မောင်မယ်တူ ရွှေလက်တွဲ လောကဓံလှိုင်းလေထန်လည်း ခိုင်မြဲနိုင်စေ

Mingalar-Saung.jpg

တစ်နေ့က သူငယ်ချင်းအရင်းတစ်ယောက် မင်္ဂလာလက်မှတ်ထိုးဖို့ကိစ္စနဲ့ ရန်ကုန်၊ ဗဟိုတရားရုံးကို ရောက်တဲ့အခါ မြောက်မြားစွာသော ဖြူနီပြာဝါ စုံတွဲတွေ တန်းစီ တိုးဝှေ့နေကြတာ မြင်ရပါတယ်။ ရုံးတော်ရှေ့အပေါက်ဝမှာ တူညီဝတ်စုံတွေနဲ့ တန်းစီနေ ကြသူတွေမြင်ရပြန်တော့ ‘အင်း ..တွင်းကြီးထဲက မြွေတွေ၊ နဂါးတွေကို စိန်တွေ၊ ရွှေတွေတင်ပြီး ခုန်ဆင်းဖို့လုပ်နေကြ သူတွေပါလား’ဆိုတဲ့အတွေးနဲ့ ပြုံးမိပါသေးတယ်။

အိမ်ထောင်ရေးဆိုတဲ့ တွင်းကြီးထဲမှာ

တစ်ခါတုန်းက လူတစ်စုခရီးသွားရင်း ညအချိန် တွင်းကြီးတစ်တွင်းထဲမှာ အရောင်တွေ ပြိုးပြက်လင်းလက်နေတာကို တွေ့ရတဲ့နောက် စိန်တွေ ရွှေတွေထင်ပြီး တွင်းထဲဆင်းဖို့ လုပ်ကြပါတယ်။ ပထမဆုံး လူငယ်တစ်ဦး တွင်းထဲကိုရောက်သွားတဲ့အချိန်မှာ သိလိုက်ရတာက နဂိုတုန်းက သူထင်ထားသလို စိန်တွေ၊ ရွှေတွေမဟုတ်ဘဲ တွင်းထဲမှာ မြွေတွေ၊ နဂါးတွေဖြစ်နေတော့တာပါ။ ဒါနဲ့ လူငယ်က ‘မင်းတို့ ဆင်းမလာကြနဲ့၊ ဒုက္ခရောက်ကုန်မယ်’လို့ အပေါ်ကလူတွေကို အော်ပြီး သတိပေးခဲ့ပေမဲ့ အပေါ်ကလူတွေကတော့ ဘယ်လိုမှ တားမရပါဘူး။ တစ်ယောက်ပြီးတစ်ယောက် ထပ်ထပ်ပြီး ခုန်ဆင်းကြပါတော့တယ်။ ကျွန်တော်တို့တွေ အိမ်ထောင်ပြုတယ် ဆိုတာလည်း အဲဒီလိုပါပဲ။ ဒီတွင်းကြီးထဲကို ကျပြီးသားလူက ရုန်းထွက်ချင်တယ်၊ မကျသေးတဲ့လူကလည်း အရင်လူတွေ သတိပေးနေတဲ့ ကြားထဲကနေ ဇွတ်အတင်း ခုန်ချနေတော့တာပါပဲ …တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ရေးဆိုတဲ့ ဒီတွင်းထဲကို ခုန်ချပြီးပြီဆိုရင်တော့ မောင်မယ်တူ ရွှေလက်တွဲပြီး ဘဝတစ်သက်တာ ခိုင်မြဲစေဖို့ပဲ နားလည်မှု ရှိရှိနဲ့ ကြိုးစားတည်ဆောက်ကြရတော့မှာပါ။

