အသည်းကွဲတာကို သိပ္ပံနည်းကျ ဘယ်လို ကုစား ဖြေရှင်းမလဲ

6-7-2020-yyl-043.jpg

အသက် ၂၀ နှစ်ကနေ ၃၇ နှစ်အကြား အသည်းကွဲနေတဲ့ အရွယ်ရောက်ပြီးသူ ၂၄ ယောက်ကို သိပ္ပံပညာရှင်တွေက သိပ္ပံနည်းကျ အချက် (၃) ချက်နဲ့ လေ့လာခဲ့ပါတယ်။

လေ့လာခံခဲ့သူတွေရဲ့ ချစ်သက်တမ်းတွေက ၂ လကနေ ၈ နှစ်အထိ အသီးသီး ရှိနေကြပြီး သိပ္ပံပညာရှင်တွေက Encephalogram (EEG) လို့ခေါ်တဲ့ ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို အသုံးပြု မှတ်တမ်းတင်စနစ်နဲ့ အစမ်းသပ်ခံသူတွေကို လေ့လာခဲ့တာပါ။ သူတို့ကို ချစ်သူဟောင်းရဲ့ ဓာတ်ပုံတွေကိုပြပြီး နောက်ပိုင်းဖြစ်လာမယ့် အခြေအနေတွေကို ခန့်မှန်းတွက်ချက်ခဲ့တာပဲ ဖြစ်ပါတယ်။

လေ့လာပြီးတဲ့နောက် အောက်မှာ ဖော်ပြထားတဲ့ အချက် (၃) ချက်ကို ပြုလုပ်မယ်ဆိုရင် ဆိုးရွားတဲ့ တုန့်ပြန်မှုမျိုးတွေကို ပြုလုပ်မိကြမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

(၁) အနုတ်လက္ခဏာဆန်တဲ့ အမြင်နဲ့ကြည့်ပါ

Negative Sense လို့ခေါ်တဲ့ အနုတ်လက္ခဏာဆန်ဆန် အမြင်နဲ့ ချစ်သူဟောင်းအပေါ် မြင်လိုက်ပါ။ သူ့ရဲ့ မကောင်းတဲ့ အကျင့်တွေ၊ သူလုပ်ဖူးတဲ့ ဆိုးဆိုးရွားရွားကိစ္စတွေကို တွေးလိုက်တာဟာ နာကျည်းပြီး မေ့ပျောက်ဖို့ ပိုလွယ်လာကာ တသသခံစားနေရတာကို လျော့ကျသွားစေပါတယ်။ ဒါက လူအများစု လုပ်လေ့လုပ်ထရှိတဲ့ နည်းပါ။

(၂) ပျော်ရွှင်ဖို့ကောင်းတဲ့ ချစ်ခြင်းလား ဆန်းစစ်ပါ

ချစ်ခြင်းတစ်ခုမှာ သူကချစ်တာကို ကိုယ်ခံရသလို ကိုယ်ကလည်း သူ့ကိုချစ်နေမှ ပျော်ရွှင်ရမှာပါ။ ကိုယ်ကပဲ ချစ်နေပြီး သူ့ဘက်က တုံ့ပြန်မှုမရှိ အေးစက်နေမယ်ဆိုရင် နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ ရေရှည်လက်တွဲသွားဖို့ရာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလို အခြေအနေမှာ သူ့ဘက်ကို အရမ်းဖြည့်တွေးပေးနေတတ်တာကို လျော့ပြီး ကိုယ့်အပေါ် တကယ်ကောင်းနိုင်မယ့်သူကို ချစ်နိုင်အောင်ကြိုးစားသင့်ပါတယ်။ အခြေအနေမှန်ကို မြင်အောင်ကြည့်ပြီး အဆင်မပြေနိုင်တဲ့ အမှန်တရားကို လက်ခံသင့်ပါတယ်။

(၃) အချိန်ကို အကျိုးရှိစေတာတွေနဲ့သာ ကုန်ဆုံးပါ

အသည်းကွဲနေလို့ လေနေတာမျိုး မလုပ်ဘဲ အလုပ်ကို အရင်ထက် ပိုပြီး အာရုံစိုက်လုပ်ပါ။ အကြိုက်ဆုံး အစားအစာတွေကို စားပြီး Positive Thinking ဆိုတဲ့ အပေါင်းလက္ခဏာဆန်ဆန် အတွေးမျိုးတွေကိုသာ တွေးကြည့်ပါ။

လူတွေဟာ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ အခြားသော လူမှုကွန်ယက်တွေကနေ တစ်ဆင့် ချစ်သူဟောင်းရဲ့ ပုံတွေကို သွားရောက်ကြည့်တတ်တာကို ရှောင်ကြဉ်မယ်ဆို ပိုကောင်းမှာ ဖြစ်ပေမယ့် ဒါက တကယ်တမ်း လုပ်ဆောင်ဖို့အတွက်တော့ ခက်ခဲပါတယ်။

နေ့တိုင်း ချစ်သူဟောင်းရဲ့ ဆိုးသွမ်းစိတ်ပျက်ဖို့ကောင်းတဲ့ အကျင့်တွေကို စာရင်းချရေးဖို့ အကြံပေးထားပါတယ်။ ရင်ထဲက ခံစားချက်တွေ သက်သာကောင်းမွန်မသွားမချင်း ဒီအကျင့်ကို ရပ်တန့်မပစ်ဖို့ လိုတယ်လို့လည်း ဆိုထားပါတယ်။

Ref: Curiosity “How to Cope After a Breakup, According to Science”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top