ကိုဗစ်ရှိတဲ့ ဆံသဆရာ ၂ ယောက်နဲ့ ထိတွေ့ခဲ့ပေမဲ့ Mask တပ်တဲ့ ဖောက်သည်တွေ ဘယ်လိုဖြစ်ခဲ့လဲ

21-7-2020-yyl-003.jpg

မစ်ဆူရီပြည်နယ်က ဆံပင်အလှဖန်တီးရှင် နှစ်ယောက်ဟာ COVID-19 ရောဂါပိုးမတွေ့ရှိခင်ကတည်းက ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေကို ခံစားရင်းနဲ့ ရက်တော်တော်ကြာ ဆက်ပြီးအလုပ်လုပ်နေခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက သူတို့နှစ်ယောက်ဟာ ဖောက်သည် (၁၃၉) ယောက်ရဲ့ ဆံပင်ကို ညှပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆံပင်အလှဖန်တီးရှင်နှစ်ဦးနဲ့ သူတို့ရဲ့ဖောက်သည်တွေအားလုံးက Mask ဝတ်ဆင်ထားတဲ့အတွက် ဖောက်သည်တွေတစ်ယောက်မှ ရောဂါပိုးကူးစက်မခံခဲ့ရဘူးလို့ The Centers for Disease Control and Prevention အရ သိရပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေက အရမ်းသေချာတယ်လို့ မေရီလန်က အရေးပေါ် ကုသရေးဆရာဝန်ဒေါက်တာ ရွန် အီဖန်ဘိန်းက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ပြောနေတဲ့၊ ကျွန်တော်တို့ အပတ်တိုင်းပြောနေခဲ့တဲ့အရာဟာ Mask က ကူညီပေးတယ်ဆိုတာကို နောက်ထပ်သက်သေပြလိုက်ပြန်ပါပြီ။ Mask က အလုပ်တော်တော်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါကို သိတယ်။ အဲဒီအတွက် ဒေတာလည်း ရှိပါတယ်။ အဲဒါကို ပြဖို့အတွက် ကောင်းတဲ့လေ့လာချက်ပါပဲ”လို့ ပြောပါတယ်။

မစ်ဆူရီပြည်နယ်မှာရှိတဲ့ အဲဒီဆံသဆိုင် စောင့်ဆိုင်းတဲ့နေရာမှာ ထိုင်ခုံတွေထားရှိတာကို ကန့်သတ်ထားတဲ့အပြင် လူဦးရေကိုလည်း (၂၅) ရာခိုင်နှုန်းထိလျှော့ချထားပြီး ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေကို ခပ်ခွာခွာနေဖို့နဲ့ Mask တပ်ဖို့ အကြံပြုထားခဲ့ပါတယ်။ ဆံပင်အလှဖန်တီးသူနှစ်ယောက်လုံးက ဖောက်သည်တွေရဲ့ဆံပင်ကို ပြုပြင်ပေးနေချိန်မှာ နှစ်လွှာပါတဲ့ ချည်သား Mask (သို့) ခွဲစိပ်ခန်းသုံး Mask တွေကို ဝတ်ဆင်ခဲ့ပါတယ်။ ဖောက်သည်တွေက အဝတ် Mask နဲ့ ခွဲစိပ်ခန်းသုံးMask တွေသာမက N95 တွေကိုလည်း ဝတ်ဆင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဖောက်သည် (၁၃၉)ယောက်မှာ (၆၇) ယောက်က ရောဂါပိုးစစ်ဆေးခဲ့ပြီး အကုန်လုံး ရောဂါပိုးမတွေ့ရှိခဲ့ရပါဘူး။ အခြားသူတွေက ရောဂါပိုးစစ်ဆေးဖို့ ငြင်းခဲ့ကြပေမယ့် သူတို့တွေမှာလည်း ရောဂါလက္ခဏာပြတာမတွေ့ရဘူးလို့ သတင်းတွေအရသိရပါတယ်။

Mask တွေက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျှော့ချပေးနိုင်တယ်ဆိုတာကို သတင်းထွက်ရှိချက်တွေက ပိုပြီး သက်သေပြနေပါတယ်လို့ CDC က ပြောပါတယ်။ ” ဆံပင်အလှဖန်တီးသူတွေနဲ့ ဖောက်သည်တွေ အပြန်အလှန် ထိတွေ့ဆက်ဆံချိန်မှာ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ပေးဖို့အတွက် ကုမ္ပဏီဆိုင်ရာမူဝါဒနဲ့ မြို့တွေရဲ့ မူဝါဒတွေက အရေးကြီးတဲ့အချက်တွေ ဖြစ်နိုင်ပါတယ်”လို့ပြောပါတယ်။ CDC က အလုပ်ခွင်ပေါ်လစီအနေနဲ့ ဝန်ထမ်းတွေရဲ့ရောဂါလက္ခဏာတွေကို နေ့စဉ်စစ်ဆေးတာ၊ အလုပ်ခွင်မှာ လက္ခဏာတွေပေါ်လာတဲ့ဝန်ထမ်းတွေကို စစ်ဆေးဖို့နည်းလမ်းတွေအပြင် ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေကို Mask အသုံးပြုဖို့ အကြံပြုထားပါတယ်။
သင့်ပါးစပ်နဲ့နှာခေါင်းကို ဖုံးအုပ်ပေးတဲ့ Mask တွေကို ဝတ်ဆင်ခြင်းရဲ့အရေးပါမှုကို ဒေါက်တာ ရွန် အီဖန်ဘိန်းကလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ “သင့်အိမ်မှာ Mask ကို ဝတ်စရာမလိုပါဘူး။ အခြားသူတွေနဲ့ ရှိနေချိန်မှာ Mask ကို သေသေချာချာဝတ်ဆင်ပေးပါ။ ဒါက အပန်းကြီးတာလည်းမဟုတ်ပါဘူး”လို့ ပြောပါတယ်။

Ref: CBSNews “How masks protected dozens of clients of 2 hairdressers in Missouri from catching COVID-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top