ဇင်ယော်လေးတွေချည်းတော့ မျှော်လို့မရ

မင်္ဂလာရက်မြတ် လက်ထပ်ပွဲလေး ပြီးဆုံးလို့ အိမ်ထောင်သည်ဘဝ ရလာပြီဆိုတာနဲ့ ပထမဆုံးထည့်သွင်း စဉ်းစားထားရမှာက နေရာတကာမှာ ချစ်သူဘဝတုန်းကလို ဇင်ယော်လေးတွေချည်း မဟုတ်တော့ဘဲ လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရမယ့် လူမှုဗေဒတွေလည်း ပါလာပြီဆိုတာပါ။ ဥပမာအနေနဲ့ အပျိုလူပျို ရည်းစားဘဝတုန်းက ကန် ဘောင်ပေါ်သွားပြီး တီတီတာတာ စကားလေးတွေပြောရတာ သာယာဖို့ကောင်းသလို၊ ညနေခင်း ဆည်းဆာအောက် အတူတွဲလျှောက်ရင်း ထီးလေးဆောင်းပေး၊ ချွေးလေးသုတ် ပေးတဲ့အထိလည်း စိတ်ညစ်ညူးစရာတွေ မရှိသေးပါဘူး။ ချစ်သူရည်းစားဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိ ဂရုစိုက်တယ်၊ ဖြည့်ဆည်းပေးတယ်ပြောပြော အဲဒီ ဂရုစိုက်မှုတွေဆိုတာ ဝတ္တရားအဆင့်လို့ပဲ ပြောနိုင်ပါတယ်။ အိမ်ထောင်သည်ဘဝကို ရောက်လာပြီဆိုရင်တော့ မိသားစုအရေး၊ စားဝတ်နေရေးကိစ္စတွေ အတွက် တာဝန်ယူမှု၊ ရုန်းကန်ရမှုတွေလည်း ပါလာခဲ့ပါပြီ။ ရုန်းကန်ကြိုးစားမှုပါလာတာနဲ့အမျှ ပင်ပန်းနွမ်းနယ်တဲ့အခါမျိုးမှာ ငြီးငွေ့မှုတချို့လည်း ပါလာနိုင်တာကြောင့် ညားကာစတုန်းကလို မဟုတ်ဘဲ အချိုကုန်လာတဲ့ပြဿနာလေးတွေ ရှိတတ်တာပါ။ ဒီလိုဖြစ်တတ်တဲ့ သဘာဝကို နဂိုကတည်းက ကြိုတွေးထားပြီး သည်းခံနိုင်စွမ်းအပြည့်နဲ့ ဖြတ်ကျော်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

စားလယ်ဝင် ဖင်မမည်းခင် မကွဲစေချင်

ဟိုးအရင်တုန်းက ကျွန်တော်တို့ဆီမှာ လူကြီးတွေစကားကို နားထောင်ခေါင်းညိတ်ပြီး မိဘပေးစားသူနဲ့ လက်ထပ်ကြတဲ့ အစဉ်အလာတစ်ခု ရှိခဲ့ပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ ဒီကနေ့အချိန်မှာတော့ အိမ်ကပေးစားလို့ဆိုတာထက် ကိုယ့်အိမ်ထောင်ဘက်ကို ကိုယ်တိုင် လွတ်လပ်ပွင့်လင်းစွာ ရွေးချယ်လာကြပြီဖြစ်တဲ့အတွက် ကိုယ်ချစ်လို့ ကိုယ်ရွေးတယ်လို့ပဲ ဆိုပါတော့။ ဘယ်သူမဆို ကိုယ့်ချစ်သူကို ယုံမှတ်လို့ပုံအပ်ပြီး လက် ထပ်လိုက်ပြီဆိုကတည်းက တစ်သက်စာ လက်တွဲဖော် အိမ်ထောင်ဘက်အဖြစ်နဲ့ပဲ ရွေးချယ်ခဲ့ကြတာပါ။ လူရွှင်တော်တွေ ပျက်ကြသလို ‘ကောင်း မကောင်း သိရအောင် သုံးလလောက် ပေါင်းကြည့်မယ်’ဆိုတဲ့ စိတ်ကူးနဲ့တော့ ဘယ်သူမှ ပေါပေါလောလော လုပ်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာက တစ်ဦးနဲ့တစ်ဦး ချစ်လှပါချည်ရဲ့ဆိုပြီး လက်ထပ်ပွဲကြီးတွေ တခမ်းတနားလုပ်ခဲ့ကြပြီးမှ ‘စားလယ်ဝင် ဖင်မမည်းခင်က ကွဲရချက်နာ’ကြတဲ့ စုံတွဲတွေလည်း တွေ့နေရတာပါပဲ။နဂိုကတည်းက လက်တွဲဖော်အပေါ် ရေရှည်မေတ္တာ စိတ်မထားနိုင်ဘဲ ခဏတာ သာယာမှုသက်သက်၊ အပျော်ရှာရုံသက်သက်၊ ငွေကြေးသက်သက်နဲ့ အိမ်ထောင်ပြုဘက် အဖြစ်ရွေးခဲ့တာဆိုရင်တော့ သာယာပျော်ရွှင်ဖွယ်တဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

