ဖာမီ ဝိရောဓိ (Fermi Paradox)

Drake1.jpg

“နဂါးငွေ့တန်း ဂလက်ဇီမှာ နေနဲ့ ပုံစံတူကြယ်ပေါင်း ဘီလီယံနဲ့ချီပြီး ပါဝင်နေပါတယ်။ အဲဒီကြယ်တွေဟာ နေအဖွဲ့အစည်းထက် သက်တမ်း အများကြီး ပိုရင့်ကြပါတယ်။ ကြယ်အဖွဲ့အစည်းတွေထဲက တချို့မှာ ကမ္ဘာနဲ့ ပုံစံတူ ဂြိုဟ်တွေ သေချာပေါက်ရှိနေနိုင်ပါတယ်။

အဲဒီလို ကမ္ဘာတူဂြိုဟ်တွေထဲက တချို့မှာကတော့ သက်ရှိမျိုးစိတ်တွေ ရှင်သန်ကြပြီး အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရှိနေပါလိမ့်မယ်။ အသိဉာဏ်မြင့်မားလာတဲ့ သက်ရှိတွေဟာ ကြယ်တစ်ခုကနေ တစ်ခု ဂလက်ဇီတစ်ခုကနေ တစ်ခု သွားနိုင်လာနိုင်လောက်အောင် နည်းပညာ ဖွံ့ဖြိုးနေပါလိမ့်မယ်။ ဒီနဂါးငွေ့တန်း ဂလက်ဇီတစ်ခုတည်းမှာတောင် အဆင့်အတန်းမြင့် အသိဉာဏ်ရှိတဲ့ မျိုးစိတ်ပေါင်း သိန်းချီရှိရမှာပါ။ ဒါပေမဲ့ သူတို့အားလုံး ဘယ်ရောက်နေကြပါလိမ့်….”

ဒီ logic ကို ဖာမီ ဝိရောဓိ (Fermi Paradox) လို့ခေါ်ပါတယ်။ အခုချိန်ထိ နက္ခတ္တသိပ္ပံပညာရှင်တွေ ရှာဖွေနေကြရာမှာတော့ အပြောကျယ်လှတဲ့ အနန္တစကြဝဠာကြီးထဲမှာ အခြားသက်ရှိတွေရဲ့ အထောက်အထားဆိုလို့ ရေးရေးလေးတောင် မတွေ့ရသေးပါဘူး။ အခြားအဆင့်မြင့်သက်ရှိတွေကို ရှာဖွေတဲ့အခါ ဘာအထောက်အထားတွေကို ရှာဖွေကြပါသလဲ။

ကိုလံဘတ်ဟာ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီးနောက် ဥရောပသားတွေဟာ အမေရိကကို သိမ်းပိုက်ခဲ့ပါတယ်။ အနော်ရထာတို့ အလောင်းမင်းတရားတို့ အရှေ့တောင်အာရှကို သိမ်းပိုက်ခဲ့ပါတယ်။ အင်္ဂလိပ်တို့ ပြင်သစ်တို့ ကမ္ဘာကို သိမ်းပိုက်ခဲ့ပါတယ်။ သက်ရှိမျိုးနွယ်စုတစ်ခုအတွက် မရှိမဖြစ်အရေးပါတာကတော့ သယံဇာတပဲဖြစ်ပါတယ်။ စွမ်းအင်တွေ သတ္ထုတွေ စားနပ်ရိက္ခာတွေ ဒါတွေ ပိုမိုရယူဖို့အတွက် နယ်မြေချဲ့ထွင်ရပါတယ်။

