Prudential Myanmar က ကိုဗစ်-၁၉ ဆိုင်ရာ လူမှုအကျိုးပြု လုပ်ငန်းစဉ်တွေအတွက် မြန်မာငွေကျပ် (၁၃၁) သန်းကျော် မ,တည်၊ ကူညီပံ့ပိုးမယ်

image1.jpeg

Prudential Myanmar က ကူးစက်ရောဂါ ပြန့်ပွားနေတဲ့ ကာလအတွင်း မြန်မာနိုင်ငံအတွင်းက ထောင်ပေါင်းများစွာသော ပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်ရန် အက်ရှင်အေ့ဒ် (ActionAid)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးကုသိုလ်ဖြစ် အဖွဲ့အစည်းနှင့် WaterAid စတဲ့ NGOs အဖွဲ့အစည်း (၃) ခု အပါအဝင် လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒို့အိမ် (I DO NATION အစီအစဉ် မှတစ်ဆင့်) နဲ့ ပူးပေါင်းကာ လူမှုအကျိုးပြုလုပ်ငန်းစဉ်များစွာကို ကဏ္ဍအလိုက် စတင်ချမှတ်ဆောင်ရွက်နေပါတယ်။

Prudential Myanmar အနေနဲ့ အဲဒီ လူမှုအကျိုးပြု လုပ်ငန်းစဉ်တွေကို အထောက်အပံ့ ဖြစ်စေရန် အမေရိကန်ဒေါ်လာ တစ်သိန်း (ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၁၃၁ သန်းကျော်) ပါဝင်ပံ့ပိုးကူညီထားပါတယ်။ အဲဒီရန်ပုံငွေတွေက အာရှ၊ အမေရိကန်နဲ့ အာဖရိက နိုင်ငံတွေအတွင်း စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးနေတဲ့ရှိသူတွေ အပါအဝင် Prudential ရဲ့လူမှုအသိုင်းအဝိုင်းအတွက် ငွေကြေးဆိုင်ရာထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်ရန် မ,တည်ပေးထားတဲ့ Prudential ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကုစားမှု ရန်ပုံငွေအချို့ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂.၅) သန်း အသုံးပြုရန် ရည်ရွယ်ထားတဲ့ Prudential ရဲ့ ကိုဗစ်-၁၉ ကုစားမှု ရန်ပုံငွေတွေကို ကူးစက်ရောဂါ ကာကွယ်တားဆီးရေး အပါအဝင် ကပ်ရောဂါရဲ့ နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခက်အခဲတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်တဲ့ လူမှုအကျိုးပြုနှင့် ကုသိုလ်ဖြစ် လုပ်ငန်းစဉ်တွေမှာ ပါဝင်ထောက်ပံ့ပေးနိုင်ဖို့ Prudential ဝန်ဆောင်မှု ပေးနေတဲ့ ဈေးကွက်တွေကို ခွဲဝေဖြန့်ဖြူးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရန်ပုံငွေ ထည့်ဝင်ခဲ့ပြီးဖြစ်တဲ့ လူမှုအကျိုးပြု လုပ်ငန်းစဉ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ကူးစက်မှုကို ကာကွယ်တားဆီးရာမှာ နည်းလမ်းအမျိုးမျိုးနဲ့ အမြန်ဆုံး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းစဉ်တွေကို နေအိမ်ပြင်ပကနေရာတွေမှာ သန့်ရှင်းရေးအတွက် အခြေခံအဆောက်အုံတွေ ပိုမို ကောင်းမွန်လာစေရန်၊ အိမ်ထောင်စုတွေ အတွက် နှာခေါင်းစည်းနဲ့ လက်သန့်ဆေးရည်တွေဖြန့်ဝေပေးနိုင်ရန်၊ လမ်းဘေး စားသောက်ဆိုင်ငယ် လေးတွေကို ငွေကြေးဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်ရန်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သန့်ရှင်းရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းတွေ ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် အခုလုပ်ငန်းစဉ်တွေကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အက်ရှင်အေ့ဒ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူမှုအကျိုးပြု လုပ်ငန်းစဉ် – ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်နှိမ်နင်းရေး အက်ရှင်အေ့ဒ် အပါအဝင် မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့်ရေးအဖွဲ့ (MCCR) အဖွဲ့ဝင်တစ်ဦးနဲ့ ပူးပေါင်းပြီး ရန်ကုန်၊ ဒလမြို့နယ်အတွင်း နှာခေါင်းစည်းတွေ၊ ထိတွေ့စရာမလိုဘဲ အပူချိန်တိုင်းနိုင်သော ကိရိယာတွေ၊ ပိုးသတ်ဆေးတွေ၊ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး အသုံးအဆောင် (PPE) အစုံလိုက်တွေနဲ့ လက်သန့်ဆေးရည်တွေကို လိုက်လံဝေမျှရာမှာ Prudential Myanmar က ကူညီပံ့ပိုး ပေးနိုင်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုတွေကြောင့် ဒလမြို့နယ် လူဦးရေရဲ့ (၁၀%) ဖြစ်တဲ့ အိမ်ထောင်စုပေါင်း (၃,၄၅၇) ခုကို အကျိုးပြုပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းစဉ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အသိပညာပေး လက်စွဲစာအုပ်တွေကိုလည်း ဒလမြို့နယ်အတွင်း ဖြန့်ဖြူးပေးမှာဖြစ်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒလမြို့နယ် ကျန်းမာရေးဌာနတို့နဲ့ ဆွေးနွေးညှိနှိုင်းပြီး ကျန်းမာရေး အသိအမြင် တိုးပွားလာစေရေး အစီအစဉ်တွေကို ရပ်ရွာလူထုအတွင်းနှင့် အွန်လိုင်းကတစ်ဆင့် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေမှာ အက်ရှင်အေ့ဒ်ရဲ့ NGOs ကွန်ရက်တွေ၊ ဒလမြို့နယ်အတွင်းက ရပ်ရွာလူထု အပါအဝင် အစိုးရအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်တွေကို အသုံးချကာ အရင်ကပြုလုပ်ခဲ့တဲ့ လုပ်ငန်း အတွေ့အကြုံတွေကို အခြေခံကာ ဆောင်ရွက်ထားတာဖြစ်ပါတယ်။

