ဖလော်ရီဒါရေတပ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဆော်ဒီစစ်သင်တန်းသားက အယ်လ်ကေးဒါးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်

19-5-2020-yyl-007.jpg

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက အမေရိကန်ရေတပ်အခြေစိုက်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဆော်ဒီလေတပ်အရာရှိဟာ တိုက်ခိုက်မှုလုပ်ဖို့ အာရပ်ကျွန်းဆွယ် အယ်လ်ကေးဒါးအဖွဲ့(AQAP)နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်နေတာကို သေနတ်သမားရဲ့ဖုန်းကတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့တာလို့ FBI နဲ့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ပင်ဆာကိုလာရေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုမှာ အမေရိကန်သင်္ဘောသား ၃ ယောက် သေဆုံးခဲ့ပြီး လူရှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားရဲ့ဖုန်းကို လော့ခ်ဖွင့်ပေးဖို့ Apple ကုမ္ပဏီက ငြင်းဆန်ခဲ့တဲ့အတွက် အာဏာပိုင်တွေက ဖုန်းကိုလော့ခ်ဖွင့်ဖို့ လနဲ့ချီ အချိန်ယူခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သေနတ်သမားနဲ့အတူ ရေတပ်အခြေစိုက်စခန်းမှာ ပညာသင်နေတဲ့ ဆော်ဒီစစ်သင်တန်းသား ၂၁ ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ သေနတ်သမားက လူ ၁၁ ယောက်ကို ပစ်ခတ်ခဲ့ပြီးနောက် အာဏာပိုင်တွေက သူ့ကို အသေဖမ်းဆီးခဲ့ပါတယ်။

သေနတ်သမားဟာ ၃ နှစ်ကြာမြင့်တဲ့ ပျံသန်းရေးသင်တန်းတက်ဖို့ အမေရိကန် ရေတပ်စခန်းကို ရောက်မလာခင်ကတည်းက အစွန်းရောက်ဝါဒဖြစ်ခဲ့တာလို့ FBI က ပြောပါတယ်။ ဖုန်းမှတ်တမ်းတွေအရ သေနတ်သမားဟာ အယ်လ်ကေးဒါးအဖွဲ့ခွဲတစ်ခုဖြစ်တဲ့ AQAP အဖွဲ့နဲ့ အဆက်အသွယ်မပြတ် ရှိခဲ့ပြီး အထူးစစ်ဆင်ရေးလုပ်မယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ တွေ့ရပါတယ်။ AQAP အဖွဲ့ခေါင်းဆောင် အယ်ရေမီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီက အမေရိကန်နိုင်ငံရဲ့ စစ်ဆင်ရေးမှာ အသတ်ခံခဲ့ရပါတယ်။ အဲဒီလအစောပိုင်းမှာ AQAP အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အယ်ရေမီရဲ့ အသံမှတ်တမ်းမှာ အမေရိကန်ရေတပ်စခန်းကို တိုက်ခိုက်မှုက သူတို့ရဲ့လက်ချက်လို့ အယ်ရေမီက ပြောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top