ကလေးငယ်တွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှု များများ ပြုလုပ်ဖို့ လိုအပ်နေ

46792922_2262609043957589_4945251758663270400_n.jpg

စာဖတ်သူက တစ်နေ့ကို ဘယ်နှနာရီလောက် ကိုယ်လက်လှုပ်ရှား လုပ်ဖြစ်ပါလဲ။ ကလေးသူငယ်ရှိခဲ့ရင် သူတို့ကိုကော ဘယ်နှနာရီ ဆော့ကစားခိုင်းတတ်သလဲ။ သူတို့ဆော့တိုင်း နားညည်းလို့ဆိုပြီး ဟန့်တားနေတတ်ပါသလား။ အပြင်ထွက် မဆော့နဲ့ဆိုပြီး ဖုန်းတွေနဲ့ ပေးဆော့ထားတတ်ပါသလား။

အမေရိကန်နိုင်ငံမှာ အသစ် ချမှတ်လိုက်တဲ့ ကျန်းမာရေး လမ်းညွှန်ချက်အရ ကလေးငယ်တွေဟာ ကာယအချိန်မှာတင်မကပဲ တစ်နေ့လုံး လိုလို လှုပ်လှုပ်ရှားရှားရှိဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေမှ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းက တစ်ပတ်မှာ အနည်းဆုံး ၂နာရီခွဲ လောက် ကိုယ်လက်လှုပ်ရှား လုပ်နေဖို့ သ့င်တဲ့အတွက် ကားပါကင်မှာ ကားကို ဝေးဝေးရပ်တာ၊ ရိုးရိုးလှေကားကို များများအသုံးပြုပေးတာ အစရှိတဲ့ အသေးစား လှုပ်ရှားမှုတွေက စလုပ်နေဖို့ လိုပါတယ်။

ကျွန်တော်တို့တွေ အားကစားက အရေးကြီးတယ်၊ ကိုယ်လက်လှုပ်ရှားတာ ကောင်းတယ်လို့ တဖွဖွ ပြောနေရတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ပုံမှန်လေး လမ်းလျှောက်တာကနေတောင် ကင်ဆာရောဂါ အနည်းဆုံး (၈) မျိုး လောက်ကို ကာကွယ်နိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ မလိုအပ်ဘဲ စိုးရိမ်မှုများခြင်း၊ အယ်လ်ဇိုင်းမား ရောဂါတွေကိုပါ ကာကွယ်နိုင်စွမ်း ရှိပါတယ်။

အဆိုပါ ကျန်းမာရေးလမ်းညွှန်မှာ ပါဝင်တဲ့အချက်တွေကတော့

အရွယ်ရောက်ပြီးသား လူတွေက ထိုင်တဲ့အချိန်ကို လျှော့ပြီး များများလှုပ်ရှားရမယ်။

တစ်ပတ်မှာ ၂ နာရီခွဲကနေ ၅ နာရီ အထိ အသင့်အတင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်သင့်ပြီး ၁၅မိနစ်ကနေ ၂ နာရီခွဲလောက်အထိကတော့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်ပါတယ်။ (လှုပ်ရှားမှု ပြုလုပ်အပြီး စကားပြောနိုင်သေးတယ်။ ဒါပေမယ့် သီချင်းမဆိုနိုင်ဘူးဆို ဒါဟာ အသင့်အတင့် ပြင်းထန်ပါတယ်။ စကားတစ်ကြောင်း မပြည့်ခင် အသက် အရင်ရှုရတယ်ဆိုရင်တော့ ဒါဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။)

၆-၁၇ နှစ်အတွင်းရှိတဲ့ လူငယ်တွေက တစ်နေ့ကိုအနည်းဆုံး တစ်နာရီ လှုပ်ရှားရမယ်။ ဖွံ့ဖြိုးနေတဲ့ အရွယ်တွေဖြစ်လို့ အရိုးအဆစ် သန်မာစေတဲ့ ကြိုးခုန်တာ စတာတွေကိုပါ ပြုလုပ်သ့င်တယ်။

ကလေးငယ်တွေကတော့ တစ်နေ့ကို မပြင်းထန်တဲ့ လှုပ်ရှားမှု၊ အသင့်အတင့် ပြင်းထန်၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို သုံးနာရီစာလောက် အနည်းဆုံး လုပ်သင့်ပါတယ်။

အခုလို ပြုလုပ်ရတဲ့ အကျိုးကျေးဇူးအနေနဲ့ကလေးငယ် တွေဆိုရင် အရိုးအဆစ်သန်မာမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိမယ်။ လူငယ်တွေဆိုရင် ကျောင်းမှာ စာကောင်းကောင်း လိုက်နိုင်မယ်။ နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်မယ်။ မှတ်ဉာဏ်နဲ့ အတွေးအခေါ် ကောင်းစေတဲ့အပြင် စိတ်ဓာတ်ကျခြင်း၊ အိပ်ရေးဝဝအိပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရမှာဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ဆိုရရင် မိမိကလေးငယ်ကို ငယ်စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှား များများလုပ်ပြီး ကျန်းမာရေးကောင်းမွန်စေခြင်းဟာ တယ်လီဖုန်းတွေ၊ တက်ဘလက်တွေ ကလေးကို ပေးဆော့တာထက် အများကြီး ပိုမိုကောင်းမွန်ပါတယ်။ အိမ်ထဲမှာ ဖုန်းနဲ့ပဲ ပေးဆော့၊ အစိုးရိမ်လွန်ပြီး ကလေးကို အပြင်ထွက်မဆော့ခိုင်းတာဟာ နောက်ဆုံး ကိုယ့်ကလေးပဲ ရှုနာရှိုက်ကုန်းဖြစ်၊ ရောဂါဘယထူပြော၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မလိုလားအပ်ဘဲ မျက်မှန်တပ်ရတော့မှ ကိုယ်ပဲ စိတ်ညစ်ရမှာပါ။ ဒါကြောင့်မို့ ကိုယ့်ကလေးငယ်တွေကို ချစ်ရင် (ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေပဲ) များများ ပေးဆော့လိုက်ပါ။

Ref: News exercise guideline “Even parking a little farther away counts”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top