ခြင်များတဲ့ရာသီမှာ ခြင်ကိုက်ခြင်းကြောင့် ယားယံမှုတွေကို သက်သာသွားစေနိုင်တဲ့ နည်းလမ်းကောင်းများ

29-4-2020-yyl-005.jpg

နွေရာသီမှာလည်း ခြင်တွေအရမ်းပေါများလာပါတယ်။ ပူနွေးတဲ့ရာသီနဲ့ စိုစွတ်တဲ့ရာသီတွေက ခြင်ကြောင့်ဖြစ်လာတဲ့ ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ အပြင်မှာ လေညင်းခံလို့မရအောင်ကို ခြင်ကိုက်တာကို ခံရဖူးကြမှာပါ။ သွေးချိုတဲ့သူတွေဆို ခြင်ကိုက်ခံရတာ ပိုဆိုးပါတယ်။ အိပ်ရာထဲရောက်ရင်တောင် နားကနေ ခြင်ရဲ့တဝီဝီအသံတွေကို ကြားရပါတယ်။ သင့်ကို ကောင်းကောင်းအိပ်လို့မရအောင် ခြင်တွေက အနှောင့်အယှက်ပေးနိုင်ပါတယ်။ ခြင်ကိုက်ခံရရင် အဖုအပိပ်အနီတွေ ထွက်လာပြီး ယားယံနေတတ်ပါတယ်။ တော်တော်ကြာတဲ့အထိ ယားယံမှု မပျောက်နိုင်ပါဘူး။ အဲဒီလို ယားယံမှုတွေကို သက်သာသွားဖို့အတွက် သင်က နည်းလမ်းတစ်ခုခုရှာနေတယ်ဆိုရင် စမ်းကြည့်လို့ရတဲ့ အိမ်တွင်းနည်းလမ်းတွေရှိပါတယ်။ အဲဒါတွေက သဘာဝနည်းတွေဖြစ်ပြီး အတော်လေး ထိရောက်ပါတယ်။

ရေခဲ

ခြင်ကိုက်ခြင်းကြောင့် ရောင်ရမ်းယားယံမှုတွေကို လျော့ချချင်ရင် ခြင်ကိုက်ခံရတဲ့နေရာကို ရေခဲနည်းနည်းကပ်ထားလိုက်ပါ။ ရေခဲက သင့်အရေပြားကို ထုံကျင်လာပြီး နာကျင်မှုနဲ့ယားယံမှုတွေကနေလည်း သက်သာသွားစေနိုင်ပါတယ်။ ရေခဲအိတ်အသုံးပြုလို့ရတဲ့အပြင် အဝတ်စထဲ ရေခဲထားပြီး ခြင်ကိုက်တဲ့နေရာမှာ ကပ်ထားလိုက်လို့လည်းရပါတယ်။ အရေပြားဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့အတွက် သင့်အသားရေပေါ်မှာ (၅) မိနစ်ကျော်တဲ့အထိ ရေခဲကပ်တာ၊ တင်ထားတာမလုပ်မိပါစေနဲ့။

ပျားရည်

ပျားရည်က နီးမြန်းရောင်ရမ်းခြင်းကို သက်သာစေတဲ့၊ ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ အရေပြားပြဿနာအမျိုးမျိုးကို ကုသတဲ့နေရာမှာ ထိရောက်မှုရှိပြီး ခြင်ကိုက်ခြင်းအတွက်လည်း အသုံးပြုလို့ရပါတယ်။ နီမြန်းယားယံမှုကို လျော့ချပေးဖို့အတွက် ယားယံနေတဲ့ခြင်ကိုက်ရာမှာ ပျားရည်အနည်းငယ်ကို လိမ်းပေးပါ။ အနည်းငယ်အကြာမှာရေအေးနဲ့ သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်က အသားရေပြဿနာမျိုးစုံကို ကုသပေးနိုင်စွမ်းရှိတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ရှားစောင်းလက်ပက်ဂျယ်လ်က အနာ၊ ထိခိုက်ဒဏ်ရာနဲ့ ရောင်ရမ်းမှုတွေကို ကုသပေးနိုင်ပါတယ်။ အင်းဆက်ပိုးမွှားကိုက်ခံရရင်လည်း ဒီအပင်ကို အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပက်ကို သေးသေးလေးလှီးပြီး ခြင်ကိုက်ခံရတဲ့နေရာမှာ လိမ်းလိုက်ရမှာဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပြီး ခြင်ကိုက်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုကို သက်သာသွားစေနိုင်စွမ်းလည်း ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါက အသားရေရဲ့pH ပမာဏကို ထိန်းပေးပြီး နာကျင်ယားယံမှုကို ပြေလျော့အောင်ကူညီပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေစက်အနည်းငယ်နဲ့ရောပြီး ခြင်ကိုက်တဲ့နေရာမှာ လိမ်းလိုက်ရုံပါပဲ။

ပင်စိမ်း

ပင်စိမ်းရွက်ကလည်း ခြင်ကိုက်ခြင်းအတွက် အသုံးဝင်ပါတယ်။ နီမြန်းယားယံခြင်းကို ပြေလျော့သွားစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ရေခွက်တစ်ခွက်ထဲကို ပင်စိမ်းရွက်အနည်းငယ်ထည့်ပြီး ပြုတ်ပေးပါ။ ပြုတ်ထားတဲ့ ပင်စိမ်းရည်ကို အေးသွားအောင်လုပ်ပြီး အရည်ကို ဝါဂွမ်းစနဲ့ယူပြီး ခြင်ကိုက်ဒဏ်ရာမှာ ဖြည်းဖြည်းသာသာလေး ပွတ်ပေးရမှာဖြစ်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက သင့်ကို မျက်ရည်ကျစေအောင်လုပ်နိုင်သလို ခြင်ကိုက်ခြင်းကြောင့်ဖြစ်လာတဲ့ ယားယံမှုကို ပြေလျော့စေဖို့အတွက်လည်း တကယ်ကောင်းပါတယ်။ ကြက်သွန်နီရည်အစက်အနည်းငယ်ကို ခြင်ကိုက်တဲ့နေရာမှာ လိမ်းထားလိုက်ရင် ယားယံမှုကို သက်သာသွားစေနိုင်ပါတယ်။ ရောဂါပိုးကူးစက်နိုင်ခြေကိုလည်း လျော့ချပေးနိုင်စွမ်းရှိပါတယ်။

ခြင်ကိုက်ခံရပြီးနောက် အသက်ရှုရခက်တာ (ဒါမှမဟုတ်) လည်ချောင်းရောင်ရမ်းတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြကြည့်တာအကောင်းဆုံးပါပဲ။

Ref: home remedies for mosquito bites and itches

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top