ထင်ပေါ်ကျော်ကြားသူ ၂ ယောက် သေဆုံးပြီးချိန်မှာ အွန်လိုင်းပေါ်က အနိုင်ကျင့်စော်ကားမှုတွေကို အရေးယူဖို့ လက်မှတ်ရေးထိုးတောင်းဆို

9-2-2022-yyl04.jpg

ထင်ပေါ်ကျော်ကြားသူ ၂ ယောက် သေဆုံးခဲ့ပြီးနောက်မှာ တောင်ကိုရီးယားနိုင်ငံမှ လူသိန်းချီက ဆိုက်ဘာအနိုင်ကျင့်မှုတွေကို အပြစ်ပေးအရေးယူပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ဘော်လီဘော ကစားသမား ကင်အင်ဟွတ်နဲ့ YouTuber ချိုကျန်းမီတို့ဟာ တစ်ရက်ခြားစီ သေဆုံးခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားဖွယ် ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ အွန်လိုင်းပေါ်မှာ အမုန်းစကား မှတ်ချက်ပေးမှုတွေ ကြုံခဲ့ရပါတယ်။ ထင်ပေါ်ကျော်ကြားသူတွေ ဆိုက်ဘာအနိုင်ကျင့်မှု ကြုံနေရတာဟာ တောင်ကိုရီးယားနိုင်ငံမှာ အဓိကအကြောင်းအရာတစ်ရပ် ဖြစ်နေပြီး ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ထင်ပေါ်ကျော်ကြားသူအများအပြား ရှိနေပါတယ်။

အသက် ၂၇ နှစ်အရွယ် YouTuber ချိုကျန်းမီ ဟာ ဖေဖော်ဝါရီလ ၅ ရက်က သူ့ရဲ့ နေအိမ်မှာ သေဆုံးသွားခဲ့တာပါ။ အွန်လိုင်းပေါ်က အမုန်းစကား မှတ်ချက်တွေကြောင့် ချိုကျန်းမီ အဆုံးစီရင်သွားခဲ့တာလို့ သူ့ရဲ့မိသားစုဝင်တစ်ယောက်က ပြောပါတယ်။ ချိုကျန်းမီဟာ သူ့ဗီဒီယိုတစ်ခုထဲက အပြုအမူကြောင့် ယောကျ်ားတွေကို မုန်းတီးနေသူလို့ စွပ်စွဲခံခဲ့ရပါတယ်။ ချိုကျန်းမီအပေါ် မှတ်ချက်ပေးမှုတွေကို စောင့်ကြည့်လေ့ရှိတဲ့ သူ့အမေဟာ ၂၀၂၀ ပြည့်နှစ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ မိခင်ဖြစ်သူ ကွယ်လွန်သွားချိန်မှာ ချိုကျန်းမီက အွန်လိုင်းကနေ အနိုင်ကျင့်မှုတွေကို ရပ်တန့်ကြဖို့ မေတ္တာရပ်ခံခဲ့ပါသေးတယ်။

ချိုကျန်းမီနဲ့ပတ်သက်ပြီး သတင်းမှားဖြန့်သူတွေကို အပြစ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုမှုမှာ လက်မှတ်ရေးထိုး ပါဝင်သူ ၁၅၀၀၀၀ နီးပါး ရှိနေပါတယ်။ ချိုကျန်းမီ မကွယ်လွန်မီ တစ်ရက်အလိုမှာ Daejeon Samsung Fire Bluefangs ဘော်လီဘော ကစားသမား ကင်အင်ဟွတ် သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ သွင်ပြင်မူယာကို အွန်လိုင်းပေါ်မှာ ကောလာဟလတွေ ဖြန့်နေတာ၊ အမုန်းစကားမှတ်ချက် ပေးနေတာတွေကို ရပ်တန့်ကြဖို့ သူက မေတ္တာရပ်ခံခဲ့ဖူးပါတယ်။

” ကျွန်တော့်ကို ဘယ်သူဘယ်ဝါ သေသေချာချာ မသိသူတွေကလည်း ကျွန်တော် ပွဲကစားတိုင်း မက်ဆေ့တွေ မရေတွက်နိုင်အောင် ပို့တယ်၊ ထိခိုက်နာကျင်စေမယ့် မှတ်ချက်တွေ ပေးတယ်။ အဲဒါတွေကို ကျွန်တော် သည်းမခံနိုင်တော့ပါဘူး။ တော်ကြပါတော့” လို့ သူက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ကင်အင်ဟွတ် သေဆုံးခဲ့ပြီးနောက်မှာ သူ့အပေါ် အနိုင်ကျင့်စော်ကားမှုတွေနဲ့ပတ်သက်ပြီး သရုပ်ဆောင်မင်းသား ဟောင်ဆွတ်ချွန်းက ဝေဖန်သွားခဲ့ပါတယ်။ ” ခင်ဗျားတို့ လက်ချောင်းထိပ်လေးတွေကနေ ဖြစ်လာတဲ့ ဓားတွေကြောင့် လူဘယ်နှစ်ယောက် သေခဲ့ရလဲဆိုတာ ကျွန်တော် မှတ်မိနေမှာပါ။ ကျွန်တော် ထပ်ပြောမယ်။ ညှာတာစာနာမှုမရှိတဲ့ ခင်ဗျားတို့လို မှတ်ချက်ပေးသူတွေက လူသတ်သမားတွေပဲ” လို့ ဟောင်ဆွတ်ချွန်းက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ထင်ပေါ်ကျော်ကြားသူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် အွန်လိုင်းပေါ်က အနိုင်ကျင့်စော်ကားမှုတွေအကြောင်း လူပြောများလာတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်တုန်းကလည်း အွန်လိုင်းပေါ်မှာ နှစ်ရှည်လများ အနိုင်ကျင့်စော်ကားမှုတွေ ရင်ဆိုင်ခဲ့ရတဲ့ သရုပ်ဆောင်မင်းသမီး ဆူလီ သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ ထင်ပေါ်ကျော်ကြားသူအများအပြားက ကေပေါ့လောကထဲက အနုပညာရှင်တွေကို ပိုဂရုစိုက်ပေးကြဖို့၊ သူတို့ ရင်ဆိုင်နေရတဲ့ ဖိအားတွေကို ဖြေလျှော့ပေးကြဖို့ တောင်းဆိုခဲ့ကြဖူးပါတယ်။

Ref: BBC “Korea: High-profile suicides spark cyber-bullying petition”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top