ဖောက်ပြန်ခြင်းဟာ ပျက်စီးခြင်းပါ

ကိုယ့်ပတ်ဝန်းကျင်မှာ သဘောထားချင်း မတိုက်ဆိုင်၊ ဆက်ပြီး မပေါင်းနိုင်တော့လို့ ကွဲကြပြဲကြတဲ့ စုံတွဲတွေနဲ့ သားသမီးတွေရပြီးမှ မိသားစုဘဝကို ပြိုကွဲပျက်စီးအောင်လုပ်သွားကြတဲ့ လင်မယား ကွာရှင်းခန်းတွေ မြင်ဖူး၊ တွေ့ဖူးကြပါလိမ့်မယ်။ မိသားစုတစ်ခု၊ အိမ်ထောင်တစ်ခု ပြိုကွဲခြင်းနဲ့ပတ်သက်လို့ နောက်ကွယ်က အကြောင်းအရာများစွာရှိနိုင်ပေမဲ အဓိကအကြောင်းရင်းတစ်ရပ်အနေနဲ့ တွေ့ရ မှာကတော့ ‘အိမ်ထောင်ရေး ဖောက်ပြန်မှု’ဆိုတဲ့ ပြစ်ချက် ဖြစ်ပါတယ်။ လင်ဘက်ကဖြစ်စေ၊ မယားဘက်ကဖြစ်စေ ကိုယ့်စည်း ကိုယ်မစောင့်ဘဲ တစ်ပါးသူနဲ့ ဖောက်ပြန်ရေးဇာတ်လမ်းခင်းလိုက်ပြီ ဆိုတာနဲ့ သူတို့ရဲ့မိသားစုဘဝကို ထိခိုက် ပျက်စီးစေပါတယ်။ တချို့ငွေရေးကြေးရေး ပြည့်စုံတဲ့မိသားစုတွေမှာတောင် အိမ်ထောင်ရေးဖောက်ပြန်မှုရှိလာပြီဆိုတာနဲ့ လုပ်ကိုင်သမျှ အဆင်မပြေဖြစ်၊ စီးပွားတွေကျပြီး ဘဝပျက်တတ်တာမျိုး တွေ့ဖူးပါတယ်။ ဒီအတွက် ဘယ်လောက်ပဲ လွယ်လွယ်၊ ဘယ်လိုပဲ အပျော်သဘော ဆိုဆို အိမ်ထောင်သည်ဘဝ ရောက်လာပြီဆိုတာနဲ့ လူမှုရေး ဖောက်ပြန်မှုကိုတော့ မဖြစ်မနေ ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆိတ်ကွယ်ရာ မရှိတော့တဲ့ ဒီနေ့လို အွန်လိုင်းခေတ်ကြီးထဲမှာ ကိုယ့်မိသားစုအပြင်ဘက်ထွက် အပျော်ရှာ၊ ဖောက်ပြန်တာမျိုးတွေ မလုပ်မိအောင် သတိ ကြီးကြီးနဲ့ ရှောင်နိုင်ဖို့ပါ။

