် ရောက်လာခဲ့ပါတယ်။

ရွှေဖရုံသီးမီးပုံး (jack-o’-lantern)

.

ဟောလိုးဝင်းအကြောင်းပြောရင်တော့ ရွှေဖရုံသီးမီးပုံးတွေအကြောင်းကတော့ မပါမဖြစ်ပါပဲ။ ရွှေဖရုံသီးမီးပုံးတွေ ဖြစ်လာတဲ့ အယူအဆနဲ့ ပတ်သက်ရင် ဇာတ်လမ်းတွေက အမျိုးမျိုးကွဲလွဲနေပါတယ်။ အိုင်းရစ်ရှ် ဒဏ္ဍာရီတစ်ခုမှာတော့ ဂျက်ခ်လို့ ခေါ်တဲ့ လူလိမ်တစ်ယောက်က တစ်နေ့မှာ စေတန်နတ်ဆိုးနဲ့ တွေ့တဲ့အခါ နတ်ဆိုးကို သူက လိမ်လည်လှည့်ဖျားပြီး ပန်းသီးပင်ပေါ် တက်ခိုင်းခဲ့တယ်။ ပြီးတော့မှ နတ်ဆိုးကို ပြန်မဆင်းလာနိုင်အောင် အပင်မှာ လက်ဝါးကပ်တိုင်ပုံထွင်းပြီး ဒုက္ခပေးခဲ့တယ်လို့ သိရပါတယ်။

တခြားမူကွဲတစ်ခုမှာတော့ စေတန်နတ်ဆိုးဟာ ဂျက်ခ်ရဲ့ ဝိဉာဉ်ကို နှုတ်ယူရအောင်လာခဲ့ပေမယ့် ဂျက်ခ်က အပေးအယူတစ်ခု လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ နတ်ဆိုးကို ဒင်္ဂါးပြားပုံ အယောင်ဆောင်လိုက်ဖို့ ပြောတယ်။ အစီအစဉ်အရ အဲဒီဒင်္ဂါးပြားနဲ့ ဂျက်ခ်က ဈေးသွားဝယ်မယ်။ ဈေးဝယ်ပြီးတဲ့ အခါမှ နတ်ဆိုးက တိတ်တိတ်ကလေး ပြန်ထွက်ခွာသွားတဲ့ အခါကျရင် ဒင်္ဂါးပြားက ပျောက်နေမယ်။ အဲဒီအခါမှာ ဆိုင်က လူတွေအချင်းချင်း တစ်ယောက်ကို တစ်ယောက် သူခိုးလို့ စွပ်စွဲရင်း အငြင်းအခုန်ဖြစ်ကြမယ်။အဲဒါကို ထိုင်ကြည့်ပြီး ရယ်နေကြရင် မကောင်းဘူးလား လို့ ဂျက်ခ်ကမေးတော့ စေတန်နတ်ဆိုးက သဘောတူလိုက်တယ်။ ဒင်္ဂါးပြားပုံ ပြောင်းပြီး ဂျက်ခ်ရဲ့ ပိုက်ဆံအိတ်ထဲ ဝင်လိုက်တဲ့ အခါမှာတော့ အရင်ဆုံး ကံဆိုးသွားတာဟာ နတ်ဆိုးကိုယ်တိုင်ဖြစ်နေပါတယ်။ ဂျက်ခ်ရဲ့ ပိုက်ဆံအိတ်ထဲမှာ လက်ဝါးကပ်တိုင်အဆောင်ကလေး ရှိနေပြီး အဲဒီအဆောင်ကြောင့် နတ်ဆိုးရဲ့ စွမ်းအင်တွေ လျော့ကျသွားလို့ ပါတဲ့။

အချိန်တန်လို့ ဂျက်ခ်သေသွားတဲ့ အခါမှာတော့ သူလုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့် ကောင်းကင်ဘုံက လက်မခံသလို နတ်ဆိုးကို လှည့်စားထားတာကြောင့်လည်း ငရဲက လက်မခံပြန်ပါဘူး။ ဂျက်ခ်ရဲ့ ဝိဉာဉ်ခမျာ အေးစက်မှောင်မိုက်တဲ့ လမ်းတွေအပေါ် အထီးကျန်စွာနဲ့ လှည့်လည်နေရတယ်။ အဲဒါကို မြင်ရတဲ့အခါ နတ်ဆိုးက သူ့ကို အနွေးဓာတ်ကလေးရအောင်ဆိုပြီး ဘယ်တော့မှ မငြိမ်းသွားမယ့် ငရဲပြည်က မီးကို စသလို၊ နောက်သလိုနဲ့ မျှဝေပေးခဲ့ပါတယ်။ ဂျက်ခ်ကလည်း သူ့မှာ ပါလာတဲ့ Turnip (မုန်လာဥ အနွယ်ဝင် သစ်ဥမျိုး) ကို ထွင်းပြီး မီးအိမ်ကလေးလုပ် သယ်ဆောင်သွားပါတော့တယ်။

