နျူကလီယားလက်နက် အစီအစဉ်ကို ဖျက်သိမ်းဖို့ ကင်ဂျုံအမ် ဆန္ဒရှိနေ

263610-970x600-1.jpg

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ နျူကလီယားလက်နက် အစီအစဉ်ကို ဖျက်သိမ်းဖို့ အမေရိကန်နဲ့ တွေဆုံဆွေးနွေးရေး ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ နျူကလီးယား၊ ဒုံးကျည်တို့နဲ့ ရန်စမှုတွေကိုလည်း ရပ်တန့်မှာဖြစ်သလို ဆွေးနွေးမှုတွေ လုပ်ဆောင်လိုနေတယ်လို့ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ရဲ့ လုံခြုံရေးဆိုင်ရာအကြံပေး ချန်အီယမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားနိုင်ငံဆီ ၂ ရက်ကြာ အလည်ပတ်ခရီး သွားရောက်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်က နျူကလီယားလက်နက် ဖျက်သိမ်းဖို့ ဆန္ဒရှိနေတဲ့အကြောင်းကို ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ်ရှိနေတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဖယ်ရှားပေးဖို့နဲ့ လုံခြုံရေး အာမခံချက်ပေးမယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီယားလက်နက်တွေကို ထိန်းသိမ်းထားစရာအကြောင်းမရှိဘူးလို့ တောင်ကိုရီးယားသမ္မတရဲ့ လုံခြုံရေးအကြံပေးကပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာ ရပ်တန့်ထားရတဲ့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ပြန်စတင်ဖို့ စိတ်ဝင်စားနေပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီယား ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေသလို အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေး တည်ထောင်ဖို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်သာဆိုရင် မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်၊ နျူကလီယား စမ်းသပ်မှုတွေလို မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ လုံခြုံရေးဆိုင်ရာအကြံပေး ချန်အီယမ်က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်ဟာ နျူကလီယားလက်နက်တွေ စွန့်လွတ်ဖို့ ဆန္ဒရှိနေရာမှာ အပြန်လှန်အနေနဲ့ အမေရိကန်က လုံခြုံရေး အာမခံချက် ပေးရဖွယ် ရှိနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လတွေအတွင်း ဒုံးကျည်စမ်းသပ်တာကို မကြာခဏ လုပ်ဆောင်ခဲ့တဲ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပဋိပက္ခဖြစ်တာတွေ ရှိခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဟာ ဆွေးနွေးမှု ပြန်လုပ်ဖို့ ဆန္ဒရှိလာပြန်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ဖျက်သိမ်းရေးကိစ္စအပြင် ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး ရရှိစေဖို့အတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေအကြား ဆွေးနွေးမှုတွေဖြစ်လာအောင် တွန်းအားပေး လုပ်ဆောင်နေပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top