မင်္ဂလာဆောင်ပါ၊ အိမ်ထောင်တော့ မကျပါစေနဲ့

aနာက်ဆုံးတစ်ချက်အနေနဲ့ ပူပူနွေးနွေး အိမ်ထောင်ပြုပြီးစနဲ့ အိမ်ထောင်ပြုဖို့ ပြင်ဆင်နေကြတဲ့ ညီလေး ညီမလေးတွေအတွက် ဆရာတော်တစ်ပါး ဆုံးမထားတဲ့ အိမ်ထောင်ရေးဆိုင်ရာ တွေးစရာဒဿနလေးတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။ အချစ်စစ် အချစ်မှန်ကို စောစောစီးစီး တွေ့ရှိသွားလို့ပဲ ဖြစ်ဖြစ်၊ အချိန်တန် အရွယ်ရောက်လို့ပဲဖြစ်ဖြစ် မောင်မယ်တူ ပေါင်းဖက်ကြတဲ့အခါမျိုးမှာ မင်္ဂလာပဲဆောင်ပါ၊ အိမ်ထောင်တော့ မပြုပါနဲ့ဆိုတဲ့ ဆုံးမစကားပါ။ မင်္ဂလာဆောင်တယ်ဆိုတာ သူနဲ့ကိုယ်၊ သူ့မိဘအသိုင်းအဝိုင်းနဲ့ ကိုယ့်မိဘအသိုင်းအဝိုင်း နှစ်ဦးနှစ်ဘက် စိတ်လက်ကြည်သာ မင်္ဂလာရှိစွာနဲ့ ပျော်ရွှင် အောင်မြင်တဲ့ မိသားစုဘဝတစ်ခုကိုရရှိလာဖို့ စိတ်တူကိုယ်တူ ပေါင်းစပ်ကြတာပါ။

အိမ်ထောင်ကျတယ်ဆိုတာကတော့ သတို့သားနဲ့ သတို့သမီး၊ သူ့အသိုင်းအဝိုင်းနဲ့ ကိုယ့်အသိုင်းအဝိုင်းကြား အားပြိုင်မှု၊ ထောင်လွှားမောက်မာမှုတွေ၊ စိုးမိုးချုပ်ကိုင်လိုမှု၊ အလိုမကျမှုတွေနဲ့ တုတ်နှောင်ဘောင်ခတ်ပြီး တဖြည်းဖြည်းနဲ့ ထောင်ကျသလို ကျဉ်းကျပ် ပူလောင်လာစေတာပါပဲ။ ဒါကြောင့် ပျော်ရွှင်တဲ့မိသားစုတစ်ခု တည်ဆောက်နိုင်ဖို့အတွက် မင်္ဂလာဆောင်ပါ၊ ဒါပေမဲ့ အိမ်ထောင်တော့ မကျစေနဲ့လို့ ဆိုချင်တာပါ။ မောင်နဲ့မယ် မင်္ဂလာဆောင်ပြီးတဲ့နောက် ထောင်ကျသွားသလိုမျိုး မွန်းကျပ်ပူလောင်မှုတွေ ဖြစ်မလာဖို့ဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက်တစ်ဘက်သတ် မဆန်ကြဖို့ လိုပါသေးတယ်။ တစ်ဘက်သတ်ဆန်တယ်ဆိုတဲ့လုပ်ရပ်ဟာ သတ်တာက တစ်ဖက်တည်းဆိုပေမဲ့ သေရတာကတော့ နှစ်ဖက်စလုံးပဲဖြစ်ပါတယ်။ ဒါကြောင့် လင်ရယ်မယားရယ်လို့ဖြစ်လာတဲ့အခါ တစ်ဘက်သတ်ဆန်မှုတွေ လျှော့ပြီး တစ်ဦးနဲ့တစ်ဦး မျှမျှတတ၊ နားလည်မှုရှိရှိ၊ သစ္စာခိုင်ခိုင် တိုင်တိုင်ပင်ပင်နဲ့ မင်္ဂလာရှိအောင် မင်္ဂလာဆောင်နိုင်ကြပါစေလို့ပဲ တိုက်တွန်းလိုက်ပါရစေ။

ဒီနေသစ် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top