စိတ်ဖိစီးမှုဟာ သင့်ဥပဓိရုပ်ကို ဘယ်လိုထိခိုက်စေသလဲ

stressful-woman.jpg

လူတိုင်းဟာ စိတ်ဖိစီးမှုကို နေ့စဉ်မှာ အနည်းနဲ့အများ ရင်ဆိုင်နေရပါတယ်။ သာမန်စိတ်ဖိစီးမှုများဟာ ပြီးပြီးပျောက်ပျောက်ဖြစ်သွားနိုင်ပေမယ့် အချိန်နဲ့အမျှ စိတ်ဖိစီးမှုကို ကြုံနေရရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများကြောင့် စိတ်ကျရောဂါဝင်လာနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကို ကျဆင်းစေခြင်း၊ နှလုံးရောဂါဖြစ်ခြင်း စတာတွေလည်း ကြုံနိုင်ပါတယ်။

စိတ်ဖိစီးမှုဟာ သင့်မျက်နှာကိုလည်း ထိခိုက်စေပါတယ်။ အသားအရေခြောက်ခြင်း၊ အရေးအကြောင်းများ အတွန့်အခေါက်များ ဝက်ခြံများ ပေါ်ထွက်လာခြင်း စတဲ့ပြဿနာတွေ ပေးပါတယ်။ အဓိကအားဖြင့် စိတ်ဖိစီးမှုဟာ ဟော်မုန်းများကို အပြောင်းအလဲဖြစ်စေပါတယ်။

အဆိုပါ အပြောင်းအလဲများကြောင့် သင့်မျက်နှာအသားအရေမှာ မလိုလားအပ်တဲ့ အရာတွေပေါ်လာပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု ဖြစ်နေချိန်မှာ မိမိကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားတတ်ကြပါတယ်။ ဒီအချက်ကြောင့်လည်း အသားအရေကို ထိခိုက်စေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးခြင်းကြောင့် သင့်မျက်နှာပေါ်မှာ ဘယ်လိုထိခိုက်မှုတွေ ဖြစ်စေသလဲ ဆိုတာပါပဲ။

ဝက်ခြံ

စိတ်ဖိစီးချိန်မှာ ကော်တီဆောဟော်မုန်း ပိုမိုထွက်ပါတယ်။ ကော်တီဆောကနေ ဟိုက်ပိုသဲလမတ်ဆိုတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို လှုံ့ဆော်ရကတဆင့် CRH လို့ခေါ်တဲ့ ဟော်မုန်းကို ထွက်လာစေပါတယ်။ CRH ဟာ အရေပြားအောက်ခြေက အဆီဂလင်းတွေကို လှုံ့ဆော်ပေးတာကြောင့် အဆီများပိုထွက်လာပါတယ်။ ထွက်လာတဲ့အဆီများဟာ မွေးညင်းပေါက်တွေကို ပိတ်ဆို့လာတဲ့အခါ ဝက်ခြံများ ဖြစ်လာစေပါတယ်။ စိတ်ဖိစီးချိန်မှာ အိပ်ရေးပျက်ရင်၊ အရက်ကို ပိုမိုသောက်သုံးရင် ဝက်ခြံထွက်နှုန်း ပိုမိုများပြားနိုင်ပါတယ်။

မျက်အိတ်များဖောင်းလာခြင်း

မျက်ခမ်းများရဲ့အောက်က အရေပြား ဖောင်းလာခြင်းကြောင့် ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်စိဝန်းကျင်ကို ဝန်းရံထားတဲ့ကြွက်သားတွေ အားနည်းလာရင် ပိုပြီးဖြစ်လာတတ်ပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးမှုများလာတဲ့အခါ ဆဲလ်တွေဟာ အိုမင်းရင့်ရော်လွယ်ပါတယ်။ အရေပြားရဲ့ တင်းအားကို လျော့ရဲသွားစေခြင်းကြောင့် မျက်ခမ်းအောက်မှာ မျက်အိတ်များဖောင်းလာတတ်ပါတယ်။

