လူငယ်တစ်ယောက် အတွက် ခံယူချက် နဲ့ ရပ်တည်မှု

yyl-024-1.jpg

ကျွန်မတို့တတွေ ငယ်စဥ်ကလေး ဘဝထဲက “ဒါလုပ်ရင် မှန်တယ်” “ဟိုဟာလုပ်ရင် မှားတယ်” အစရှိသည်ဖြင့် မိဘများက ခွင့်ပြု တားမြစ် ဆုံးဖြတ် ပေးသည့် အပေါ်ရွေးချယ်မှုတွေလုပ် ကြီးပြင်းလာခဲ့ရသည်။ မှန်တယ်ဆိုတာရဲ့ အဲ့ဒီနောက်ကွယ်က အကြောင်းအကျိုး မှားတယ်ဆိုတဲ့ နောက်ကွယ်က အဆိုးအပြစ်ရဲ့ အတိမ်အနက်အပေါ် နားလည်လို့ ကိုယ်တိုင်ရွေးချယ် ခွင့်ရခဲ့တာမျိူး အလွန်နည်းပါးစွာဖြင့် ကလေးဘဝကို ဖြတ်သန်းခဲ့ကြရသည်။

ဒီလိုနှင့် အရွယ်ရောက်လာတဲ့ အချိန်မှာ ဘဝအတွက် ကိုယ်ပိုင်ရွေးချယ်မှုတွေ ပြုလုပ်လာရပြီ။ ရှုပ်ထွေးတဲ့ ဆုံးဖြတ်ချက်တွေ ချလာရပြီ ဆိုတဲ့ အချိန်မှာ ငယ်ငယ်ကလောက် မရိုးရှင်းတော့တာ အမှန်ပေ။ အကြောင်းအကျိုးကို ချင့်ချိန်ကာ ဖြစ်နိုင်ချေ ဆုံးရှုံးမှု အနည်းဆုံး ဆိုသည့်ဆုံးဖြတ်ချက်များ ချရတော့သည်။ ထိုချင့်ချိန်မှု အရည်အချင်းသည် ကျွန်မတို့တော်တော်များများ ငယ်စဥ်ကပင် အားနည်းခဲ့ရသည် ဟုဆိုရမည်။

ဆုံးဖြတ်ချက်များချရာတွင် အမေပြောလို့ အဖေပြောလို့ လူအများလက်ခံလို့ ဆိုတာမျိုးတွေထက် မိမိကိုယ်တိုင်ရဲ့ ရွေးချယ်မှု သာဖြစ်သင့်သည်။ ကိုယ်ရဲ့ ရွေးချယ်မှု ဆုံးဖြတ်မှု သည် ကိုယ်တွေ့ကြုံ ဖြတ်သန်းရှင်သန် နေရသည့် အနေအထား အခြေအနေတစ်ခု အတွက် ကိုယ့်လုပ်နိုင်စွမ်း ကိုယ်သွားမည့် အနာဂတ်လမ်းကြောင်းအပေါ် မူတည်ပြီး အကောင်းဆုံး စဥ်းစား ရွေးချယ်ရလေ့မည်။ ထိုသို့ ရွေးချယ်ခဲ့ပြီးလျှင် မိဘ နှင့် မိသားစု လက်ခံနိုင်အောင် ပြေလည်စွာ အကျိုးအကြောင်း ရှင်းပြရလေ့မည်။ ကိုယ့်ဘဝ အတွက် အရေးပါသော လူများ နားလည်လက်ခံလျှင် အခြားသူများ၏ ပြောဆို တုံ့ပြန်မှုသည် ကိုယ့်ဆုံးဖြတ်ချက်တွင် ထည့်သွင်းစဥ်းစားရန် မလိုတော့ပေ။ လူအမျိုးမျိုး စိတ်အထွေထွေမို့ ကိုယ့်ခံယူချက်ဖြင့်သာ ရှေ့ဆက်ရမည်။

လူတိုင်းတွင် ခံယူချက်ကိုယ်စီရှိသည်။ ကိုယ်ထိန်းသိမ်းထားချင်တဲ့ အနေအထားလေးတစ်ခု၊ ပိုင်ဆိုင်မှုလေးတစ်ခု၊ တည်ငြိမ်ခြင်းလေးတစ်ခု၊ အေးချမ်းခြင်းလေးတစ်ခု၊ ချစ်ခြင်းမေတ္တာလေးတစ်ခု ကို အယူအဆမတူတဲ့ ခံယူချက်ကိုယ်စီနဲ့ ရွေးချယ်ရပ်တည် ကြသည်။ ထိုမတူညီတဲ့ ခံယူချက်တွေအပေါ် ပြစ်တင်ဝေဖန်ခြင်းဟာ မလုပ်အပ် မပြောအပ်သော စည်းစောင့်မှုတစ်ခုအဖြစ် ရှိနေသင့်သည်။ တနည်းအားဖြင့် လူငယ်တစ်ယောက်၊ လူကြီးတစ်ယောက်၊ အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်၊ ကလေးတစ်ယောက်၊ အရိုးရှင်းဆုံး လူတစ်ယောက် ၏ ခံယူချက်အပေါ် လေးစားမှု ထားရမည်။ “ဒီလူက ဒီခံယူချက်နှင့် ရပ်တည်တယ် ဒါသူ့ပုံစံပဲလေ။ ဒါကို ငါလေးစားရမယ်။” ဟူသည့် အတွေး တစ်ခုကိုသာ ကျွန်မတို့လူမျိုး အယောက်တိုင်းစီတွင် ကျင့်သုံးမည်ဆိုလျှင် ဖြစ်ပေါ်နေသော အချို့ပရိပက္ခများ၊ စိတ်ဒဏ်ရာရစရာများ၊ ဘေးအန္တရာယ်များ ပင် အလွန်လျော့ချ နိုင်ပေမည်။ ကလေးငယ်များ အပေါ်ထိုကဲ့သို့ ပြုမှု ကျင့်ကြံပေးခြင်း ဖြင့်ကလေးများ၏ စိတ်ဓာတ်ခွန်အား၊ ယုံကြည်မှု၊ အကောင်း မြင်နိုင်စွမ်း များကိုပါ သွန်သင်ဆုံးမ ပေးရာရောက်ပါသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top