ဘဝမှာ ရှင်သန်နေမှုဟာ အခွင့်အလမ်းကောင်းတစ်ခုပါ

life01.jpg

(၁)
ကျွန်တော်တို့ရဲ့ ဗုဒ္ဓရှင်တော်မြတ်ဘုရားက ‘မနုဿ ဘာဝေါ ဒုလ္လဘော’၊ ‘လူအဖြစ်ဟာ ရခဲတယ်’လို့ ဟောကြားခဲ့ပေမဲ့ ဒီနေ့ဒီအချိန်မှာတော့ လူကြီး၊ လူငယ်အရွယ်စုံတချို့ ရခဲလှတဲ့ ကိုယ့်ဘဝကို တန်ဖိုးထား ခင်တွယ် မှုမရှိဘဲ ပုံစံအမျိုးမျိုးနဲ့ အရှုံး ပေးအညံ့ခံနေကြတာတွေလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရပြန်ပါတယ်။

အထက်တန်းအရွယ် ကျောင်းသူလေးက စာမေးပွဲကျလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်၊ တချို့ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းက ထားခဲ့လို့၊ နောက်တစ်ယောက်နဲ့ ဖောက်ပြန်လို့ အိပ်ဆေးတွေ သောက်ပြီး လက်ရှိဘဝ လက်ရှိ ခန္ဓာကို အရှုံးပေးနှုတ်ဆက်၊ တချို့ မိသားစုတွေကျလည်း စီးပွားရေးကျပ်တည်းလွန်းလို့ ကိုယ်ကိုယ်တိုင် သတ်သေရုံမကဘဲ အပြစ်မဲ့တဲ့ ကလေးငယ် လေးတွေကိုပါ သေတွင်းထဲ ဆွဲခေါ်သွားကြ….စတဲ့ သတင်းတွေကို မီဒီယာစာမျက်နှာထက် တွေ့ရတတ်သလို အွန်လိုင်းပေါ်မှာလည်း မကြာခဏဆိုသလို ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ သတင်းတွေ ကြားရတတ်ပါတယ်။ စား ဝတ်နေရေးကျပ်တည်းတိုင်း၊ စီးပွားရေးအဆင်မပြေတိုင်း ဘဝကိုအရှုံး ပေးရမယ်ဆိုရင်တော့ ဆင်းရဲ၊ ချမ်းသာ လူတန်းစားကွာဟလွန်းတဲ့ ဒီနိုင်ငံမှာ ငွေကို ရေလိုသုံး စိတ်ကြိုက်ဖြုန်းနိုင်တဲ့ လိုတရဘဝတွေဆိုတာလည်း တကယ့်ကို လက်တစ်ဆုပ်စာလေးပဲ ရှိတာ မဟုတ်ပါလား။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အဲဒီလိုမျိုး ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့သတင်းတွေ ကြားမိတဲ့အခါတိုင်း အသက်ရှင်နေသေးသမျှ စိတ်ကူးယဉ်ခွင့်၊ အိပ်မက်,မက်ခွင့်၊ ရုန်းထွက်ခွင့်၊ ကြိုးစားခွင့်တွေ ရှိနေသေးတဲ့ ကိုယ့်ဘဝ ကိုယ့်အသက် ဆက်မရှင်ချင်တော့လောက်အောင် ဘယ်လိုမျိုး လောကဓံ၊ အကြောင်းတရားတွေက ဖိနှိပ်ဝါးမျိုးပစ်လိုက်လို့လဲဆိုတဲ့ အတွေးနဲ့ သူတို့ကိုယ်စား ယူကျုံးမရ ဖြစ်မိတာတော့ အမှန်ပါပဲ။
ဘဝထဲ ရောက်လာခဲ့ပြီးမှ အဆင်မပြေမှု၊ စိတ်အလိုမကျမှုတွေနဲ့ ရင်ဆိုင်၊ ကျရှုံး၊ အားတင်း၊ လဲပြိုဖြစ်နေရတဲ့ အနာဂတ်ငယ်လေးတွေ၊ လောကဓံခရီးသွားတွေအတွက် တွေး စရာအဖြစ်အပျက်နဲ့ ပုံပြင်တချို့ကို မျှဝေပေးချင်ပါတယ်။

(၂)
