နောင်တ

image2020.jpg

လူတို့သည် အချိန်နှင့်အတူ အသက်အရွယ်တို့ ကြီး၍လာလေသည်။ အချိန်သည် ကျွန်တော်တို့မွေးဖွားချိန်မှ သေဆုံးအချိန်အထိ မည်သည့်အခါမျှ ရပ်မနေသကဲ့သို့ ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာသည်လည်း အချိန်နှင့်အတူ ဖြစ်ပျက် ပြောင်းလဲနေသည်ပင်ဖြစ်သည်။ ရပ်တန့်မနေသော အချိန်နှင့် ရပ်မနေသော၊ ဖြစ်ပျက် ပြောင်းလည်းနေသည့် ကျွန်တော်တို့ လူသားတို့သည် အတိတ်ကာလဆီသို့ ပြန်ပြောင်းတမ်းတရသော အချိန်လည်း ရှိနေကြပြန်သည်။ ထိုအတိတ်ဆိုသည့်အချိန်သည် ယခု မရှိတော့ပြီ၊ ထိုအချိန်သည် ပြီခဲ့ပြီဖြစ်သည်။ သို့သော် ထိုအချိန်၏ အကြောင်းတရားတို့၏ ရလဒ်တစ်ခုအဖြစ် ယခုအချိန်တွင် အတိတ်အချိန်၏ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်နေခြင်းဖြစ်သည်။

လူဆိုသည့် ပုဂ္ဂိုလ်အများစုသည် ယခုအချိန်တွင် နောင်တ တစ်ဖန်ဖြစ်ရခြင်း ယူကြုံးမရဖြစ်ရခြင်း စသည်တို့ရှိကြလေသည်။ ထိုသို့ နောင်တရှိကြခြင်းသည် ကုန်လွန်ခဲ့ပြီးသော မရှိတော့သည့် အတိတ်ကိုတမ်းတရင်း ပူဆွေးနေကြခြင်းဖြစ်သည်။ ‘ငယ်ငယ်က ပညာကို ကောင်းစွာမလိုက်စားခဲ့မိလေခြင်း ထိုအကျိုးကြောင့် ဒီနေ့ ငါပင်ပန်းကြီးစွာ လုပ်ကိုင် စားသောက်နေရလေခြင်း’ စသည်ဖြင့် နောင်တရနေခြင်းမျိုးကို လူအများ ခံစားကြခြင်းဖြစ်သည်။ အသက်အရွယ်ရလာသောသူများသည် နောင်တအနည်းနှင့်အများ ရှိကြသည်ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓကလည်း ထိုနောင်တတရားကို (ကုက္ကုစ္စ) – ဟု၍ ဟောတော်မူပြီး ထို နောင်တတရား (၁၀) ပါး ရှိကြောင်းလည်း ဟောတော်မူခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ကျွန်တော်တို့ ဖြစ်တည်နေခြင်းကပင် ယခုလက်ရှိ တန်ဖိုးဖြစ်သည်။ တစ်ချိန်ကကျွန်တော် မဟုတ်တော့ကြောင်း သိနေဖို့ လိုပေသည်။ အတိတ်သည် ပြန်မရနိုင်တော့ပေ ထိုအတိတ်ကအမှားကို ပြန်လည်သွားရောက်၍ ပြန်လည်ပြင်ဆင်ရန်လည်း မဖြစ်နိုင်တော့ပေ။ ထိုအတူ အတိတ်က ကုသိုလ် အကုသိုလ်သည်လည်း သီးခြားစီဖြစ်၍ သွားပြီဖြစ်သည်။ ဤနေရာတွင် မရှင်းလင်းသည့်အချက်တစ်ခုအား ဆရာတော်တစ်ပါးထံသို့ ချင်းကပ် မေးမြန်းလျှောက်ထား ဖူးပါသည်၊ အကုသိုလ်နည်းဖြင့် ရှာဖွေလာသည့် ငွေကြေးဥစ္စာကို ကုသိုလ်ကောင်းမှု့ပြုခြင်းက ရာနှုံးပြည့် ကုသိုလ်ရပါသလား၊ မရဘူးလား၊ ကုသိုလ် အကုသိုလ် သီးခြားစီဖြစ်သလား စသည့်အမေးဖြစ်ပါသည်။ ဆရာတော်က အကုသိုလ်ပြုချိန်တွင် ထိုအကုသိုလ်ကံ ဖြစ်ပေါ်လာပြီးဖြစ်သည်၊ ထိုအကုသိုလ်မှရသည့် အကျိုးအမြတ်ဖြင့် ကုသိုလ်ပြုရာတွင် ကုသိုလ်အရာမထင် ဖြစ်တတ်သည်ဟုဆိုသည်။ သို့သော် အကုသိုလ်ပြုစဉ်က ထိုအကုသိုလ်စိတ်ကို ပြတ်ခဲ့ပီး ထိုအကုသိုလ်တရားအတွက်လည်း နောင်တတရားဖြင့် ပူပင်ခြင်းမရှိသော ကုက္ကုစ္စ တရားကို ပယ်သတ်နိုင်ခဲ့ပါက ကုသိုလ်ပြုရာတွင်လည်း သန့်ရှင်းသောစိတ်ဖြင့် ကုသိုလ်ပြုပြီးဖြစ်လျှင် ထိုကုသိုလ်စိတ်ကိုလည်း နောင်တတရား ကင်းစွာဖြင့် ပြတ်သားသောစိတ်ထားနှင့် လှူနိုင်ပါက အကုသိုလ်သည် အကုသိုလ်အဖို့ဖြစ်ပြီး ကုသိုလ်သည် ကုသိုလ်အဖိုး အပြည့်အဝ ရရှိနိုင်ကြောင်း ဆရာတော်မှ ထပ်ဆင့်ရှင်းပြဖူးသည်။