ဒီပုံပြင်အထိမ်းအမှတ်နဲ့ မီးအိမ်တွေ လိုက်လုပ်ရာက နောက်ပိုင်းမှာ ပိုလွယ်လွယ်ကူကူရနိုင်တဲ့ ရွှေဖရုံသီးနဲ့ အစားထိုးလုပ်ခဲ့တယ်လို့ သိရပါတယ်။ တချို့ အယူအဆ အရဆို ရွှေဖရုံသီး မီးပုံးဟာ အိမ်ကို သရဲတစ္ဆေတွေမလာအောင် စောင့်ရှောက်ပေးတယ်လို့ မှတ်ယူထားကြပါတယ်။ ဒီ မီးပုံးရဲ့ အလင်းဟာ သွေးစုပ်ဖုတ်ကောင်နဲ့ လူတွေကို ခွဲခြားပေါ်လွင်စေတာမို့ သွေးစုပ်ဖုတ်ကောင်တွေက ဒီမီးပုံးကို ကြောက်ကြတယ်လို့ အယူအဆ ရှိပါတယ်။

Trick or Treat

ဒီမှာ လုပ်နေကြပြီ ဖြစ်တဲ့ ဟောလိုဝင်း ပါတီမျိုးတွေအပြင် အနောက်တိုင်းမှာ Trick or Teat ဆိုတဲ့ အစဉ်အလာလေး တစ်ရပ်လည်း ရှိပါတယ်။ ကလေးသူငယ်တွေဟာ သရဲတစ္ဆေတွေလို ဝတ်ဆင်ပြီး အိမ်တွေကို တံခါးလိုက်ခေါက်ပြီးတော့ “ Trick or Treat ? “လို့ မေးတတ်ကြပါတယ်။ အိမ်ရှင်တွေက မုန့်မကျွေးဘူးဆိုရင် အိမ်ရှင်တွေကိုပဲ ဖြစ်ဖြစ်၊ အိမ်က ပစ္စည်းတွေကိုပဲ ဖြစ်ဖြစ် ထိခိုက်အောင် အပျော်သဘော ဒုက္ခပေးမယ်ဆိုတဲ့သဘောပါ။ ကျွန်တော်တို့ဆီက ကျီးမနိုးပွဲ (သူခိုးကြီးည ) ပုံစံမျိုးနဲ့ နီးစပ်တယ်လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ဒါပေမယ့် အိမ်တွေကတော့ မုန့်ကျွေးတာ များပြီး၊ တချို့အိမ်တွေမှာဆို မုန့်လာတောင်းလို့ ရတယ်ဆိုတဲ့ သဘောနဲ့ ဟောလိုဝင်းအပြင်အဆင်တွေ ကပ်ထားပါတယ်။

နောက်ပိုင်းတွေမှာတော့ “ Trunk-or-Treat” ဆိုပြီး ကျင်းပပုံ အသစ်တစ်ခု အမေရိကန်နဲ့ ကနေဒါမှာ ခေတ်စားလာပါတယ်။ ကားနောက်ဖုံးကို ဖွင့်ပြီး ကလေးတွေ ယူဆောင် စားသောက်နိုင်မယ့် မုန့်တွေ၊ ကစားနိုင်မယ့် ကစားစရာလေးတွေ ချိတ်ထားပေးတာပဲ ဖြစ်ပါတယ်။ ကလေးတွေ အိမ်တကာ လှည့်လည်တောင်းနေတာထက် ဘေးအန္တရာယ်ကင်းတာမို့ လူကြီးတွေက ပိုသဘောကျပြီး “Trunk-or-treat “ ပွဲကလေးတွေ စီစဉ်ပေးတာမျိုးတောင် လုပ်လာကြတယ်လို့ သိရပါတယ်။

ကျော်သန့်(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top