အသားအရေခြောက်သွေ့ခြင်း

အရေပြားရဲ့အပေါ်ဆုံးလွှာမှာ သင့်အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းရာမှာ အဓိကကျတဲ့ ပရိုတင်းနဲ့ အဆီဓာတ်တွေ ပါဝင်ပါတယ်။ အရေပြားရဲ့ အပေါ်ဆုံးလွှာဟာ ကျန်တဲ့အောက်ခြေအရေပြားကိုလည်း အကာအကွယ်ပေးပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးမှုများလာရင် အရေပြားအပေါ်ဆုံးလွှာပါ ထိခိုက်လာတတ်ပြီး အစိုဓာတ်ကိုလည်း ထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာပါတယ်။ အဆိုပါ အခြေအနေမှာ သင့်မျက်နှာ အရေပြားဟာ ခြောက်သွေ့ပြီး ယားယံတတ်ပါတယ်။

အဖုအပိမ့်များ၊ အကွက်များဖြစ်ခြင်း

စိတ်ဖိစီးမှုများရင် ကိုယ်ခံအားနည်းလာတတ်ပါတယ်။ ကိုယ်ခံစွမ်းအားနည်းရင် သင့်ကိုယ်ပေါ်က ဘက်တီးရီးယားတွေ ဟန်ချက်မညီဘဲ ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်လွယ်ပါတယ်။ ဘက်တီးရီးယားတွေကြောင့် သင့်မျက်နှာအရေပြား အဖုအပိမ့်များ အကွက်များထခြင်း ဖြစ်တတ်ပါတယ်။

အရေးအကြောင်းများပေါ်ခြင်း

စိတ်ဖိစီးခြင်းဟာ သင့်မျက်နှာအရေပြားပေါ်က ပရိုတင်းများကို ထိခိုက်စေပြီး အသားအရေတင်းရင်းမှုကို လျော့ရဲစေပါတယ်။ ဒါကြောင့် အတွန့်အခေါက် အရေးအကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးခြင်းဟာ မျက်မှောင်ကျုံ့ခြင်းကို ခဏခဏဖြစ်စေတဲ့အတွက် အရေးအကြောင်း အတွန့်အခေါက်တွေကို ပိုမိုဖြစ်ပေါ်ဖို့ အားပေးတယ်လို့ ဆိုပါတယ်။

ဆံပင်များဖြူခြင်း၊ ကျွတ်ခြင်း

ဦးရေပြားဆဲလ်တွေဟာ ဆံပင်အရောင်အတွက် ရောင်ခြယ်ပစ္စည်းတွေကို ထုတ်လုပ်ပေးပါတယ်။ စိတ်ဖိစီးမှု များလာရင် အဆိုပါရောင်ခြယ်ပစ္စည်းများဖြစ်ပေါ်ခြင်းကို လျော့နည်းသွားစေပါတယ်။ ဒါကြောင့် ဆံပင်များဖြူလာပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်နှုန်းလည်း မြင့်တက်လာပါတယ်။

သင့်မျက်နှာဥပဓိရုပ်ဟာ လူမှုဆက်ဆံရေးမှာ အဓိကကျပါတယ်။ သင့်အနေနဲ့ ဘယ်အသက်အရွယ်ပဲ ရောက်သည်ဖြစ်စေ ကြည်လင်လန်းဆန်းနေရင် သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးတောက်ပနေဖို့ အထောက်အကူပြုပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် သင့်မျက်နှာဥပဓိကို ထိခိုက်ခြင်းမဖြစ်ပါစေနဲ့။ စိတ်ဖိစီးမှုလျော့ကျအောင် အလုပ်နဲ့ ကိုယ်ပိုင်ချိန်ကို မျှတအောင်ခွဲခြားထားပါ။ သီချင်းနားထောင်ပါ။ စာဖတ်ပါ။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့နည်းတွေနဲ့ စိတ်တည်ငြိမ်အောင်လုပ်ပါ။ မိတ်ဆွေသူငယ်ချင်းများနဲ့ တွေ့ဆုံပြီး ပျော်စရာအချိန်တွေကို ဖြတ်သန်းပါ။ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပါ။

Ref : hellosayarwon

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top