ခုအချိန်မှာ အသက် ၇ဝ အရွယ် ရှိနေပြီဖြစ်တဲ့ အမေရိကန်သမ္မတ ဟောင်း ဘီလ်ကလင်တန်ဟာ ၁၉၉၃ ကနေ ၂ဝဝ၁ ခုနှစ်အထိ သမ္မတ သက်တမ်းနှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့သူပါ။ အမေရိကန်နိုင်ငံရဲ့ ၄၂ ဆက်မြောက် သမ္မတရာထူးကို ဆက် ခံရရှိခဲ့တဲ့ ဘီလ်ကလင်တန်ဟာ သီယိုဒိုရုစဗဲ့နဲ့ ဂျွန်အက်ဖ် ကနေဒီတို့ပြီးရင် တတိယမြောက်အသက်အငယ်ဆုံး အမေရိကန်သမ္မတလည်း ဖြစ်ခဲ့ပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်တစ်ယောက် စင်္ကာပူနိုင်ငံကို ရောက်ရှိပြီး တက္ကသိုလ်မှာ တွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ခဲ့ပါတယ်တဲ့။
အဲဒီအချိန်မှာ အောင်မြင်မှု၊ ကျော်ကြားမှုတွေကို ဆာလောင်နေတဲ့ လူငယ်လူရွယ်တွေက ‘သမ္မတကြီးခင်ဗျား၊ ဘဝမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ဘယ်အရာတွေ လိုအပ်ပါသလဲ’၊ ‘ဘယ်လိုအရာတွေ ရရှိတယ်ဆိုမှ အောင်မြင်မှုရတယ်လို့ ပြောလို့ရလဲ’ စသဖြင့် တစ်ယောက်တစ်ပေါက် မေးကြမြန်းကြတာပေါ့။
သူ့ဆီကို တက်လာတဲ့ အောင်မြင်မှုဆိုင်ရာ မေးခွန်းပေါင်းများစွာကို မဖြေခင်မှာပဲ ‘နေဦးဗျာ၊ ခင်ဗျားတို့ မေး တာတွေ ခဏနေဦး။ အရင်ဆုံး ကျွန်တော့်အတွေ့အကြုံတစ်ခု ပြောပြမယ်’ လို့ အစချီပြီး ဘီလ်ကလန်က သူပြော ချင်တဲ့အဖြစ်အပျက်တစ်ခုကို ပြောပြပါ တော့တယ်။

ဘီလ်ကလင်တန် အမေရိကန် သမ္မတဖြစ်ပြီး သိပ်မကြာခင် ၁၉၉၄ ခုနှစ်ထဲက ရဝမ်ဒါမှာ လူမျိုးတုံးသတ်ဖြတ်မှုပဋိပက္ခကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဟူတူလူမျိုးအများစုရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် လူနည်းစုတူစီမျိုးနွယ်စုများစွာ သေဆုံးခဲ့ရပြီး ရဝမ်ဒါလူမျိုး တုံးသတ်ဖြတ်မှုမှတ်တမ်းဟာ ရက် ၁ဝဝ အတွင်း လူ ၈ သိန်းလောက်ထိ ကြောက်မက်ဖွယ်ရာ သေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဆိုခဲ့ကြပါတယ်။
ရဝမ်ဒါပဋိပက္ခဖြစ်ပွားပြီးနောက် အဲဒီကို ဘီလ်ကလင်တန် ရောက်သွား ပြီး လူမျိုးတုံးသတ်ဖြတ်ပွဲကြီးအတွင်း အသက်မသေဘဲ ရှင်ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တွေက သူ့ဆီကို လာတွေ့ဆုံပါတယ်။
ဘီလ်ကလင်တန်ရှိရာကို လျှောက်လာကြတဲ့ လူတွေထဲမှာ တချို့က ဝှီးချဲနဲ့၊ တချို့က ချိုင်းထောက်တွေနဲ့ လာနေကြတာကို စိတ်မသက်မသာဖွယ်ရာ တွေ့ရပါတယ်။ အဲဒီအချိန်မှာပဲ အမျိုးသမီးကြီးတစ်ယောက်တည်း ထူးထူးခြားခြားနဲ့ သူ့ဆီကို ကောင်းကောင်းမွန်မွန် လမ်းလျှောက်ပြီး လာ နိုင်တာမြင်ရတော့ ‘အော် …ဒီအမျိုး သမီးကြီးကတော့ ကံကောင်းရှာတာပဲ။ သတ်ပွဲဖြတ်ပွဲကြီးမှာ ဘာမှ ဒဏ်ရာမရဘဲ အသက်ရှင်ကျန်ခဲ့တယ်’လို့ ဘီလ် ကလင်တန်ရဲ့စိတ်ထဲ တွေးမိတာပါ။
