အလုပ်ပိတ်ရက်မှာ ကြည့်စရာ ဇာတ်ကားကောင်းတွေ

36637569_565860743808211_8746948176751099904_n.jpg

ကဲ ပိတ်ရက်လေးတွေ ရောက်လာပြန်ပြီမို့ ရိုးရာလေးပရိသတ်တို့အတွက် အနားယူရင်း ကြည့်ရှုနိုင်ဖို့ ဇာတ်ကားကောင်းလေးတွေ ညွှန်းပေးလိုက်ပါတယ်နော်။ တစ်ခုထူးခြားတာကတော့

အခုပြောပြလိုက်တဲ့နှစ်ကားလုံးက ပရိသတ်တွေ ကြည့်နေကျကားမျိုးတွေကနေ ကွဲထွက်နေမှာကို လုံးဝအာမခံပါတယ်။

၁။ Life is Beautiful

ဒီကားကတော့ အီတလီကားလေးပါ။ ၁၉၉၇ခုနှစ်မှာ ထွက်ရှိထားတဲ့ကားလေးဖြစ်ပြီး Old but Gold လုံးဝထိရှသွားမယ့် ကားလေးတစ်ကားလို့လည်း ညွှန်းဆိုပါရစေ။ မကြည့်ဖူးရင် ဘဝမှာ နောင်တအကြီးကြီး ရသွားစေမယ့်ကားတစ်ကားပါလို့။ ဆုပေါင်းများစွာသိမ်းပိုက်နိုင်ပြီး ဝေဖန်ရေးသမားများစွာက ချီးကျူးထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၁၉၃၉ခုနှစ် အီတလီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဂွီဒို (Guido)ဆိုတဲ့ အရမ်းရိုးသားပြီး စိတ်နှလုံးဖြူစင်တဲ့ ဂျူးကောင်လေးဟာ ဦးလေးဖြစ်သူ အယ်လီဆီယို (Eliseo)ရဲ့စားသောက်ဆိုင်မှာ စားပွဲထိုးလာလုပ်နေရင်း သိပ်ချစ်ဖို့ကောင်းတဲ့ ဒိုရာ (Dora)ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒိုရာကို သိပ်ချစ်မြတ်နိုးမိသွားတဲ့ ဂွီဒိုဟာ သူတို့တွေ့ဆုံဖို့ နည်းလမ်းများစွာ တမင်လုပ်ယူရင်း ဒိုရာရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးတော့ ဒိုရာဟာ ဂွီဒိုရဲ့ရိုးသားဖြူစင်မှုတွေဆီ သူ့နှလုံးသားပေးအပ်ခဲ့ပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်လက်ထပ်ပြီး သားလေးတစ်ယောက်ရချိန်မှာ တိုင်းပြည်မငြိမ်သက်ခြင်းတွေနဲ့အတူ မမျှော်လင့်တဲ့ ကံတရားတွေက မွှေနှောက်လာပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ ဂွီဒိုဟာ ဂျူးတစ်ယောက်ဖြစ်နေခြင်းဆိုတဲ့ အချက်ပါပဲ။ နောက်ပိုင်းတွေတော့ ဆက်ကြည့်လိုက်ပါ ပရိတ်သတ်ရေ။ တစ်ကယ်ကို ပျော်ရွှင်မှု ငြိမ်းချမ်းမှု ဝမ်းနည်းမှု ရသမျိုးစုံနဲ့အတူ ထိရှရစေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါကြောင်း။

၂။ Lost in Paris (Paris Pieds Nus)

ပြင်သစ်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက်တော့ ဒီကားလေးက တော်တော်ဆွဲဆောင်နိုင်မှာပါ။ ဟာသလေးတွေကလည်း လုံးဝပညာသားပါပါနဲ့မို့ အကြိုက်ဆုံးဇာတ်ကားစာရင်းတောင် ဝင်သွားနိုင်ပါတယ်။ ဒီကားလေးက ပြင်သစ်နဲ့ဘယ်လ်ဂျီယမ် ဖက်စပ်ရိုက်ကူးထားတဲ့ Comedy အမျိုးအစား ကားလေးဖြစ်ပါတယ်။ မင်းသား မင်းသမီးတွေက အချောအလှတွေလည်း မဟုတ်ပါဘူး။ ဇာတ်ကိုတော်တော်ကို ပညာသားပါပါလေးနဲ့ သွားထားတာတွေ့ရပါတယ်။ မထင်မသေးလိုက်ပါနဲ့ဦး။ ဆုတွေ တသီကြီးရထားတဲ့ကားလေးပါ။

ဖီအိုနာ (Fiona)ငယ်ငယ်လေးကတည်းက အဒေါ်ဖြစ်သူ မာသာ (Martha)ဟာ ကနေဒါကနေ ပြင်သစ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ မမျှော်လင့်ပဲ မာသာဆီကနေ အကူအညီတောင်းစာ ရောက်လာခဲ့ပါတယ်။ စာထဲမှာရေးထားတာကတော့ ဖီအိုနာကို ပဲရစ်ကိုလာပြီး သူ့ကိုကူညီပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ ဒီနောက်တော့ ဖီအိုနာဟာ သူ့အဒေါ်ကို ရှာဖို့သက်သက် ပဲရစ်ကိုရောက်လာခဲ့ပါတယ်။ ရောက်တာနဲ့ သူရင်ဆိုင်ရတာက မြစ်ထဲပြုတ်ကျပြီး အထုတ်အပိုးတွေအကုန် ဆုံးရှုံးရတာပါပဲ။ ဒါကပဲ ဒွန် (Dom)ဆိုတဲ့လူတစ်ယောက်နဲ့တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ ကျန်တာလေးကိုတော့ ကိုယ့်ဘာသာပဲ ဆက်ခံစားလိုက်ပါတော့လို့ပဲ ပြောပါရစေ။

 

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top