Stay Home ချိန်အတွင်း စိတ်ဆိုးဒေါသထွက်တာကို ဘယ်လိုထိန်းမလဲ

23-10-2020-yyl-023.jpg

ကိုဗစ်ကပ်ရောဂါအန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လူတိုင်းဟာ အိမ်ထဲမှာ အောင်းနေကြရပါတယ်။ ဒါပေမဲ့ အိမ်မှာ နေရတာကြာလာတော့ လူတွေက ငြီးငွေ့လာပြီး ကိစ္စအသေးအမွှားတွေကိုတောင် စိတ်အလိုမကျဖြစ်လာတတ်ကြပါတယ်။ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေတဲ့သူတွေကျတော့လည်း စိတ်ဖီးစီးလာကြပြီး တစ်ခုခုဆို စိတ်ဆိုးဒေါသထွက်မိနေတတ်ကြပါတယ်။ စိတ်ဆိုးတာ၊ ဒေါသထွက်တာက လူ့ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် ကပ်ရောဂါကြောင့် ကျွန်တော်တို့တွေက အိမ်ထဲမှာပဲ နေနေရဦးမှာဖြစ်တဲ့အတွက် တက်နိုင်သလောက် စိတ်မဆိုးမိအောင်၊ ဒေါသမထွက်မိအောင် ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းသင့်ပါတယ်။ ကိုယ့်ဒေါသကို ဘယ်လိုပြန်ထိန်းချုပ်ရမလဲဆိုတဲ့ အသုံးဝင်တဲ့အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။

၁ သင့်ရဲ့ဒေါသထွက်ချင်နေတဲ့ခံစားချက်ကို ကောင်းတဲ့ခံစားချက်အဖြစ် ပြောင်းလဲလိုက်ပါ – တစ်ခုခု (ဒါမှမဟုတ်) တစ်စုံတစ်ယောက်ကို ဒေါသထွက်မိတော့မယ်လို့ ကိုယ့်ကိုယ်သတိထားမိလိုက်တာနဲ့ ဒေါသထွက်မိစေတဲ့အရာက ဘာလဲ၊ ဒါကို ဘယ်လိုကျော်ပစ်ရမယ်ဆိုတာကို ကိုယ့်ကိုယ့်ကိုယ် သုံးသပ်ပြီး ဒေါသကို ထိန်းပေးသင့်ပါတယ်။

၂ သင့်ရဲ့ဒေါသကို အစပျိုးလိုက်တဲ့အရာကို သိအောင်လုပ်ပါ – ဒေါသထွက်အောင် အစပျိုးလိုက်တဲ့အရာကို သိအောင်လုပ်ပြီး ဒေါသကို ထိန်းသင့်ပါတယ်။ သင့်ကို ဒေါသထွက်စေတဲ့ အလေ့အထ၊ ဖြစ်ရပ်၊ စိတ်ခံစားချက်တွေကို မှတ်သားထားပြီး ဖြစ်နိုင်သလောက် ဒီပြဿနာတွေကို အကောင်းမြင်စိတ်နဲ့ ဖြေရှင်းပြီး မဖြစ်အောင် ရှောင်သင့်ပါတယ်။

၃ စိတ်ကိုဖြေလျော့ထားပါ – အပြင်မထွက်ရင်ဘဲ၊ အရင်လိုလုပ်ချင်တာမလုပ်ရဘဲ အိမ်မှာပဲ နေရတဲ့အချိန်မှာ စိတ်သက်သာရစေတဲ့နေရာကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲတဲ့ပုံပါပဲ။ အိမ်မှာ စိတ်အေးချမ်းချမ်းနဲ့ စိတ်သက်သာရာရဖို့အတွက် အွန်လိုင်းပေါ်ကနေ အလွယ်တကူရနိုင်တဲ့ အသက်ရူလေ့ကျင့်ခန်းတွေကို အလေ့အကျင့်လုပ်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

၄ သင့်ခံစားချက်တွေကို အိမ်မှာရှိတဲ့အခြားသူတွေကို ထုတ်ပြောလိုက်ပါ – ဒေါသတွေကိုမျိုသိပ်ထားတာက နောက်ပိုင်းမှာ မလိုလားအပ်တဲ့အရာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေနဲ့ပတ်သက်ပြီး ထုတ်ပြောပါ။ သင့်ခံစားချက်တွေကို မျိုသိပ်မထားဘဲ အခြားသူတွေကို ဖွင့်ထုတ်ပြောပြတာက ဒေါသကို ထိန်းတဲ့နေရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်။

၅ လေကောင်းလေသန့်ရပါစေ – အိမ်မှာပဲ နေရတဲ့အချိန်မှာ လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ လေကောင်းလေသန့်မဝင်ရင် လူကို ပိတ်လောင်ထားသလိုခံစားနေရပါလိမ့်မယ်။ လေဝဝရှုပေးပါ။ တကယ်လို့ ဒေါသထွက်တော့မယ်ဆိုရင် ဒေါသတွေပြေသွားဖို့အတွက် အိမ်ထဲမှာပဲ လမ်းလျှောက်ပေးတာ (ဒါမှမဟုတ်) လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

Ref: How to keep your temper in check while being stuck at home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top