ဘီလ်ကလင်တန် ဘယ်လိုတွေးနေတယ်ဆိုတာ ရိပ်မိတဲ့ အမျိုးသမီးကြီးက အခုလို ပြန်ပြီးတော့ ရှင်းပြပါတော့တယ်။
‘ကျွန်မက ဒီလို လျှောက်လှမ်းလာတဲ့အတွက် ကျွန်မဟာ ဘာဒဏ်ရာမှ မရခဲ့ဘူးလို့ သမ္မတကြီးက ထင်ရင်ထင်နေမှာပေါ့ ရှင်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး သမ္မတကြီးရယ်။ ဒီမှကြည့်ပါ’ဆိုပြီး အမျိုးသမီး ကြီးက သူဝတ်လာတဲ့ အင်္ကျီအရှည် ကြီးကို လှန်ပြလိုက်ပါတယ်။
အဲဒီအခါမှ အမျိုးသမီးကြီးရဲ့ နောက်ကျောမှာ သေလောက်အောင် ဖြစ်ခဲ့ရတဲ့ ဒဏ်ရာအကြီးကြီးကို တွေ့ ရပြီး သူ့ကိုသတ်ဖြတ်သူတွေက ဒီဒဏ်ရာကြီးနဲ့ သေသွားပြီထင်လို့ ထားခဲ့ကြ တယ်ဆိုတာ ဘီလ်ကလင်တန် သ ဘောပေါက်ပါတော့တယ်။
ရဝမ်ဒါကို သွားခဲ့တုန်းက အတွေ့အကြုံကို အထက်ကလိုမျိုး ပြန်ရှင်းပြ ပြီးတော့မှ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်က-
‘ခင်ဗျားတို့ ဘယ်လိုနေမှ အောင်မြင်မယ်။ ဘယ်လိုနေမှ ဘဝတန်ဖိုး ရှိတယ်လို့၊ ဘာတို့ ခဏထားပါဦး။
ဘဝမှာ အသက်ရှင်နေရခြင်းဟာပဲ အခါအခွင့်ကောင်းလို့ ခင်ဗျားတို့ မှတ်လိုက်ပါဗျာ’ဆိုပြီး နိဂုံးချုပ်လိုက်ပါတော့တယ်။
ကိုယ်လက်ရှိ ဖြတ်သန်းနေရတဲ့ ဘဝကို ဆင်းရဲလှချည်ရဲ့၊ မွန်းကျပ်လှချည်ရဲ့ဆိုပြီး စိတ်ပျက်၊ အားလျော့နေသူတွေအတွက် သမ္မတဟောင်း ဘီလ် ကလင်တန်ရဲ့ ‘ဘဝမှာ အသက်ရှင်နေ ရခြင်းဟာ အခါအခွင့်ကောင်း’ဆိုတဲ့ စကားလေးက တကယ့်ကို စဉ်းစားဆင်ခြင်ဖွယ်ရာပါပဲ။
ဘယ်လောက်ပဲ ဒုက္ခရောက်တယ်၊ ကျရှုံးနေတယ်ပြောပြော အ နည်းဆုံးတော့ အသက်ရှင်နေသေး တယ်ဆိုရင် ဒုက္ခက ရုန်းထွက်နိုင်ဖို့ ကြိုးစားခွင့်(အခွင့်အလမ်း)တစ်ခုတော့ ရှိနေသေးတယ် မဟုတ်ပါလားဗျာ။

(၃)
အထက်မှာ ပြောခဲ့သလိုပါပဲ။
တစ်နေ့ထက်တစ်နေ့ ပိုပြီး ကျပ်တည်းကျဉ်းမြောင်း၊ ပိုပြီး ရက်စက်မာကျောသလိုဖြစ်လာနေတဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ သူသူကိုယ်ကိုယ် အခက်အခဲတွေ၊ စိတ်ပင်ပန်းမှု၊ ဖိအားတွေနဲ့ ကြုံတွေ့နေရတာဟာ အဆန်းတကြယ်တောင် ဟုတ်မယ် မထင်တော့ပါဘူး။ ဒီလို အခြေအနေမျိုးမှာ ရခဲလှတဲ့ လူ့ဘဝတန်ဖိုးကို နားလည်တဲ့သူတွေအနေနဲ့ ပြင်ဆင်ထားသင့်တာက ဘယ်လို စိတ်ဓာတ်သတ္တိ၊ မာကျောမှု နဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကပဲ အရေးကြီးတာပါ။
