သင့်ကလေးရဲ့ ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးကြီးတာလဲ။

mother-with-childeren.jpg

ကိုးလလွယ်လို့ ဆယ်လဖွားပြီး အရိပ်တကြည့်ကြည့် မွေးထားရတဲ့ ကလေးက သွက်သွက်လက်လက် တက်တက်ကြွကြွနဲ့ ပျော်နေတာကိုပြုံးပြီး ကြည့်နေရတာနဲ့တင် အမောပြေတယ်ဆိုတဲ့ ဆန္ဒကို မိဘတွေ အချင်းချင်းပဲ နားလည်မယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သားသမီးက ကျန်းမာနေမယ်ဆိုရင် ပင်ပန်းတာကို မမှုပါဘူး။ ဒီတော့ ကိုယ့်သားသမီးတွေ ကျန်းမာပျော်ရွှင်နေဖို့ အဓိကကျတဲ့ ကိုယ်ခံအားစနစ်အကြောင်း ပြောကြရအာင်။


ကျန်းမာခြင်းရဲ့ အဓိက ဇာတ်လိုက်

ခန္ဓာကိုယ် ကျန်းမာနေစေဖို့ ဆိုရင် ပြင်ပက ရောဂါပိုးတွေ ဝင်မလာအောင် တားဆီးဖို့ကလည်း တစ်ချက်အပါအဝင်ပါ။ ဒါကို အဓိက လုပ်ပေးတဲ့ ဇာတ်လိုက်က ကိုယ်ခံအားပေါ့။ ကိုယ်ခံအား ကောင်းနေမှ ပတ်ဝန်းကျင်က ရောဂါပိုးမွှားတွေ ကူးစက်ခံရတာမျိုး မရှိမှာပါ။

ကိုယ်ခံအားက မေမေ့ဗိုက်ထဲက ထွက်ကတည်းက အတူပါလာတဲ့ အရာပါ။ အပြည့်အဝတော့ မဖွံ့ဖြိုးသေးဘူးပေါ့။ ဒီလိုနဲ့ မွေးဖွားပြီးနောက်မှာ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာပါတယ်။ ကလေးတွေရဲ့ ပထမဆုံး ရက် ၁၀၀၀ မှာ သင်ယူနိုင်စွမ်း၊ ဦးနှောက် နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေနဲ့အတူ ပြင်ပက ရောဂါပိုးတွေကို တိုက်ထုတ်ပေးမယ့် ကိုယ်ခံအားကလည်း ဖွံ့ဖြိုးလာတာပါ။

ဗိုက်ထဲမှာ ရှိတုန်းကတော့ မေမေ့ဆီကနေ ပဋိပစ္စည်းတွေ လက်ခံရယူရင်း ကိုယ်ခံအားကို စတင်ဖန်တီးခဲ့ရတာပေါ့။ မွေးဖွားပြီးတဲ့အချိန်မှာလည်း မေမေ့ဆီကနေ နို့ရည်ကနေ တဆင့်ကိုယ်ခံအားကို ရရှိနိုင်တယ်။ ဒီလိုနဲ့ ကလေးက အသက် ၇ နှစ်၊ ၈ နှစ်လောက်ရောက်လာတဲ့အခါမှာ ကိုယ်ခံအားက ဖွံ့ဖြိုးလာပြီး ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ အခြေအနေကို ရောက်လာတာပါ။ ဒါပေမယ့် ကိုယ်ခံအားက အရွယ်ရောက်တဲ့အခါမှသာ အပြည့်အဝအားကောင်းလာတာဖြစ်ပါတယ်။


ကိုယ်ခံအားက ဘာတွေလုပ်ပေးလဲ

ကိုယ်ခံအားက ဘာလုပ်ပေးလဲဆိုတော့ ရှင်းပါတယ်။ ကိုယ်တွင်းကို ပြင်ပက ရောဂါပိုးတွေ ဝင်မလာအောင် တားပေးပြီး ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးတာပေါ့။ ဖျားနာတာ၊ အအေးမိ၊ တုပ်ကွေး ဖြစ်တာတွေလိုမျိုး ရောဂါလေးတွေကနေ ကြီးမားတဲ့ ကူးစက်ရောဂါတွေအဆုံး ခန္ဓာကိုယ်အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အရာမှန်သမျှကို ကိုယ်ခံအားက တိုက်ခိုက်ပေးပြီး ရောဂါကင်းဝေးနေအောင် ကာကွယ်ပေးပါတယ်။ ရောဂါတွေကင်းဝေးပြီး ဖျားနာ နာကျင် ခံစားရမှုတွေမရှိမှ ကျန်းမာပျော်ရွှင်နိုင်မှာမလား။


ကလေးတွေအတွက် ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးပါတာလဲ

တကယ်ကတော့ ကိုယ်ခံအားစနစ်က ကလေး ကနေစလို့ လူကြီးတွေအထိ အားလုံးအတွက်အရေးပါ တာပါ။ ကြီးထွားဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးတစ်ယောက်အတွက်ကတော့ ပိုလို့ အရေးပါ တာပေါ့။ ဒီလိုပြောရတဲ့ အကြောင်းက ကလေးတွေဟာ သူတို့ရဲ့ ပထမ ၅ နှစ်တာ ကာလအတွင်းမှာ ဦးနှောက်ရော ခန္ဓာကိုယ်ပါ အကောင်းဆုံး ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ ဒီလိုပြည့်ပြည့်စုံစုံ ဖွံ့ဖြိုးဖို့ဆိုတာက ရောဂါတွေနဲ့ အနှောက်အယှက်တွေကင်းဝေးနေရမယ်လေ။