အခြားဂြိုဟ်က သက်ရှိတွေအတွက်လဲ အတူတူပါပဲ။ ကြယ်တွေဆီကနေ နေရောင်ခြည်စွမ်းအင်ရယူဖို့ dyson sphere ကြီးတွေ တည်ဆောက်ရပါမယ်။ လိုအပ်တဲ့ သတ္ထုတွေ အတွက် ဂလက်ဇီအနှံ့ mining လုပ်ငန်းတွေ တိုးချဲ့ရပါမယ်။ တိုးပွားလာတဲ့ လူဦးရေအတွက် စိုက်ပျိုးရေးလုပ်ဖို့ ဂြိုဟ်တွေကို ပြုပြင်ရမယ်။ သိမ်းပိုက်ရပါမယ်။ တစ်ရက်တစ်ရက် စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ မီးရှို့ဖို့ ကြယ်တွေဆီကို သွန်ချနေတဲ့ အမှိုက်သိမ်းကားတွေ ရှိပါမယ်။ ခရီးသွားလာဖို့ bus တွေ ကောင်းကင်မှာ ရှုပ်ရှက်ခပ်နေရမယ်။ ဆက်သွယ်ပြောဆိုဖို့ ဂလက်ဇီအနှံ့ ရေဒီယို တာဝါတိုင်တွေ တစ်ခုပြီးတစ်ခု ဆောက်ရမယ်။ Bracewell Probe တွေ ဟိုနားတွေ့ ဒီနားတွေ့ တွေ့နေရမယ်။ ကုလသမဂ္ဂလို ဂလက်ဇီသမဂ္ဂအဖွဲ့ကြီးတွေရှိမယ်။ ကမ႓ာကနေ ညဘက် ကောင်းကင်ကိုမော့ကြည့်လိုက်ရင် ရန်ကုန်မြို့ရဲ့ ညဈေးတန်းနဲ့ ကားလမ်းမတွေလို ကောင်းကင်ပေါ်မှာ ရှုပ်ရှက်ခပ်ပြီး ဥဒဟို သွားလာနေကြပါလိမ့်မယ်။

ဒါပေမဲ့ သူတို့အားလုံး ဘယ်ရောက်နေကြပါလိမ့်…။ ရေဒီယိုစကုပ်တွေနဲ့ စက္ကန့်မပြတ် ထောက်လှမ်းနေတယ်။ တယ်လီစကုပ်တွေနဲ့ တစ်လက်မ မကျန်ရှာဖွေနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာမှ မတွေ့ပါဘူး။ စကြဝဠာကြီးတစ်ခုလုံးဟာ ခြောက်ခြားဖို့ကောင်းလောက်အောင် တိတ်ဆိတ်လွန်းပါတယ်။

ဘာလို့ဒီလောက်တိတ်ဆိတ်နေတာလဲ…။ အသိဉာဏ်ရှိလာတဲ့ မျိုးစိတ်တွေကိုက အချင်းချင်းသတ်ဖြတ်ပြီး မျိုးသုန်းတဲ့ ဗီဇရှိတာလား.. ကျွန်တော်တို့ ရှာဖွေနေတဲ့ ပုံစံပဲမှားနေလို့လား.. ကမ္ဘာစစ်တွေ ဖြစ်တာတောင်မသိလိုက်တဲ့ အာဖရိကလို နေရာမျိုးမှာများ ကျွန်တော်တို့ရောက်နေလို့လား.. အားလုံးကရှာဖွေနေကြပြီး အချက်ပြဖို့ကျ ကြောက်ရွံနေကြလို့လား.. ကျွန်တော်တို့ကို တမင်ပဲ ရည်ရွယ်ချက်ရှိရှိ သီးသန့်ထားပြီး စောင့်ကြည့်နေကြတာလား.. ဒီလိုတွေမှ မဟုတ်ပဲ အမှန်တကယ်ပဲ အသိဉာဏ်ရှိတဲ့ သက်ရှိဆိုလို့ အနန္တစကြဝဠာကြီးတစ်ခုလုံးမှာ ကျွန်တော်တို့ပဲ ရှိနေတာလား…။

ဒီဒွိဟတွေကို အင်န်ရီကို ဖာမီ (Enrico Fermi) ဆိုတဲ့ ရူပဗေဒပညာရှင်က မေးခွန်းထုတ်ခဲ့တာပါ။ သူ့နာမည်ကိုအစွဲပြုပြီး ဖာမီ ဝိရောဓိ (Fermi Paradox) လို့ ခေါ်တာဖြစ်ပါတယ်။ (၁) စကြဝဠာထဲမှာ အခြားသက်ရှိတွေ အများကြီးရှိနေသေးတယ် (၂) စကြဝဠာကြီးတစ်ခုလုံးမှာ သက်ရှိဆိုလို့ ကျွန်တော်တို့ပဲ ရှိပါတယ်။ ဒီအဖြေနှစ်ခုဟာ ဘယ်အဖြေပဲ ထွက်ထွက် စိတ်လှုပ်ရှားပြီး ကြောက်စရာကောင်းလွန်းနေပါတယ်။

Ref: wikipedia.org “Fermi paradox” astronomy.com “How the Fermi Paradox attempts to settle the issue of our apparent aloneness in the universe”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top