ကျွန်တော်တို့ လေးစားအားကျရတဲ့ စာရေးဆရာကြီး နန္ဒာသိန်းဇံကတော့ သူ့ရဲ့ ‘မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း’စာအုပ်မှာ-
‘ဒုက္ခရှေ့မှောက်ရောက်တဲ့အခါ တချို့လူတွေဟာ ချိုင်းထောက်ဝယ်တပ်ရပြီး တချို့လူတွေမှာတော့ အတောင်တွေ ပေါက်လာကြတယ်’လို့ ကွက်ကွက်ကွင်းကွင်း အလင်းပြထား ပါတယ်။
ဒါ့အပြင် ‘ပုပ်နေတဲ့ သစ်သီးမှာ လှည့်ကိုက်စရာ တစ်နေရာတော့ ရှိတတ်တယ်’ဆိုတဲ့ စကားလေးကလည်း အဆင်မပြေမှုတွေနဲ့ ရုန်းကန် နေရဆဲ ပုဂ္ဂိုလ်တွေအတွက် အကောင်းမြင်တတ်ရင် အားတက်ဖွယ်ရာပါပဲ။

(၄)
ဒီတစ်ခါ နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ ‘သားသုံးယောက်နဲ့ ဒင်္ဂါးပြားပုံပြင်’လေးအကြောင်းပါ။
တစ်ခါတုန်းက အလွန်ချမ်းသာပြီး စည်းကမ်းကြီးတဲ့ သူဌေးကြီးတစ်ဦးဟာ အခါတော်နေ့တစ်နေ့မှာ သူ့ သားသုံးယောက်ကို ခေါ်ပြီး အဖိုးတန် ရွှေဒင်္ဂါးပြား နှစ်ပြားစီ ဝေခြမ်းပေးလိုက်ပါတယ်။
သူ့တို့ရဲ့ ဖခင်သူဌေးကြီးဆီကနေ ရွှေဒင်္ဂါးပြားတွေရတဲ့ကိစ္စဟာ သား သုံးယောက်အတွက်တော့ တကယ့်ကို ထူးထူးဆန်းဆန်း ဖြစ်နေပါတယ်။
အရင်ဆုံး အငယ်ဆုံးသားက ‘ငါ့ ဖခင်ဟာ အလွန်ကပ်စေးနှဲတယ်၊ ဇီ ဇာကြောင်တယ်။ မပေးစဖူး အပေး ထူးတဲ့ ဒီဒင်္ဂါးနှစ်ပြားကိုတော့ ငါသုံးလိုက်၊ ပျော်လိုက်ဦးမယ်ဟဲ့’ဆိုပြီး အပေါင်းအသင်းတွေနဲ့ သောက်စားပျော် ပါးလိုက်တာ ဒင်္ဂါးပြားတွေလည်း ကုန် သွားပါတော့တယ်။
ဒုတိယသားဖြစ်တဲ့ အလတ်ကောင်ကျတော့လည်း ‘ငါ့ဖခင်ကြီးက ဘယ်သူ့မှ အားနာတာမဟုတ်ဘူး။ သားဆိုပြီးတော့လည်း ညှာတာမဟုတ်ဘူး။ တော်ကြာ လူကြားသူကြား အရှက်ခွဲခံနေရမယ်’လို့တွေးပြီး သူ့ဖခင် သူဌေးကြီး ပြန်တောင်းတဲ့အခါ ပေးနိုင်ဖို့အတွက် ရွှေဒင်္ဂါးနှစ်ပြားကို အ ငယ်ကောင်လို မသုံးစွဲဘဲ ဥယျာဉ်ထဲမှာ သွားမြှုပ်ထားလိုက်ပါတယ်။
အကြီးဆုံးသားကတော့ အောက်က နှစ်ယောက်နဲ့မတူပါဘူး။
ဖခင်သူဌေးကြီးဆီကရလာတဲ့ ဒင်္ဂါးနှစ်ပြားနဲ့ စီးပွားရေးလုပ်ပြီး ငွေကို ကြိုးကြိုးစားစား ရှာဖွေလိုက်တာ တစ် နှစ်လောက်အတောအတွင်းမှာပဲ သူ့ဆီမှာ ဒင်္ဂါးပြားအိတ်တွေ အများကြီး ပိုင်ဆိုင်လာပါတော့တယ်။
နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့အချိန် မှာ သူဌေးကြီးက သူ့သားသုံးယောက်လုံးကို ခေါ်တွေ့ပြီး သူပေးခဲ့တဲ့ ဒင်္ဂါးပြားတွေနဲ့ ဘာလုပ်ကြလဲဆိုတာ စစ်ဆေး၊ မေးမြန်းပါတယ်။
