နေလောင်ခံရပြီဆိုရင် ရှားစောင်းလက်ပပ်ကို သတိရလိုက်ပါ

shutterstock-394716478.png

ရှားစောင်းလက်ပပ်ဆိုတာ ကျွန်တော်တို့အသားအရေအတွက်တော့ နတ်ဆေးတစ်ပါးပါပဲ။ အလှအပအတွက်လည်း သုံးနိုင်သလို ဝက်ခြံ၊ အမာရွတ်၊ ဒဏ်ရာ၊ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ အရေပြားပြဿနာတွေအပြင် နေလောင်ခံရလို့ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကုသပေးတဲ့ နေရာမှာလည်း အသုံးဝင်တယ်နော်။ သူ့မှာပါဝင်တဲ့ ဂျယ်လ်အနှစ်က အရေပြားကို အေးမြစေပြီး အသားအရေကို ကြည်လင်ဝင်းပလာစေတယ်။ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်လို့ မလိုလားအပ်တဲ့ အဖုအပိမ့်တွေ ဖြစ်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။

နေလောင်ခံရတဲ့ အရေပြားအတွက် အသုံးပြုပုံ

ကမ်းခြေသွားလို့ တစ်နေကုန် နေပူစာလှုံပြီး ပြန်လာတာ၊ အပြင်မှာ နေပူမရှောင် မိုးရွာမရှောင် သွားပြီးသွားလို့ အိမ်ပြန်ရောက်ပြီဆိုရင် အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ထိလိုက်တာနဲ့ အသားက ပူခြစ်နေတာ၊ နေလောင်ဒဏ်ခံတာများသွားတဲ့ အချိန်တွေဆိုရင် အရည်ကြည်ဖုတွေ ထွက်လာတာ၊ အရေပြား ယားယံလာတာတွေပါ ဖြစ်နိုင်တယ်နော်။

ရှားစောင်းလက်ပပ်ရဲ့ အာနိသင်က နေလောင်ခံရပြီး ကျန်ခဲ့တဲ့ လက္ခဏာတွေကိုလည်း သက်သာစေသလို ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ အရေပြားဆဲလ် အဟောင်းတွေကို ကွာကျစေပြီး ဆဲလ်အသစ်တွေ အလျင်အမြန်ထွက်လာစေလို့ နဂိုအသားအရောင်အတိုင်း ပြန်ရအောင် ကူညီပေးတယ်။ သဘာဝကရတဲ့ ရှားစောင်းလက်ပပ်ဖြစ်စေ၊ ရှားစောင်းလက်ပပ်ပါဝင်တဲ့ အသားအရေထိန်း ပစ္စည်းတွေဖြစ်စေ ရေခဲသေတ္တာ သို့မဟုတ် အေးမြတဲ့ နေရာမှာ သိမ်းထားပြီးမှ အသုံးပြုတာ အကောင်းဆုံးပါပဲ။

၁။ ကိုယ့်အိမ်မှာ ရှားစောင်းလက်ပပ် အပင်စိုက်ထားတာရှိရင် တစ်ခက်လောက် ချိုးပြီး ထွက်လာတဲ့ အကြည်ရောင် စေးကပ်ကပ်ဂျယ်လ် အနှစ်တွေကို နေလောင်ခံရတဲ့ အရေပြားတစ်ဝိုက် စက်ဝိုင်းပုံစံ လိမ်းပေးရမှာပါ။ ၁၀ မိနစ်လောက်နေရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ကိုယ်က အပင်မစိုက်ထားဘူးဆိုရင် နီးစပ်ရာ ဆိုင်တွေကနေ ဝယ်ပြီး အသုံးပြုလို့ရပါတယ်။ သတိထားဖို့က လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်တွေကိုပဲ အသုံးပြုဖို့နဲ့ မသုံးခင်မှာ ရေခဲသေတ္တာထဲ အေးနေအောင် အရင်ထည့်ထားဖို့ပါပဲ။

၂။ ဒီဘက်ခေတ် အလှကုန်နဲ့ အသားအရေ ထိန်းပစ္စည်းတွေမှာ ရှားစောင်းလက်ပပ်ကို မဖြစ်မနေ ထည့်သွင်းလာကြပါပြီ။ ကိုယ်က သဘာဝအတိုင်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ဒီပစ္စည်းတွေကို ဝယ်သုံးလို့လည်း အဆင်ပြေပါတယ်။ အဓိက အသားအရေကို အစိုဓါတ်နဲ့ ရေဓါတ်ပြန်ဖြည့်ပေးဖို့အတွက် Lotion သို့မဟုတ် အစိုဓါတ်ထိန်းခရင်မ်တွေကို သုံးပေးရမှာပါ။ လိုသလောက် ပမာဏကို လက်ထဲထည့်ပြီး နေလောင်ခံထားရတဲ့ နေရာတစ်ဝိုက် ပါးပါးလေးလိမ်းပေးရမှာပါ။

၃။ သဘာဝအတိုင်း ရတဲ့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို စားပေးလို့လည်း ရပါတယ်။ အရေပြားအောက်ဆုံးလွှာမှာ ဖြစ်နေတဲ့ ပူစပ်ပူလောင်ဖြစ်တာ၊ နီရဲတာကို သက်သာစေပြီး ကိုယ်တွင်းအပူကို အေးမြစေတယ်။ ဗီတာမင်နဲ့ အာဟာရဓါတ်တွေလည်း ဖြည့်ပေးပါတယ်။ ဒါပေမယ့် အရေပြားအပေါ်ယံမှာ ဖြစ်နေတဲ့ လက္ခဏာတွေကိုတော့ သက်သာစေခြင်း မရှိပါဘူး။ အကောင်းဆုံးက မစားခင်မှာ ရှားစောင်းလက်ပပ်အခက်ကို ရေနဲ့ သေချာပြောင်စင်အောင် ဆေးရပါမယ်။ ပြီးသွားမှ လတ်လတ်ဆတ်ဆတ် ညှစ်ပြီး စားရုံပါပဲ။ ရှားစောင်းလက်ပပ်ကို နေလောင်ဒဏ်အတွက် အရေးပေါ် အိမ်တွင်းဆေးဝါးအဖြစ် သုံးစွဲကြပြီး သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာ အလျင်အမြန် ဝေဒနာသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ တော်တော်လေးကို ပြင်းထန်တဲ့အခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ အရင်ဆုံးပြသဖို့ လိုအပ်ပါတယ်။

သိပ်ပြီးမပြင်းထန်တဲ့ အခြေအနေမျိုးအတွက် အရင်ဆုံး အိမ်ပြန်ရောက်ပြီဆိုရင် ချွေးခြောက်အောင်သုတ်ပါ။ နေလောင်ခံထားရတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာ၊ ရေအေးချိုးတာမျိုး လုပ်ပေးပါ။ နေလောင်ခံရတဲ့ အရေပြားကို မခြောက်တခြောက် သုတ်ပြီးသွားရင် ရှားစောင်းလက်ပပ်အနှစ်ဖြင့် လိမ်းပေးပါ။ ပြီးသွားမှ ရေနဲ့ ပြန်ဆေးပေးပါ။ နာကျင်ကိုက်ခဲမှု သက်သာသွားအောင် ibuprofen အကိုက်အခဲပျောက်သောက်လို့ရပါတယ်။ အရည်ကြည်ဖုထွက်လာရင်တော့ မဖောက်လိုက်ပါနဲ့။ အရေပြားကို သေချာလေး ဂရုစိုက်ပေးရင် သူ့အလိုလို ချပ်သွားပါလိမ့်မယ်။

Ref : hellosayarwon

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top