အဲဒီလုပ်ငန်းစဉ်တွေကို ထိရောက်မှုရှိရှိ ရေရှည်လုပ်ကိုင်ပေးနိုင်ရန်နဲ့ ဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီး ကာလတွေမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲနိုင်စွမ်းရှိသူတွေ ပိုမို များပြားလာစေရန်အတွက် အက်ရှင်အေ့ဒ် က စေတနာ့ ဝန်ထမ်းတွေနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်တွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး သင်တန်းတွေကနေတစ်ဆင့် လေ့ကျင့်သင်ကြားပေးနေပါတယ်။ အဲဒီလို ရပ်ရွာလုထုအတွင်း အသိပညာပေး အစီအစဉ်တွေ ပြုလုပ်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကို ပေးအပ်နေပါတယ်။

ဒို့အိမ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူမှုအကျိုးပြု လုပ်ငန်းစဉ် – I DO NATION
Prudential Myanmar က ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်မြို့ကအကူအညီလိုအပ်နေတဲ့ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေရဲ့ကျန်းမာရေးနဲ့ ရှင်သန်ရပ်တည်နိုင်ရေးတို့ကို ကူညီပေးနိုင်ရန် ဒို့အိမ်နဲ့ MultiVerse Advertising တို့ ဦးဆောင်တဲ့ I DO NATION လှုပ်ရှားမှုကိုလည်း ထောက်ပံ့ကူညီပေးနေပါတယ်။ ရန်ကုန်မြို့မှာ ရှင်သန်ရပ်တည်ရေး အတွက် နေ့စဉ် လမ်းမတွေပေါ်မှာ ဈေးရောင်းနေကြရတဲ့ ခေါင်းရွက်ဗျက်ထိုး ဈေးသည်ပေါင်း (၇၀,၀၀၀) ကျော်ရှိပြီး သူတို့ကို မှီခိုအားထားနေရတဲ့ မိသားစုဝင်ပေါင်း (၃၀၀,၀၀၀) ကျော် ရှိပါတယ်။

အခုအထိ I DO NATION အစီအစဉ်ကနေတစ်ဆင့် ရန်ကုန်မြို့နယ် (၆) မြို့နယ်က ခေါင်းရွက်ဗျက်ထိုးဈေးသည်ပေါင်း (၁,၂၀၀) အတွက် ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပြီး ဈေးသည် (၅,၀၀၀) ကျော်အတွက် PPE နှင့် လက်သန့်စင်ရေး ပစ္စည်းတွေကို ဝေမျှပေးခဲ့ပြီး ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာကန့်သတ်မှုတွေကြောင့် ဈေးမရောင်းနိုင်ဘဲ ဝင်ငွေဆုံးရှုံးနေရတဲ့ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေအတွက် တိုက်ရိုက် ငွေသားလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့လှည့်လည်ရောင်းချနေတဲ့ လူထူထပ်တဲ့နေရာတွေမှာ လက်ဆေးရန် လိုအပ်တဲ့ပစ္စည်းတွေ ပြင်ဆင်ထားရှိပေးခဲ့ပါတယ်။ အဲဒီ နေရာတွေမှာ နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်ဗူးတွေနဲ့ ကိုဗစ်-၁၉ အကြောင်း အသိပညာပေး လက်ကမ်းစာစောင်တွေကို မျှဝေပေးခဲ့ပါတယ်။

