ငယ်သူငယ်ချင်းဖြစ်သူကို ၁၂ နှစ်စောပြီး ထောင်ကလွှတ်အောင် ကူညီပေးခဲ့တဲ့ ကောလိပ်ကျောင်းသား

21-2-2022-yyl9.jpg

မယ်ရီလန်းပြည်နယ်က ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ ဘရန်ဒန် ဟာရစ် (Brandon Harris) နဲ့ ဆူရာ ဆိုနာ (Sura Sohna)တို့ဟာ မူလတန်းကနေအလယ်တန်းအထိ ကျောင်းအတူတူတက်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ အတူတူလျှောက်လည်ကြတဲ့အပြင် ဘောလုံး၊ ဘတ်စကက်ဘောလို အားကစားတွေကို ကစားခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့သူငယ်ချင်း ၂ ဦး လျှောက်တဲ့လမ်းကြောင်းမတူဘဲ ခွဲထွက်သွားခဲ့ပါတယ်။

ဟာရစ်က ကိုယ်ပိုင်အထက်တန်းကျောင်းကနေ အောင်ခဲ့ပြီး မြောက်ကာရိုလိုင်းနားက Davidson College မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ အဲဒီကောလိပ်မှာ Belk Shcolar အဖြစ် ပညာသင်ဆုအပြည့်ရရှိခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် နှစ်ကြိမ်အရွေးခံရပြီး အခုနှစ်မှာ ဒဿနိကဗေဒဘွဲ့ယူဖို့ မျှော်မှန်းထားပါတယ်။

ဆိုနာကတော့ အမှု ရင်ဆိုင်ခဲ့ရပါတယ်။ ဆိုင်ကယ်ခိုးတဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ရဲနဲ့ တရားလိုက သူ့ကို ဆိုင်ကယ်ခိုးတဲ့အတွက် တစ်သက်လုံး ထောင်ထဲမှာ ကုန်ဆုံးသင့်တယ်လို့ ပြောခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆိုနာက အိမ်ထဲဖောက်ထွင်းဝင်ရောက်မှုနဲ့အတူ ပထမတန်း ဖောက်ထွင်းသူခိုးအဖြစ် စွဲချက်တင်ခံရပြီး ထောင် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၀ ခုနှစ်မှာ ဆိုနာက ဟာရစ်နဲ့ ပြန်အဆက်အသွယ်ရပြီးတဲ့နောက် ဆိုနာရဲ့ကံကြမ္မာပြောင်းလဲလာခဲ့ပါတော့တယ်။ ကပ်ရောဂါအတွင်း ထောင်ထဲကလူတွေက ဘေးကင်းစွာ နေထိုင်ဖို့အခက်အခဲရှိတယ်ဆိုတာကို ဟာရစ်ကြားသိခဲ့ရပြီးနောက် သူတို့သူငယ်ချင်း ၂ ဦး စာနဲ့ဆက်သွယ်ဖြစ်ခဲ့ကြပါတယ်။ သူ့သူငယ်ချင်းဟောင်းနဲ့ အပြန်အလှန် ဆက်ဆံရေးကြောင့် ဟာရစ်က သူတို့ရဲ့မတူညီတဲ့အခြေအနေတွေကို ဖြစ်ပေါ်စေတဲ့ ဖွဲ့စည်းပုံဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ မျိုးဆက်ဆိုင်ရာ ရုန်းကန်မှုတွေကို ရှာဖွေတဲ့ လွတ်လပ်တဲ့လေ့လာရေးပရောဂျက်တစ်ခုကို စတင်ဖြစ်ခဲ့ပါတယ်။ ဟာရစ်ရဲ့ပရောဂျက်ကို ထောက်ခံအားပေးမှုရရှိခဲ့ပြီး ဆိုနာရဲ့ စီရင်ချက်ကို ပြန်လည်စဥ်းစားမယ့် တရားရုံးကြားနာမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ဆိုနာက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ​ထောင်ဒဏ် ၁၂ နှစ်စောပြီး ထောင်ကနေ ပြန်လည်လွှတ်​မြောက်လာခဲ့ပါတယ်။ ဆိုနာကာ ထောင်ကနေလွှတ်မြောက်လာပြီးတဲ့နောက်မှာ “ကျွန်တော် ကျေးဇူးတင်ပြီး ကောင်းချီးပေးပါတယ်။ ဒီအခွင့်အရေးကို ရတဲ့အတွက် ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ စတင်ခဲ့တဲ့ ဟာရစ်ရဲ့ ပရောဂျက်ကြောင့် သတ်မှတ်ထားတဲ့နှစ်ထက် စောပြီး လွှတ်မြောက်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့လည်း ပြောပါတယ်။

“Telling the Stories of the Ignored or Forgottenလို့ခေါ်တဲ့ ပရောဂျက်တစ်ခုကို လုပ်ချင်တယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ဆိုနာဟာ လူ့အဖွဲ့အစည်းက လျစ်လျူရှုပြီး မေ့လျော့ထားခံရတဲ့ တစ်စုံတစ်ယောက်ပါ”လို့ ဟာရစ်က ပြောပါတယ်။ ငယ်ငယ်ကတည်းက အိုးမဲ့အိမ်မဲ့နဲ့ အတည်တကျမဟုတ်တဲ့ အိမ်ရာတွေမှာ နေထိုင်ခဲ့ရတယ်။ ကြုံခဲ့ရတယ်လို့ ဆိုနာက ပြောပါတယ်။ နောက်ပိုင်း သူနဲ့သူ့မိသားစုဟာ အန်နာပိုလစ်မြို့က အများပြည်သူနေထိုင်တဲ့အိမ်ရာတစ်ခုကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနေရာမှာ ဆိုနာက အကြမ်းဖက်မှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ မူးယစ်ဆေးတွေနဲ့ ထိတွေ့ခဲ့ရပါတယ်။