ကိုယ်ခံအားကောင်းပြီး ကျန်းမာနေတဲ့ ကလေးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားကောင်းသလို ဦးနှောက် ဖွံ့ဖြိုးမှုလည်းကောင်းပါတယ်။ သင်ယူမှုစွမ်းရည်လည်း ကောင်းပါတယ်။ ဒီတော့ ကိုယ်ခံအားကောင်းအောင် စောင့်ရှောက်ပေးတာက ကလေးကို ဉာဏ်ကောင်းပျော်ရွှင်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းစေဖို့ လုပ်ဆောင်ပေးတာနဲ့ အတူတူပါပဲ။


ကိုယ်ခံအား နည်းတဲ့အခါ ဘာတွေဖြစ်နိုင်လဲ

ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတစ်ယောက် အနေနဲ့ ကိုယ်ခံအား ကောင်းစွာ မဖွံ့ဖြိုးတဲ့အခါ

  • ခဏခဏ ဖျားနာမယ်
  • ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်
  • သင်ယူမှု အားနည်းမယ်
  • အာရုံစိုက်နိုင်စွမ်း နည်းမယ်
  • ဝမ်းချုပ်မယ်
  • အစာခြေစနစ် ပြဿနာ ရှိမယ်
  • အားနည်းမယ်
  • အစားစားချင်စိတ် မရှိဖြစ်မယ်
  • နှာစေးနှာပိတ် ဖြစ်လွယ်မယ်
  • သွေးအားနည်းရောဂါ ဖြစ်မယ် စတဲ့ ကျန်းမာရေး ပြဿနာတွေအပြင် ပြင်ပက ရောဂါတွေ ကူးစက် ဝင်ရောက်လွယ်တာကို ပါ ခံစားရနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းအောင် လုပ်လို့ရလား

ကိုယ်ခံအားကောင်းအောင် လုပ်လို့ရပါတယ်။ ကိုယ်ခံအားကောင်းစေ ဖို့အတွက် ဖေဖေမေမေတို့ အနေနဲ့ ကလေးကို

  • အာဟာရ ပြည့်ဝအောင် ကျွေးပါ
  • ပြည့်ဝတဲ့ အိပ်စက်ချိန် ထားရှိပါ
  • သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းပါ။

ငယ်စဉ်မှာတော့ အာဟာရပြည့်ဝအောင် ကျွေးပြီး ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးဖို့က သိပ်ကို လိုအပ်ပါတယ်။ ဒီလိုပြောရတာက မိခင်နို့သောက်စဉ် ဗိုက်ထဲမှာ ရှိနေတုန်းက မေမေက အာဟာရပြည့်ဝအောင် စားရင်ကို လုံလောက်ပြီဆိုပေမယ့် ကိုယ်တိုင် အစား စစားချိန်မှာတော့ အာဟာရပြည့်ဝအောင် ကျွေးဖို့လိုပါမယ်။

ဒီတော့ ကလေးကို ကိုယ်ခံအားကောင်းပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ကိုယ်ခံအားကို အထောက်အပံ့ဖြစ်စေမယ့် ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် D၊ ဖောလစ်အက်ဆစ်၊ ဇင့်။ ဆီလီနီယမ် နဲ့ အကျိုးပြု ဘက်တီးရီးယား (probiotics) တို့ ပြည့်ဝလုံလောက်ဖို့ လိုပါမယ်။ အထူးသဖြင့် အကျိုးပြုဘက်တီးရီးယားတွေဟာ ကလေးရဲ့ အူလမ်းကြောင်းကိုကျန်းမာစေပြီး အာဟာရဓာတ်တွေပြည့်ပြည့်ဝဝ စုပ်ယူနိုင်ဖို့ အကူညီပေးနိုင်တယ်။ မလိုလားအပ်တဲ့ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့အတွက်ကြောင့် အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ ဖြည့်စွက်စာတွေလိုမျိုး ကျွေးသင့်တယ်။

ဒါတွေ အားလုံး ပါဖို့ဆိုရင် အာဟာရ ပြည့်ဝမျှတတဲ့ အစားအသောက်တွေကို သေချာပြင်ဆင် ကျွေးမွေးသင့်ပါတယ်။ ဒါကြောင့် ကလေးကို ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတဲ့အစားအသောက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အသီးအရွက်တွေ သေချာကျွေးမွေးပေးဖို့လိုအပ်မှာပါ။ အသား ၊ငါးမျှတအောင် ထည့်သွင်းပြင်ဆင်ပေးဖို့ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဖြည့်စွက်အာဟာရမှုန့်နဲ့ ဖြည့်စွက်နို့မှုန့်တွေကိုလည်း ကျွေးလို့ရပါတယ်။

ဒါဆိုရင်တော့ ကိုယ့်ကလေးရဲ့ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာဖြစ်တာကြောင့် ရောဂါတွေကင်းဝေးပြီး စိတ်ရောကိုယ့်ပါ ပျော်ရွှင်ကျန်းမာတဲ့သားသားမီးမီးတွေ ဖြစ်လာနိုင်မှာပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top