ထို့ကြောင့် အချိန်တစ်ခုတွင် အချိန်တစ်ခုက ဝင်ရောက်အစားထိုးခဲ့ပြီး ထိုပထမအချိန်တစ်ခုသည် ဒုတိယအချိန်တစ်ခု ဝင်ရောက် အစားထိုးချိန်တွင် ပထမအချိန်သည် အတိတ်ကာလအဖြစ် ပျောက်ကွယ်သွား ပြီဖြစ်သည်။ ထိုပျောက်ကွယ်သွားသည့်အချိန်နှင့် အတူပါသွားသော အရားအားလုံးသည် ထိုအချိန်နှင့်အတူ အတိတ်ကာလ ဖြစ်သွားခဲ့ပြီဖြစ်သည်။ ထိုအတိတ်ကို ပြန်လည်ပြင်ဆင်ခြင်း၊ တမ်းတခြင်း၊ နောင်တတရားဖြင့် ‘ငါမလုပ်လိုက်ရလေခြင်း၊ ငါမပြုလိုက်ရလေခြင်း’ စသဖြင့် ပူဆွေးခြင်းတို့သည် ယခုလက်ရှိအချိန်အတွက် အကုသိုလ်သာ ဖြစ်စေသည်ဟု တရားတော်တွင် ဖတ်ခဲ့ရဖူးသည်။ လူတိုင်း အတိတ်ကို တမ်းတဖူးပါသည်၊ တမ်းတဖူးသူတိုင်းလည်း နောင်တရတတ်ကြပါသည်။ ထိုအတိတ်ကို တမ်းတသော နောင်တတရားတို့သည် ကျွန်တော်တို့၏ စိတ်ကိုပူလောင်စေသကဲ့သို့ စိတ်မထားတတ်လျှင် အကုသိုလ်ပင် ဖြစ်တတ်သဖြင့် အတိတ်ကိုတွေးရင်း နောင်တ ပူပန်ခြင်းသည်လည်း သံသရာအတွက် အန္တရာယ်ပင်ဖြစ်လေသည်။

သို့ဖြစ်လျှင် အတိတ်ကိုတမ်းတ နောင်တဖြင့် ပူဆွေး သောကရောက်ခြင်းသည် အကုသိုလ်ကို ဖြစ်စေသည်ဆိုလျှင် မဖြစ်သေးသည့် အနာဂတ်ကို ရည်မှန်းပြီး မည်သို့ပြုလိုက်မည် မည်သူကို မည်သို့ပြောလိုက်မည် မည်သည့်အလုပ်အတွက် မည်သို့လုပ်ဆောင်ရမည် စသည်ဖြင့် လူတို့တွေးနေတတ်သည်။ ထို့သို့ တွေးတောနေခြင်းတွင်လည်း အကုသိုလ်ဖြစ်စေသော မကောင်းသော အကြံအစီများကို စိတ်တွင် ပုံဖော်ကြည့်နေသည့်အခါ အနာဂါတ်အတွေးသည် ကာယကံ ဝစီကံမြောက် မပြုရသေးသော်လည်း မဖြစ်သေး၊ မရောက်သေးသော ကာလအတွက် ယခု လက်ရှိအချိန်ကပင် အကုသိုလ် ကြိုတင်ယူနေခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ဖူးပါသည်။

သို့ဆိုလျှင် ကျွန်တော်တို့၏စိတ်သည် ပြုခဲ့ပြီး ဖြစ်ခဲ့ပြီးသော အတိတ်ကို ပြန်လည်တမ်းတ ပူဆွေးခြင်းလည်း မပြုသင့်သလို မဖြစ်သေး မရောက်သေးသည့် အနာဂါတ်အတွက်လည်း ကြိုတင် အကုသိုလ် မယူထားသင့်ပေ။ ကျွန်တော်တို့သည် ယခု လက်ရှိအချိန်ကိုသာ အကောင်းဆုံးဆောင်ရွက်ပြီး အကုသိုလ် နည်းနိုင်သမျှနည်းရန် အားထုတ်ရင်း မေတ္တတရားဖြင့် နေထိုင်ခြင်းက ဗုဒ္ဓ၏ တရားတော်နှင့်အညီ ဖြစ်ပြီး ငြိမ်းချမ်းသော ဘဝတစ်ခုကို ရရှိနိုင်ကြောင်း တွေးနေမိတော့သည်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top