မိန်းကလေးတွေမှာဖြစ်တတ်တဲ့ အဖြူဆင်းတာကို သက်သာသွားစေမယ့် နည်းလမ်းတချို့

30-9-2020-yyl-009.jpg

အဖြူဆင်းတာက အမျိုးသမီးတွေကြားမှာ အဖြစ်များတဲ့ပြဿနာတစ်ခုပါပဲ။ ဒါပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေက ဒီပြဿနာကို အများဆုံးကြုံတွေ့ကြရပါတယ်။ အဖြူဆင်းတာနည်းတယ်ဆိုရင်တော့ ပြဿနာမဟုတ်ပါဘူး။ အဖြူဆင်းတာအရမ်းများရင်တော့ ဂရုစိုက်ရမယ့်ကိစ္စဖြစ်လာပါပြီ။

အဆက်မပြတ် အဖြူဆင်းတာက အားနည်းတာကြောင့်ရော၊ ဘတ်တီးရီးယားကူးစက်တာကြောင့်ရော ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဖြူဆင်းတာကို ကုသပေးဖို့ အရေးကြီးပါတယ်။ အဖြူဆင်းတဲ့အရောင်က မီးခိုဘက်နည်းနည်းသမ်းတာ၊ သံချေးရောင်၊ အစိမ်းရောင်၊ အဝါရောင် (ဒါမှမဟုတ်) အညိုရောင်ဖြစ်နေမယ်ဆိုရင် ဂရုစိုက်ဖို့လိုလာပါပြီ။ ယားယံပြီး အဖြူဆင်းတာပျစ်တယ်ဆိုရင် မှိုပိုးဝင်တာဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာရဲ့အခြားအကြောင်းအရင်းတွေကတော့ မိန်းမအင်္ဂါတစ်ဝိုက်ကို သန့်စင်အောင်မထားတာ၊ စိတ်ဖိစီးမှုများတာ၊ အာဟာရဓာတ်ချို့တဲ့တာတွေပါပဲ။

အဖြူဆင်းခြင်းရဲ့ လက္ခဏာရပ်တွေက မူးဝေတာ၊ ပင်ပန်းနွမ်းလျတာ၊ ယားယံတာ၊ အားနည်းတာ၊ အနံ့ဆိုးထွက်တာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာတွေဖြစ်ပါတယ်။ အဖြူဆင်းတာ အရမ်းများရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ တချို့မိန်းကလေးတွေက ဆရာဝန်နဲ့ ပြရမှာ ရှက်တဲ့အတွက် မပြဖြစ်ကြတာများပါတယ်။ အဖြူဆင်းတာက မိန်းကလေးတွေမှာ ဖြစ်တတ်တဲ့အရာဖြစ်တဲ့အတွက် ဆရာဝန်နဲ့ပြရမှာ ကြောက်မနေပါနဲ့နော်။ အဖြူဆင်းတာကို သက်သာသွားစေနိုင်မယ့် အိမ်တွင်းနည်းလမ်းတချို့တော့ရှိပါတယ်။ အရမ်းအဖြူဆင်းတတ်တဲ့ မိန်းကလေးတွေအတွက် အသုံးဝင်စေဖို့အတွက် မျှဝေပေးလိုက်ရပါတယ်။

ပဲနံ့သာစေ့

ပဲနံ့သာစေ့ကို ပြုတ်သောက်တာကလည်း အဖြူဆင်းတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ရေ (၅၀၀) မီလီလီတာနဲ့ ပဲနံ့သာစေ့ကို ရေတစ်ဝက်လောက်ရောက်သွားတဲ့အထိ ပြုတ်ပေးလို့ရပါတယ်။ ပြုတ်ပြီးသွားတဲ့ရေကို အအေးခံပြီး သောက်သုံးပေးနိုင်ပါတယ်။

ရုံပတီသီး

ရုံပတီသီးကလည်း အဖြူဆင်းတာကို ကုသပေးနိုင်တဲ့ နောက်ထပ်နည်းတစ်နည်းပါ။ ရုံပတီသီးအနည်းငယ်ကို ရေနဲ့ ပြုတ်ပြီး Mixer ထဲထည့်ပြီး မွှေပေးလိုက်ပါ။ တချို့အမျိုးသမီးတွေက ဒိန်ချဉ်နဲ့ ရုံပတီသီးနှစ်ပြီးလည်း စားသုံးကြပါတယ်။

နံနံပင်အစေ့

နံနံပင်အစေ့အနည်းငယ်ကို ရေထဲ တစ်ညလုံးစိမ်ထားလိုက်ပြီး မနက်ကျ ဗိုက်ထဲအစားမရှိခင် သောက်ပေးပါ။ ဒီနည်းက အဖြူဆင်းတာကို ကုသဖို့အတွက် အလွယ်ကူဆုံးနဲ့ ဘေးကင်းဆုံးပါပဲ။

ဆီးဖြူသီး

ဗီတာမင်စီနဲ့ အခြားအာဟာရဓာတ်ကြွယ်တဲ့ ဆီးဖြူသီးကလည်း ကိုယ်အားစနစ်ကို မြှင့်တင်ပေးပြီး သင့်ကို ကျန်းမာရေးကောင်းစေပါတယ်။ ဆီးဖြူသီးကို အစိမ်းလိုက်စားတာပဲဖြစ်ဖြစ် ချက်စားတာပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စားလို့ရပါတယ်။ ဆီးဖြူသီးကို ပုံမှန်စားပေးတာကလည်း အဖြူဆင်းတဲ့ပြဿနာကို ကုသပေးနိုင်ပါတယ်။

ပင်စိမ်း

ပင်စိမ်းကိုလည်း ဟင်းလျာတွေချက်ပြုတ်တဲ့အခါ သုံးဖြစ်ကြပါတယ်။ ပင်စိမ်းက ဆေးဖက်ဝင်တဲ့အတွက် ကျန်းမာရေးအတွက် အသုံးပြုကြပါသေးတယ်။ ပင်စိမ်းအနည်းငယ်ကို ရေနဲ့ ကြိတ်မွှေလိုက်ပြီး ပျားရည်အနည်းငယ်ထည့်ပေးပါ။ ပြီးရင် အဖြူဆင်းတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် တစ်နေ့ နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ ပင်စိမ်းကို နွားနို့နဲ့လည်း သောက်သုံးကြပါတယ်။

ထမင်းရည်

အဖြူဆင်းတာကို သက်သာသွားဖို့အတွက် ထမင်းရည်ကိုလည်း ပုံမှန်သောက်ပေးလို့ရပါတယ်။ အဖြူဆင်းတဲ့ပြဿနာကို ခံစားနေရတဲ့သူတွေအတွက် ထမင်းရည်ကလည်း ဖြေရှင်းနည်းတစ်ခုပါပဲ။

မာလကာရွက်

ယားယံပြီး အဖြူဆင်းတယ်ဆိုရင် ရေနဲ့ မာလကာရွက်အနည်းငယ်တို့ကို ပြုတ်ပြီး အေးသွားတဲ့အခါ သောက်သုံးပေးလို့ရပါတယ်။ တစ်နေ့ကို နှစ်ကြိမ် မာလကာရွက်ပြုတ်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။

Ref: Home remedies for white vaginal discharge in women

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top