သားအငယ်က ဒင်္ဂါးပြားတွေနဲ့ အားရပါးရ ပျော်ပါးသုံးစွဲလိုက်ကြောင်း ရှင်းပြပြီး သားအလတ်ကလည်း ဖခင် ဖြစ်သူရဲ့ စိတ်ကိုသိနေတဲ့အတွက် ရွှေဒင်္ဂါးပြား နှစ်ပြားကို လုံးဝ မတို့၊ မထိခဲ့ဘူးလို့ ခပ်မာမာပဲ ပြောပါတယ်။
ထုံးစံအတိုင်း အကြီးဆုံးသားကို မေးချိန်မှာတော့ သားကြီးက ရွှင်ပြစွာ နဲ့ပဲ သူ့အခန်းထဲက ဒင်္ဂါးအိတ်တွေကို ထုတ်လာပြီး ဒင်္ဂါးနှစ်ပြားကနေ ဒင်္ဂါးပေါင်းများစွာ ပွားလာခဲ့ပြီဖြစ်ကြောင်း ဖခင်ကြီးကို သက်သေပြလိုက်ပါတော့တယ်။

ဒီပုံပြင်လေးကို ဒီထက်ပိုပြီး ဆန့်ထွက်တွေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာအလိုအရ ရုပ်နဲ့ နာမ် နှစ်ပါးကို ဘဝတစ်ခုအဖြစ် ရရှိနေတာဟာ သားသုံးယောက်ကို ပေးလိုက်တဲ့ ရွှေဒင်္ဂါး နှစ်ပြား ရနေသလိုပါပဲ။ ရုပ်ဆိုတဲ့ ရွှေဒင်္ဂါးနဲ့ နာမ်ဆိုတဲ့ ရွှေဒင်္ဂါး ပူးပေါင်းနေလို့ ဘဝတစ်ခုဆိုတာ ဖြစ်တည်လာရတာပါ။
လက်ရှိ အသက်ရှင်နေဆဲကာလမှာ ကျွန်တော်တို့ရရှိထားတဲ့ ဘဝ၊ ကျွန်တော်တို့ ရရှိထားတဲ့ ရုပ်နဲ့နာမ်၊ တစ်နည်းအားဖြင့် ရုပ်နဲ့နာမ်ဆိုတဲ့ ဒင်္ဂါး နှစ်ပြား လက်ဝယ်ပိုင်ပိုင် ရရှိနေတဲ့အချိန်မှာ သားအငယ်လို သောက်သောက်စားစားနဲ့ ပျော်ပျော်ပါးပါး၊ ပေါ့ပေါ့တန်တန်ပဲ နေလိုက်မလား။ သားအလတ်လို ကိုယ်ရထားတာလေး မပျောက်ပျက်ရင် တော်ပြီဆိုတဲ့ စိတ်နဲ့ ကြိုးစားအားထုတ်မှု ဆက်မလုပ်ဘဲ ရပ်တန့်နေမလား။ ဒါမှမဟုတ် သား အကြီးလို ရွှေဒင်္ဂါးနှစ်ပြားကို အရင်းတည်အမှီပြုပြီး တိုးတက်ကြီးပွား အောင်လုပ်တဲ့အတိုင်း ကျွန်တော်တို့ ဟာလည်း ကိုယ်ရရှိထားတဲ့ ရုပ်နဲ့နာမ် (ဒင်္ဂါးနှစ်ပြား)ကို အမှီပြုပြီး ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ကိုယ် နေထိုင်ရှင်သန်နေရာ လောက လူ့အ ဖွဲ့အစည်း ကြီးပွားရာကြီးပွားကြောင်းတွေပဲ လုပ်ဆောင်သွားမလား စဉ်းစား ဖို့ပဲ ဖြစ်ပါတယ်။
သေချာတာတစ်ခုကတော့ ရခဲလှ တဲ့ လူ့ဘဝမှာ ကုန်ဆုံးသွားတဲ့အချိန်တွေ၊ အခွင့်အရေးတွေက နောက်တစ် ကြိမ်ပြန်ရတော့မှာမဟုတ်သလို ဘဝကို ရေစုန်မျော၊ အရှုံးပေးနေတာဟာလည်း လွတ်မြောက်ရေးနည်းလမ်း တစ်ခုမဟုတ်ဘူးဆိုတာ ဆင်ခြင်စဉ်း စားဖို့ပါ။
‘ထွက်ပြေးတာဟာ လွတ်မြောက်ခြင်းမဟုတ်သလို ထွက်ပြေးတဲ့သူ နိုင်ရိုးထုံးစံ မရှိဘူး’လို့ပဲ ပြောလိုက်ပါရစေလား။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top