မျက်လုံးအောင့်တာ သက်သာစေမယ့်နည်းလမ်း (၅)ခု

7-8-2020-yyl-007.jpg

မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေ ခံစားနေရလား။ တစ်နေကုန် ကွန်ပျူတာမျက်နှာပြင်ပဲ စိုက်ကြည့်နေရတဲ့ အလုပ်ကြောင့် ဒါမှမဟုတ်ပြင်ပက လေထုတွင်းအမှုန်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်စိပိုးဝင်ခြင်းကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။

မျက်စိဆိုတာ ခန္ဓါကိုယ်မှာ ထိခိုက်လွယ်ဆုံး၊အနုနယ်ဆုံးအပိုင်းဖြစ်တာကြောင့် နည်းနည်းနာကျင်ရရင်ပဲ စိုးရိမ်တတ်ကြပါတယ်။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီ၊ စာအုပ် အကြည့်များလို့တော်တန်ရုံမျက်စိညောင်းတာ၊ မျက်လုံးအောင့်တာဆိုရင်တော့ ခဏနဲ့သက်သာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အမြန်သက်သာစေမယ့်နည်းလေးတွေက လွယ်လွယ်လေးပါ။

(၁) မျက်လုံးအဖွင့်အပိတ် လုပ်ပေးပါ

မျက်လုံးထဲမှာ ခို့လို့ခုလုဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလိုအောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခန်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလိုဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှုကောင်းစေပြီး မျက်စိညောင်းသက်သာစေပါတယ်။

  • မျက်စိမှိတ်ပြီး ၂ စက္ကန့်နေပါ။
  • မျက်စိမှိတ်လျက်နဲ့ မျက်ခွံကိုကျုံ့ပြီး ၂ စက္ကန့်။
  • ပြီးရင် မျက်စိပြန်ဖွင့်ပြီး ၂ စက္ကန့်။ ဒီအတိုင်း အစကပြန်လုပ်ပေးပါ။
  • သုံးလေးကြိမ်လောက် လုပ်ပြီးရင် မျက်စိဝေဒနာ သက်သာသွားပါလိမ့်မယ်။

(၂) အေးတဲ့အရာတစ်ခုခု ကပ်ပေးပါ

မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်းသက်သာစေတာက အအေးကပ်တာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊ စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။

ရေခဲရေဆွတ်ထားတဲ့အဝတ်လေး(wet tissue အေးအေးလေးဆိုလည်းရပါတယ်) ကို မျက်ခွံပေါ်မှာကပ်ပြီး ငါးမိနစ်ထားပါ။ ဒါမှမဟုတ်ရေခဲတုံးလေးတွေကို ပုဝါလေးနဲ့ပတ်ပြီး မျက်ခွံမှာကပ်ပါ။ ငါးမိနစ်၊ ဆယ်မိနစ်ထားပါ။ ၂ ကြိမ်မှ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၃) ခပ်ဖွဖွ နှိပ်နယ်ပေးပါ

နာရီအတော်ကြာ ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်ရတာကြောင့် ဖြစ်လာတဲ့ မျက်စိညောင်းတာ၊ မျက်စိအောင့်တာတွေအတွက် အနှိပ်နည်းကိုသုံးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက်လည်း အသုံးဝင်တဲ့နည်းပါ။

  • လက်ဖဝါးမှာ သံလွင်ဆီလေးနည်းနည်းပွတ်ပါ။
  • လက်ချောင်းလေးတွေသုံးပြီး မျက်ခုံးအပေါ်ကကြွက်သားတွေနဲ့ မျက်ခွံကို၁၀ စက္ကန့်လောက် ဖွဖွနှိပ်နယ်ပေးပါ။
  • အောက်မျက်ခမ်း၊ အောက်မျက်ရိုးနားကို ၁၀ စက္ကန့်လောက် နှိပ်ပေးပါ။
  • နားထင်နဲ့ ပါးရိုးအပေါ်ပိုင်းကို နှိပ်ပေးပါ။
  • တစ်နေ့တစ်ကြိမ်၊ နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၄) လက်ဖဝါးအနွေးဓါတ်ပေးပါ

လက်ဖဝါးကုထုံးကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်တာကြာသွားလို့ ဒါမှမဟုတ် ကွန်ပျုူတာ၊ တီဗီကြည့်တာကြာသွားလို့ မျက်စိညောင်းလာပြီဆိုရင် ပိုအသုံးဝင်ပါတယ်။

သက်တောင့်သက်သာဖြစ်မယ့် အနေအထားနဲ့ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိပွတ်ပါ။ မှိတ်ထားတဲ့မျက်ခွံပေါ်မှာ လက်နဲ့အုပ်ထားပါ။ မဖိရပါ။ ဖြေလျော့ပြီး စက္ကန့်၃၀လောက်ငြိမ်နေပေးပါ။ မျက်လုံးကိုဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီကြည့်ပါ။ ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။

(၅) မျက်စိကို ကာကွယ်ပါ

မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာကို မဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းက ဆင်ခြင်ကာကွယ်ခြင်းပါပဲ။

ကွန်ပျူတာ သို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီးကြည့်နေရင် မျက်စိနဲ့ပတ်သက်တဲ့ ဝေဒနာတွေက ဖြစ်လာမှာပဲဆိုတော့ ကြည့်နေတဲ့ကြားမှာ ခဏလောက်တော့ မျက်လုံးလွှဲပြီး နားနားပေးပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏဖြစ်စေတတ်ပါတယ်။

  • သက်တောင့်သက်သာဖြစ်မယ့် အနေအထားနဲ့ထိုင်ပါ။
  • လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိပွတ်ပါ။
  • မှိတ်ထားတဲ့မျက်ခွံပေါ်မှာ လက်နဲ့အုပ်ထားပါ။ မဖိရပါ။
  • ဖြေလျော့ပြီး စက္ကန့်၃၀လောက်ငြိမ်နေပေးပါ။
  • မျက်လုံးကိုဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီကြည့်ပါ။
  • ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။

မျက်စိပိုးဝင်တာတွေဖြစ်နေရင် အိုင်းလိုင်နာ၊ ဘာညာ ဘာမှမလိမ်းပါနဲ့။ မျက်စိဝေဒနာ အသေးအဖွဲပဲဖြစ်ပါစေ၊ ခံစားရတာ သိပ်ကြာလာရင် ဆရာဝန်ပြဖြစ်အောင်ပြပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Yun Sandi Nan Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top