၆ နှစ်ကြာ တာယာကွင်းစွပ်နေတဲ့ အင်ဒိုနီးရှား မိချောင်းကို တာယာကွင်းဖြုတ်ပေးနိုင်ခဲ့

9-2-2022-yyl01.jpg

လည်ပင်းမှာ တာယာကွင်းစွပ်လျက် အနေအထားနဲ့ ၆ နှစ်ကြာ နေခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံက မိချောင်းကို တိရစ္ဆာန်ချစ်သူတွေက တာယာကွင်းဖြုတ်ပေးနိုင်ခဲ့ပါပြီ။ လည်ပင်းမှာ ဆိုင်ကယ်တာယာကွင်း စွပ်နေလို့ မိချောင်း အရွယ်အစား ကြီးလာရင် လည်ပင်းအစ်ပြီး အသက်ရှူကျပ်လာမှာကို ပါလူမြို့ ဒေသခံတွေက စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ တာယာကွင်းဖြုတ်ပေးဖို့အတွက် မိချောင်းကို ဖမ်းဖို့ကလည်း အလွန်ခက်ခဲခဲ့ပါတယ်။

သြစတြေးလျနိုင်ငံသား မိချောင်းဖမ်းသူတစ်ယောက်က ဒီမိချောင်းကို ဖမ်းပြီး တာယာကွင်းဖြုတ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ၂၀၂၀ ပြည့်နှစ်မှာ ဆူလာဝီဆီပြည်နယ် အာဏာပိုင်တွေက မိချောင်းလည်ပင်းမှာ စွပ်နေတဲ့ တာယာကွင်း ဖြုတ်ပေးနိုင်သူကို ဆုငွေချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ၁၃.၁၂ ပေ ရှည်လျားတဲ့ အဲဒီမိချောင်းကို အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသား တီလီက ဖမ်းဆီးနိုင်ခဲ့တာပါ။

တီလီဟာ မိချောင်းကို မျှားခေါ်ဖို့ ကြက်အရှင်၊ ဘဲအရှင်တွေကို ငါးစာပြပြီး သစ်လုံးတစ်လုံးမှာ ကြိုးချည်ကာ ထောင်ချောက်ဆင်ခဲ့တာပါ။ မိချောင်းကို ၃ ပတ်လောက် ခြေရာခံစောင့်ကြည့်နေခဲ့ပေမဲ့ မိချောင်းကလည်း ပါးနပ်လွန်းလို့ သူ့ထောင်ချောက်ကနေ ၂ ကြိမ်တိုင်တိုင် လွတ်မြောက်သွားခဲ့ပါတယ်။ နောက်ဆုံးတစ်ကြိမ်ကျမျှ ဖမ်းမိခဲ့တာပါ။

” မိချောင်းကို ကျွန်တော်တစ်ယောက်တည်း ဖမ်းခဲ့ရတာပါ။ ပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းပေမဲ့ သူတို့က ကြောက်နေတယ်လေ။ လူတော်တော်များများကလည်း ကျွန်တော့်ကို မယုံသင်္ကာဖြစ်နေတယ်။ မိချောင်းဖမ်းဖို့ အမှန်တကယ်လုပ်နေတယ်လို့ မထင်ကြဘူး” လို့ တီလီက ပြောပါတယ်။ တီလီက မိချောင်းကို ဖမ်းမိပြီးနောက်မှာတော့ တာယာကွင်းကို လွှနဲ့ တိုက်ဖြတ်ခဲ့တာပါ။

တီလီက ဆုငွေလိုချင်လို့ မိချောင်း ဖမ်းခဲ့တာ မဟုတ်ပါဘူး။ ” တိရစ္ဆာန်တွေ နာကျင်ခံစားနေရရင် ကျွန်တော် မကြည့်ရက်ဘူး။ မြွေတွေဆိုရင်တောင် ကျွန်တော် ကူညီပေးမှာပါ ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ ညနေပိုင်းမှာတော့ အဲဒီမိချောင်းကို မြစ်ထဲပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။

Ref: CNN “Indonesia crocodile finally freed from tire after six years”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top