“ကြီးပြင်းလာတာနဲ့အမျှ ကျွန်​​တော်မှာ ဘာမှမရှိတော့ဘူး။ ကျွန်တော်မှာ အများကြီးမရှိဘူး၊ ကျွန်တော်မှာ ပစ္စည်းမရှိလို့ဆိုပြီး ​အဆိုးမြင်စိတ်တွေဖြစ်လာတယ်။ အမှားအမှန်ကိုသိပေမဲ့ ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေ ချမိခဲ့တယ်”လို့ ဆိုနာက ဆိုပါတယ်။ ဟာရစ်က ဖြစ်နိုင်သမျှ ဦးတည်ချက်အရှိဆုံးနည်းလမ်းနဲ့ ဆိုနာရဲ့ဘဝကို သုတေသနပြုဖို့ကြိုးစားခဲ့တယ်။ Davidson College က ပါမောက္ခတစ်ဦးနဲ့ လက်တွဲပြီး ဆိုနာရဲ့ ရာဇ၀တ်မှုကျူးလွန်ခံရသူတွေ၊ ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိတွေ၊ အစိုးရရှေ့နေတွေအပြင် ဆိုနာနဲ့ သူ့ရဲ့မိသားစုတွေကို မေးမြန်းခဲ့ပါတယ်။

ဟာရစ်က ၂၀၂၁ ခုနှစ် ဧပြီလမှာ Davidson College ရဲ့ YouTube ချန်နယ်မှာ မျှဝေထားတဲ့ တင်ဆက်မှုတစ်ခုမှ သူ့ရဲ့တွေ့ရှိချက်တွေကို စုစည်းခဲ့ပါတယ်။ ပရောဂျက်ရဲ့ခြုံငုံသုံးသပ်ချက်ကို ပေးပြီးနောက် ဟာရစ်က ဆိုနာရဲ့ဇာတ်ကြောင်းကို သိရဖို့အတွက် တွေ့ဆုံမေးမြန်းခဲ့ပြီး ပရောဂျက်မှာပါဝင်ခဲ့သူတွေကိုလည်း မေးခွန်းမေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဟာရီက မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး လာရီ ဟိုဂန် (Larry Hogan) ကို ဆက်သွယ်ပြီးနောက် ဆိုနာက Zoom ကနေတဆင့် ပါဝင်ဖြေကြားခဲ့ပါတယ်။

“ဆိုနာက သူ့ကို ကာလကြာရှည်စွာ ဆန့်ကျင်နေတဲ့ စနစ်တစ်ခုရဲ့ သားကောင်ဖြစ်တယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။ သူဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေက တရားမျှတမှု မရှိသလို၊ သူကြီးပြင်းလာခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကိုဘယ်သူကမှလည်း ဘယ်တော့မှ မဖြတ်သန်းသင့်ပါဘူး” လို့ ဟာရစ်က ပြောပါတယ်။

၂၀၂၁ခုနှစ် ဒီဇင်ဘာမှာ ဆိုနာရဲ့ရှေ့နေတွေက သူ့ရဲ့ စီရင်ချက်ကို ပြန်လည်စဥ်းစားပေးဖို့ ကြားနာချက်တစ်ခု တောင်းဆိုတဲ့အဆို တင်သွင်းခဲ့ပါတယ်။ အခုလပထမအပတ်မှာ ဆိုနာရဲ့စီရင်ချက်ကို ပြန်လည်စဥ်းစားပေးမယ့် ကြားနာမှုမှာ ဟာရစ်ကို ဆိုနာနဲ့သူ့ရဲ့သူငယ်ချင်းဆက်ဆံရေးအကြောင်းနဲ့ ပရောဂျက်လုပ်ဆောင်စဥ်တစ်လျှောက်လုံး ဆိုနာရဲ့တိုးတတ်မှုအကြောင်း ပြောဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဖုန်းနဲ့ ကြားနာရာမှာပါဝင်ခဲ့တဲ့ ဆိုနာကလည်း သူ့ရဲ့အမှုကို တရားသူကြီးထံ တင်ပြခဲ့ပါတယ်။ ကြားနာပြီးတဲ့နောက်မှာတော့ ဆိုနာက ထောင်ကနေ လွှတ်မြောက်လာခဲ့ပါတယ်။

ဆိုနာက ထောင်က လွတ်လာတဲ့နေ့ကို “ကြုံဖူးသမျှထဲမှာ အလှပဆုံးနေ့တစ်နေ့” လို့ ဆိုထားပါတယ်။ အခု သူ ပြန်လွှတ်လာပြီးတဲ့နောက်မှာ ဆိုနာက ထောင်ထဲမှာ လေ့လာခဲ့တဲ့ အထွေထွေပညာရေးဆိုင်ရာဖွံ့ဖြိုးရေး (GED) ကို အပြီးသတ်ဖို့ စီစဥ်နေပါတယ်။ သူ့ရဲ့ဝါသနာဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေး၊ ဓာတ်ပုံပညာ၊ သရုပ်ဆောင်ပညာအတွက် ကောလိပ်တက်ဖို့လည်း မျှော်လင့်နေပါတယ်။ အခုဆိုရင် ဟာရစ်ကလည်း ရှေ့နေအလုပ်မျိုးကို ဆက်လုပ်ချင်တဲ့အတွက် ဥပဒေကျောင်းတက်ဖို့ စီစဥ်ထားပါတယ်။

Ref: ABCNews “College student helps free childhood friend from prison 12 years early”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top