မီးလောင်နေတဲ့ အဆောက်အဦးထဲက လူ (၂) ဦးကို ကယ်တင်ခဲ့တဲ့အပြင် ခရီးသည်ကိုလည်း အချိန်မီ လေဆိပ်ပို့ပေးနိုင်ခဲ့တဲ့ အငှားယာဉ်မောင်းသမား

22-8-2022-yyl-10.jpg

Uber ယာဉ်မောင်းသမား ဖရစ်ဇ် ဆမ်ဟာ LaGardia လေဆိပ်ကို သွားမယ့် ခရီးသည်တစ်ဦးကိုတင်ဆောင်လာခဲ့ပါတယ်။ Bed-Stuy ရပ်ကွက်နားရောက်တော့ အဆောက်အဦးတစ်ခု မီးလောင်နေတာကို မြင်လိုက်ရပါတယ်။

အဆောက်အဦးရဲ့ဒုတိယထပ်တိုက်ခန်းကနေ မီးတောက်တွေထွက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ မီးလောင်တာ တော်တော်လေးပြင်းထန်ပုံရတာကြောင့် ဆမ်က ချက်ခြင်းပဲ ကားကို ရပ်လိုက်ပြီး ကားထဲကနေ ထွက်လာခဲ့ပါတယ်။ ပြီးတော့ မီးလောင်နေတဲ့ တိုက်ခန်းဆီသွားခဲ့ပါတယ်။ ခရီးသည်လည်း ဆမ်နဲ့အတူတူ လိုက်ပြီး “အထဲမှာ တစ်ယောက်ယောက်ရှိလား..အပြင်ထွက်လာပါ။ အပြင်ထွက်လာပါ။ မီးလောင်နေတယ်”လို့ အစွမ်းကုန်အော်ခဲ့ကြပါတယ်။

တစ်ယောက်မှလည်း ခွန်းတုံ့ပြန်မလာတဲ့အတွက် ဆမ်က အထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အထဲရောက်တဲ့အချိန် ဆမ်က လူ (၂) ဦး (အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်) ကို ကယ်တင်ရာမှာ ကူညီပေးနိုင်ခဲ့ပါတယ်။ မီးသတ်သမားတွေ ရောက်လာတဲ့အခါမှ ဆမ်က သူ့ရဲ့ကားဆီကို ပြန်သွားပြီး ခရီးသည်ကို လေဆိပ် အချိန်မီပို့ပေးခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဩဂုတ်လ ၁၇ ရက်နေ့ကပါ။ အဲဒီတုန်းက သူလုပ်ချင်တာဟာ သတ္တိမွေးပြီး မှန်ကန်တဲ့အရာလုပ်ဖို့ဖြစ်ပြီး ကြောက်နေပေမဲ့ ကြောက်စိတ်ဖျောက်ပြီး လုပ်ရမယ့်အရာအပေါ်မှာပဲ အာရုံစိုက်ခဲ့တယ်လို့ ဆမ်က ပြောပါတယ်။ ခရီးသည် ဂျမီမာချ် ဝေကလည်း ဆမ်နဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။ “သူ အဆောက်အဦးထဲကနေ ထွက်လာတော့ “ဟေး.. ကျွန်တော် မီးခိုးနံ့ထွက်နေလား။ ကျွန်မလည်း “ဆရာ..တစ်စုံတစ်ယောက်ရဲ့အသက်ကို ကယ်တင်ခဲ့တာလားပေါ့။ သူက ဟုတ်တယ်တဲ့”

ဒီဖြစ်ရပ်ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်ကတည်း Uber ယာဉ်မောင်းသမားဖြစ်ခဲ့တဲ့ ဆမ်ကို Uber က ချီးကျူးစကားဆိုခဲ့တဲ့အပြင် Uber’s 2022 Yearbook မှာလည်း ထည့်သွင်းဂုဏ်ပြုပေးခဲ့ပါတယ်။ Uber ရဲ့စီအီးအိုကိုယ်တိုင်ကလည်း သူ့ကို ဖုန်းခေါ်ပြီးကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဆမ်ကတော့ သူ ဘာမှ အထူးတလည်မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ “မီးလောင်နေတဲ့ အဆောက်အဦးမှာ မင်းရဲ့မိသားစုရှိနေခဲ့မယ်ဆိုရင် မင်း တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး။ ကျွန်တော် လုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့မိသားစုမဟုတ်ပေမဲ့ တစ်ယောက်ယောက်ရဲ့မိသားစုပါပဲ”လို့ ဆမ်က ဆိုပါတယ်။

Ref: People “‘Heroic’ Uber Driver Helps 2 People Escape Burning Building — But Still Gets Passenger to Airport on Time!”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top