ကိုဗစ်ဖြစ်ပြီးနောက် အပြည့်အဝပြန်လည်ကောင်းမွန်လာဖို့ ဘယ်လိုဂရုစိုက်မလဲ

recover.png

သင်က ကိုဗစ်ကူးစက်ခံရတာကနေ ပြန်လည်သက်သာလာပြီလား။ ပြန်လည်သက်သာလာရုံနဲ့ လုံးဝကောင်းသွားပြီလို့ ဆိုလိုလို့မရပါဘူး။ ကိုဗစ်ကနေ ပြန်လည်သက်သာလာတဲ့ လူနာတွေက ပြန်လည်မကူးစက်ခံရအောင် ကာကွယ်ပေးတဲ့ ပဋိပစ္စည်းသယ်ဆောင်လာပေမဲ့ ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးကို ဆက်လက်ကြုံတွေ့ရမှာဖြစ်ပြီး ကိုဗစ်လည်း ပြန်ပြီး ကူးစက်ခံရနိုင်ပါတယ်။ ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာတဲ့အချိန်မှာ ချောင်းခြောက်ဆိုးနိုင်တယ်။ CDC အရ ကိုဗစ်ကူးစက်ခံရတာ ပျော့တဲ့လူနာတွေက (၁၀) ရက်အတွင်း ပျောက်ကင်းနိုင်ပါတယ်။ အခြေအနေပြင်းထန်တဲ့လူနာတွေက ပြန်လည်သက်သာလာဖို့ ရက် (၂၀) ထိ အချိန်ယူရပြီး အရင်အတိုင်းပြန်ဖြစ်ဖို့က အဆုတ်နဲ့ တစ်သျူးတွေပျက်စီးမှုပေါ်မူတည်ပါတယ်။ ကိုဗစ်မဖြစ်ခင်က နာတာရှည်ရောဂါရှိတဲ့သူတွေကလည်း ပြန်လည်သက်သာလာဖို့ ပိုပြီးကြာနိုင်တယ်လို့ သိရပါတယ်။ အခုလိုအချိန်ကာလမျိုးမှာ သင်က ကိုဗစ်ကနေ ပြန်လည်သက်သာလာရင်တောင် လုံးဝအရှင်း ပြန်လည်ကောင်းမွန်လာဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

တစ်ယောက်တည်းသီးသန့် ဆက်ပြီးနေပါ

အရင်တုန်းက နေ့စဉ်ဘဝမျိုး ပြန်ရောက်ချင်တာ သိပေမဲ့ သင့်ခန္ဓာကိုယ်က အားနည်းနေတုန်းဖြစ်တဲ့အတွက် အခြားကူးစက်ရောဂါတွေနဲ့ ကိုဗစ်ရောဂါ ပြန်လည်ဝင်ရောက်လာနိုင်ပါတယ်။ သင့်မိသားစုမှာ ဘယ်သူမှမဖျားနာဘူးဆိုရင်တောင် ကိုဗစ်ကူးစက်ခံခဲ့ရဖူးတဲ့သင်က အထူးသတိထားရမှာပါ။ ဒါကြောင့် ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာပြီးတဲ့နောက်မှာ ရက်အနည်းငယ်လောက် တစ်ယောက်တည်း သီးသန့် ဆက်ပြီးနေပါ။

အပြည့်အဝအနားယူပြီး အိပ်ရေဝဝအိပ်ပါ

အလုပ်တွေပြန်မလုပ်ခင် အပြည့်အဝအနားယူဖို့အတွက် ဒီအခွင့်အရေးကို အသုံးချလိုက်ပါ။ ကိုဗစ်ကနေ လုံးဝပြန်လည်ကောင်းမွန်ဖို့အတွက် သေချာအနားယူပါ။ အိပ်ရေဝဝအိပ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ သင်က ကိုဗစ်ကနေ သက်သာလာပေမဲ့ ချောင်းဆိုးနေတုန်းဆိုရင် ပလက်လန်ပြီး မအိပ်ဘဲ ဘေးတစ်စောင်းအိပ်ပေးပါ။

အသက်ရှုလေ့ကျင့်ခန်းတချို့ကို လုပ်ကြည့်ပါ

ကိုဗစ်လူနာတွေက ကိုဗစ်ကူးစက်ခံရစဉ်မှာရော ပြန်လည်သက်သာလာတဲ့အချိန်မှာပါ အသက်ရှုရခက်တဲ့ပြဿနာတွေနဲ့ ကြုံတွေ့ကြရပါတယ်။ အသက်ရှုပြဿနာတွေကို ဖြေရှင်းဖို့အတွက် အသက်ရှုလေ့ကျင့်ခန်းတချို့ကို လုပ်ကြည့်ပါ။ အသက်ရှုသွင်းတာ ၅ စက္ကန့်နဲ့ အသက်ရှုထုတ်တာ ၁၀စက္ကန့်လောက် လုပ်ပေးနိုင်ပါတယ်။ အသက်ရှုတာကို သေချာအာရုံစိုက်ပြီး လုပ်ပေးသင့်ပါတယ်။

ရေဓာတ်ပြည့်ဝအောင် နေပါ

ချောင်းဆိုးကျန်ခဲ့ပြီး သင့်လည်ချောင်းမှာ ချွဲသလိပ်တွေနဲ့ ပြည့်နေသလိုခံစားရရင် ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပါတယ်။ ရေနွေးနွေးလေး၊ စွပ်ပြုတ်၊ ဆေးဘက်ဝင်ရေနွေးကြမ်းတို့ကို သောက်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ

သင့်ခန္ဓာကိုယ်က အားနည်းပြီး ပင်ပန်းနွမ်းလျသလို ခံစားနေရတုန်းဆိုရင်တောင် သင် လုံးဝပြန်ကောင်းမွန်ဖို့အတွက် လေ့ကျင့်ခန်းက အရမ်းအရေးကြီးပါတယ်။ လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလုပ်ပေးပါ။ ခန္ဓာကိုယ်လှုပ်ရှားပေးတာက အဆုတ်လုပ်ဆောင်ချက်ကို ကောင်းစေတဲ့အပြင် ချောင်းဆိုးတာကိုလည်း သက်သာသွားစေနိုင်ပါတယ်။

နောက်ထပ်လက္ခဏာရပ်တွေ ပေါ်လာမလာ စောင့်ကြည့်ပါ

သင်က ဆက်ပြီး ပင်ပန်းနွမ်းလျတာ၊ ခေါင်းကိုက်တာ၊ အခြားလက္ခဏာရပ်တွေ ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ အခြားကူးစက်ရောဂါဖြစ်တာလား၊ ဒါမှမဟုတ် ကိုဗစ်ပြန်ပြီး ဖြစ်လာတာလား သိနိုင်မှာမဟုတ်ပါတယ်။ ချောင်းဆိုးတာ မသက်သာဘူးဆိုရင်လည်း ဆရာဝန်ပြကြည့်သင့်ပါတယ်။

Ref: Coronavirus: How to manage post-COVID recovery


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top