သင့်တစ်နေ့တာကို လမ်းလျှောက်ခြင်း ဖြင့် စတင်ရအောင်

18-6-2020-yyl-001.jpg

လမ်းလျှောက်ခြင်းဆိုတာ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတမျိုး ဖြစ်ပါတယ်။ ပစ္စည်းကိရိယာ တန်ဆာပလာ အထွေအထူးလည်း သိပ်မလိုတဲ့အပြင် အင်အားလည်း ပင်ပင်ပန်းပန်း စိုက်ထုတ်စရာမလိုတဲ့အတွက် သက်ကြီးရွယ်အိုတွေပါ လုပ်ဆောင်နိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့တနေ့တာကို လမ်းလျှောက်ခြင်းနဲ့ ဘာကြောင့် စတင်သင့်သလဲ ဆိုတာပါပဲ။ တနည်းအားဖြင့် လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သိပ္ပံနည်းကျ သုတေသနရလဒ်တွေ ဖြစ်တာကြောင့်ခိုင်မာမှု ရှိပါတယ်။

၁။ စွမ်းအင်မြှင့်တင်ခြင်း

သင့်ရဲ့မနက်ခင်းမှာ လမ်းလျှောက်ပြီး လတ်ဆတ်အေးမြတဲ့လေကို ရှူရှိုက်ခြင်းအားဖြင့် တနေ့တာလုံးမှာ လန်းဆန်းတက်ကြွစေနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အပြင်ထွက်လမ်းလျှောက်ခြင်း ဖြစ်ပါတယ်။ လေ့လာချက်များအရ ပြင်ပလေကို ရှူရှိုက်ရင်း တနေ့ကို မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပေးခြင်းဟာ သင့်ရဲ့တနေ့တာစွမ်းအင်ကို မြှင့်တင်ပေးရာ ရောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လှေကားအတက်အဆင်း လမ်းလျှောက်ခြင်းကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးခြင်းဟာ ကော်ဖီတခွက်သောက်ခြင်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

၂။ စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း

လမ်းလျှောက်ခြင်းမှာ ဇီဝကမ္မအကျိုးကျေးဇူးတွေ ရှိနေပါတယ်။ သုတေသနများအရ တွေ့ရှိချက်တွေကတော့

– မိမိကိုယ်ကိုယုံကြည်လေးစားမှုတက်စေခြင်း

– စိတ်ပိုင်းဆိုင်ရာမြင့်မားခြင်း

– စိတ်ဖိစီးမှုလျော့နည်းစေခြင်း

– စိတ်ပူပန်မှုလျော့ကျစေခြင်း

– ပင်ပန်းနွမ်းနယ်မှု လျော့ကျစေခြင်း

– စိတ်ဓာတ်ကျမှုဖြစ်နိုင်ခြေ လျော့နည်းစေခြင်း

၃။ ကိုယ်လက်လှုပ်ရှားမှု ဖြစ်မြောက်သွားခြင်း

လမ်းလျှောက်ခြင်းဟာ အင်အားသိပ်မစိုက်ထုတ်ရပေမယ့် ကိုယ်လက်လေ့ကျင့်ခန်း တမျိုးအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ အင်အားမစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းကို တပတ်မှာ မိနစ် ၁၅၀ ကနေ မိနစ် ၃၀၀ ထိ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ တပတ်ကို ၅ရက်ခန့် တနေ့ နာရီဝက်လမ်းလျှောက်ပေးခြင်းဟာ ဒီလိုအပ်ချက်ကို ပြည့်မီစေမှာ ဖြစ်ပါတယ်။

၄။ ကိုယ်အလေးချိန်ကျစေခြင်း

သင်ဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေသူတယောက်ဆိုရင် နံနက်တိုင်း လမ်းလျှောက်ပေးသင့်ပါတယ်။ ပုံမှန်ခြေလှမ်းနဲ့ နာရီဝက်လောက် လမ်းလျှောက်ရင် ၁၅၀ ကယ်လိုရီ လောင်ကျွမ်းပြီးသား ဖြစ်သွားပါတယ်။

၅။ ကျန်းမာရေးကောင်းမွန်စေခြင်း

လမ်းလျှောက်ခြင်းကြောင့် ကိုယ်ခံစွမ်းအားကို မြင့်တက်စေသလို ရောဂါတချို့ ဖြစ်နိုင်ခြေကလည်း ကာကွယ်ပေးပါတယ်။ တနေ့ကို နာရီဝက်လမ်းလျှောက်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၉% လျော့နည်းတယ်လို့ ဆိုပါတယ်။ ဆီးချိုရှိသူများအနေနဲ့လည်း ပုံမှန်လမ်းလျှောက်ခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။

လူ့သက်တမ်းကို ရှည်စေပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါတွေအပြင် ကင်ဆာရောဂါတချို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

၆။ ကြွက်သားများကို သန်မာစေခြင်း

လမ်းလျှောက်ခြင်းကြောင့် ခြေထောက်ကြွက်သားတွေ သန်မာလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ နည်းနည်းခပ်သွက်သွက်လျှောက်ပေးဖို့ပါပဲ။ နောက်ပိုင်းမှာ အပြောင်းအလဲလုပ်ပြီး လှေကားတက်ခြင်း၊ ကုန်းအနိမ့်အမြင့်လျှောက်ခြင်း စသဖြင့် ပုံစံပြောင်းပြီးလည်း လျှောက်သင့်ပါတယ်။

၇။ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားခြင်း

နံနက်စောစော လမ်းလျှောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားပြီး တနေ့တာကိစ္စတွေကို အာရုံစူးစိုက်မှုအား ကောင်းစေပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာ နံနက်စောစော လမ်းလျှောက်တဲ့အခါ သိမှုစွမ်းရည်တွေ မြင်ပတက်လာစေတယ်လို့ သိရပါတယ်။

လမ်းလျှောက်ခြင်းကြောင့် ဖန်တီးမှုစွမ်းရည်တွေလည်း တက်လာစေပါတယ်။ အားလပ်ချိန်မှာ အထိုင်များသူတွေထက် ပုံမှန်လမ်းလျှောက်သူများဟာ အကြံကောင်းဉာဏ်ကောင်းတွေ ပိုထွက်လာစေပါတယ်။

၈။ ညအချိန်တွင် ကောင်းစွာအိပ်ပျော်ခြင်း

လမ်းလျှောက်ခြင်းဟာ ညအချိန်မှာ ကောင်းစွာ အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်။ အသက် ၅၅နှစ်ကနေ ၆၅နှစ်အရွယ် ကောင်းစွာအိပ်မပျော်သူ သက်ကြီးပိုင်းများဟာ နံနက်ပိုင်းရော ညနေခင်းပါ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ရာကနေ ကောင်းစွာအိပ်စက်နိုင်တဲ့ အခြေအနေရောက်သွားတယ်လို့ သုတေသနစာစောင်တခုမှာ ဖော်ပြထားပါတယ်။
….
နိဂုံး

လမ်းလျှောက်ခြင်းဟာ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ အထောက်အကူပြုတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ဖြစ်ပါတယ်။ နံနက်စောစောလမ်းလျှောက်ခြင်းအားဖြင့် တနေ့တာ ကြည်လင်လန်းဆန်းစေပြီး ညပိုင်းမှာလည်း ကောင်းစွာအိပ်ပျော်စေပါတယ်။ လမ်းမလျှောက်ခင်နဲ့ လမ်းလျှောက်ပြီးချိန် အကြောလျှော့ခြင်း၊ ရေများများသောက်ခြင်း စတာတွေလုပ်ဆောင်ရင် ပိုကောင်းပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top