ကားတိုက်ပြေးသူကို ဖော်ထုတ်ပေးခဲ့တဲ့ ခြောက်တန်း ကျောင်းသူလေး

104433765_0b153cae-a889-4584-adab-b9ed88b56041.jpg

ပြီးခဲ့တဲ့ တနင်္လာနေ့က နယူးယောက်ပြည်နယ်၊ ဘက်ဖလိုမြို့က အန်းဒရူးဇစ်ပိုဝစ် (Andrew Sipowicz) ရဲ့ ကားကို ကျောင်းကားတစ်စီးက တိုက်ပြီးထွက်ပြေးခဲ့ပါတယ်။ သူ့ရဲ့ကားကို လမ်းဘေးချရပ်ပြီးထားခဲ့ချိန် မှတ်တိုင်မှာ ကားတိုးပြီး ရပ်ဖို့ကြိုးစားတဲ့ ကျောင်းကားက အခန့်မသင့်ဘဲ ဝင်တိုက်မိသွားခဲ့တာပါ။ ဘတ်စ်ကား ဒရိုင်ဘာအမျိုးသမီးဟာ တာဝန်မယူဘဲ ရှောင်ပြေးသွားခဲ့ပေမဲ့ ဘတ်စ်ကားပေါ်က ဆင်းလာတဲ့ ခြောက်တန်းအရွယ် ကျောင်းသူကလေးမလေးက ဒီဖြစ်ရပ်ကို အစအဆုံး မြင်လိုက်ပါတယ်။

ကလေးမလေးက နည်းနည်းမှ မတွေဝေဘဲ စာရွက်တစ်ခုမှာ ဘတ်စ်ကားရဲ့ နံပါတ်နဲ့ ကားရဲ့ပုံစံကို ပုံဆွဲလိုက်တယ်။ အဖြစ်အပျက် အမှန်အတိုင်းကို စာရွက်ပေါ်မှာ မြန်မြန်ရေးလိုက်ပြီး အန်းဒရူးဇစ်ပိုဝစ်ရဲ့ ကားပေါ်မှာ စာရွက်ကို သွားထားပေးခဲ့ပါတယ်။

ဒီစာကိုဖတ်မိတဲ့ ဇစ်ပိုဝစ်က ဘတ်စ်ကားရဲ့ ကုမ္ပဏီကို ဆက်သွယ်လိုက်တဲ့အခါ ကုမ္ပဏီဘက်က သူ့ကို တောင်းပန်မှု ပြုလုပ်ပေးခဲ့တဲ့အပြင် ကားထိခိုက်မှုအတွက် ထိုက်တန်တဲ့ လျော်ကြေးကိုပေးဖို့ ကတိပြုခဲ့ပါတယ်။ ဇစ်ပိုဝစ်က ဒေါ်လာထောင်နဲ့ချီတဲ့ ကားဝပ်ရှော့ စရိတ်အတွက် စိတ်သက်သာရသွားပြီး စာရေးပြီး အသိပေးခဲ့သူရဲ့ စိတ်ဓာတ်ကို ကျေးဇူးတင်လွန်းလို့ သူ့လက်ရေးနဲ့စာတိုကို တွစ်တာပေါ်တင်လိုက်ရာမှာ ကလေးမလေးရဲ့ လက်ရေးကို မှတ်မိနေတဲ့ ဆရာမက တွေ့ရှိသွားခဲ့တာကြောင့် ကလေးမလေးနဲ့ အဆက်အသွယ် ရသွားခဲ့ပါတယ်။

ဇစ်ပိုဝစ်က ကလေးမလေးနဲ့ နောက်တစ်ပတ်မှာ တွေ့ဆုံပြီး ကျေးဇူးဆပ်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ ” ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကနေ ကလေးမလေးကို သိပ်ပြီး ကျေးဇူးတင်မိတာကြောင့် သူ့အတွက် အသိအမှတ်ပြုဖို့ တစ်ခုခု ပြန်လုပ်ပေးချင်ပါတယ်” လို့ ဇစ်ပိုဝစ်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

တွစ်တာနဲ့ အင်တာနက်ပေါ်မှာတော့ အမှန်တရားကို မြတ်နိုးပြီး အမှန်ကို အမှန်အတိုင်းဖြစ်အောင် ဖော်ထုတ်ခဲ့တဲ့ ဖြောင့်မတ်သူ ကလေးမလေးရဲ့ စိတ်ဓာတ်ကို တစ်ခဲနက် ချီးကျူးကြရပြီး ချစ်စရာကောင်းတဲ့ သူ့ရဲ့ ပုံဆွဲလက်ရာကိုပါ ပျော်ပျော်ရွှင်ရွှင်နဲ့ မျှဝေနေကြပါတယ်။

“ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ရင်တောင် လျစ်လျူရှုထားပြီး သူ့ဘာသာ အိမ်ပြန်သွားလို့ရတာပဲလေ။ မှန်ကန်တဲ့ အလုပ်တစ်ခုကို သတ္တိရှိရှိ လုပ်ရဲခဲ့တဲ့ ကလေးမလေးကို ကျွန်တော် တကယ်ကျေးဇူးတင်မိပါတယ်” လို့ ဇစ်ပိုဝစ်က ပြောခဲ့ပါသေးတယ်။

Ref: BBC “Child’s note tells driver bus hit his parked car ”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top