WaterAid နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူမှုအကျိုးပြု လုပ်ငန်းစဉ် – သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အုံတွေ ပိုမို တိုးတက်ကောင်းမွန်လာစေရေး ဒီလုပ်ငန်းစဉ်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှာ အပြီးသတ်မှာဖြစ်ကာ ကဏ္ဍလေးရပ် ဖြစ်တဲ့ သန့်ရှင်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ သန့်ရှင်းရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲစေရန် တိုက်တွန်းနှိုးဆော်ရေး၊ လူမှုအသိုင်းအဝိုင်းအတွင်း လက်ဆေးတဲ့ အလေ့အထ ပိုမို ပျံ့နှံ့ရောက်ရှိစေခြင်း၊ အကျိုးသက်ရောက်မှုနှုန်း အများဆုံးဖြစ်စေရန် ကာကွယ်တားဆီးရေး နည်းစနစ်တွေကို ပိုမို အားကောင်းလာစေခြင်းတို့ကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းက အစိုးရဌာနများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် မြို့နယ် COVID-19 တုံ့ပြန်ဆောင်ရွက်ရေးကော်မတီတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လူထူထပ်တဲ့နေရာများ၊ ကျန်းမာရေးစင်တာများနှင့် ကျောင်းများတွင် လက်ဆေးနိုင်ရန် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ထားရှိပေးခဲ့ပါတယ်။ အဲဒီ ဆောင်ရွက်မှုတွေကြောင့် ရန်ကုန်မြို့မှာ လူဦးရေ အများဆုံးနေထိုင်နေတဲ့ နေရာတွေအတွင်း တစ်ခုအပါအဝင်ဖြစ်တဲ့ လှိုင်သာယာမြို့နယ်က စာသင်ကျောင်း (၂) ကျောင်းမှာ ကျောင်းသားပေါင်း (၁၂,၀၀၀) ကျော်အတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။

သန့်ရှင်းရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲစေရန် တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အသိပညာပေး လက်ကမ်းပိုစတာနှင့် ကြော်ငြာဆိုင်းဘုတ်များကို ထားရှိပြသပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် WaterAid အနေနဲ့ ဒစ်ဂျစ်တယ်မီဒီယာ ချန်နယ်တွေကို အသုံးချပြီး လက်ဆေးခြင်းဆိုင်ရာ အလေ့အထကောင်းတွေကို ပိုမို သတိပြုလာကြစေရန် အသိပညာပေးမှုတွေတိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးကုသိုလ်ဖြစ် အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူမှုအကျိုးပြု လုပ်ငန်းစဉ် – သန့်ရှင်းရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းတွေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အနယ်နယ်အရပ်ရပ်မှ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် မြန်မာနိုင်ငံရဲ့ပင်မ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ Prudential Myanmar အနေနဲ့ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အကြား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေး အကူအညီပေးနိုင်ရန်အတွက် RGHRCT ရဲ့သန့်ရှင်းရေးနဲ့ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းတွေ ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပိုမို သန့်ရှင်းလာစေရန် ဆောင်ရွက်ခြင်းက လက်ရှိကာလနဲ့ အနာဂတ်ကာလမှာ ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်းအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အဲဒီလုပ်ဆောင်ရာမှာ ကိုဗစ်-၁၉ အရေးပေါ်ကုသမှု ဆောင်ရွက်ရာတဲ့‌နေရာတွေ၊ စောင့်ကြည့်လူနာ ထားရှိရာ ဆေးကုသဆောင်တွေနဲ့ အထူးကြပ်မတ် ကုသဆောင်တွေ အစရှိတဲ့ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေး နေရာတွေမှာ လက်ဆေးနိုင်ရန် လိုအပ်တဲ့ပစ္စည်းတွေကို အလုံအလောက် ထားရှိဖြည့်ဆည်းပေးတဲ့လုပ်ဆောင်ချက်တွေကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

RGHRCT က ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ လက်တွဲလုပ်ကိုင်ပြီး လက်သန့်ရှင်းရေး အပိုင်းတွေမှာ အားစိုက်လုပ်ကိုင်သွားမှာဖြစ်ပြီး အထူးအလေ့အကျင့်ကောင်းတွေနဲ့မွမ်းမံသင်တန်းတွေ ပြုလုပ်ပေးနိုင်ရန် ကူညီပံ့ပိုးပေးမှာဖြစ်ပါတယ်။ Prudential Myanmar ရဲ့လှုပ်ရှားမှုတွေနဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အသိပေးကြေညာချက်တွေအတွက် နောက်ဆုံးရ အချက်အလက်တွေကို ကုမ္ပဏီရဲ့Facebook စာမျက်နှာ – www.facebook.com/PrudentialMyanmarLifeInsurance မှာ ပုံမှန် အသိပေးဖော်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top