မိသားစုနဲ့အတူနေချိန် ထားကြပါဦး!

50735930_2299455423606284_2731065026583461888_n.jpg

“ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ သေခါနီးဆဲဆဲ ငါတော့ ဒီထက် အလုပ်တွေပိုလုပ်ခဲ့ရကောင်းသား လို့ပြောတဲ့သူ မရှိဘူး” (Grey’s Anatomy စီးရီး)

ဒီစကားလေးက ငါရှာနေတာ နင်တို့ဖို့ချည်းပဲလို့ပြောပြီး မိသားစုကိုအချိန်မပေးနိုင်တဲ့ မိဘတွေအတွက်ပါ။ မှန်ပါတယ်။ နေစရိတ်၊ ထိုင်စရိတ်၊ ကလေးကျောင်းစရိတ်တွေကြီးတယ်။ ရှာနိုင်မှဖြစ်မယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကလေးတွေကလည်း အဖေအမေနဲ့နေချိန်လည်းရချင်သေးတယ်မလား။ ဆိုတော့ သူတို့လေးတွေနဲ့လည်း မိသားစုချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွင်ရွင်နေနိုင်အောင်၊ ကိုယ်လည်းအလုပ်နဲ့အဆင်ပြေအောင်ဘယ်လိုလုပ်ကြမလဲ။

(၁) ဦးစားပေး၊ Calendar မှာထည့်မှတ်ထား

ကလေးကျောင်းက မိဘဆရာတွေ့ဆုံပွဲ ဖြစ်ဖြစ်၊ သူပါဝင်ပြီး ကပြဖျော်ဖြေမယ့်ပွဲဖြစ်ဖြစ် ပြက္ခဒိန်မှာမှတ်ထားပါ။ အလုပ်က အရေးကြီးတဲ့ meeting တွေဆိုရင်လည်း ပြက္ခဒိန်မှာ မှတ်ထားပြီး ရအောင်လုပ်ရတယ်မလား။ အလုပ်က သင်သေသွားရင် တစ်ပတ်အတွင်း လူစားထိုးမှာပါ။ သင့်ကလေးက အဖေ/အမေ အစားမရပါဘူး။ ပြီးတော့ ကလေးတွေကြီးပြင်းတာက အရမ်းမြန်ပါတယ်။ သင်တစ်နေ့သတိပြုမိတဲ့အချိန်မှာ သူတို့တွေအတောင်စုံလို့ မိဘရင်ခွင်ကိုခွာသွားပြီးလောက်ပါပြီ။ ဆိုတော့ ရတဲ့အချိန်လေး သူတို့နဲ့နေပေးပါ။

(၂) စနေ၊ တနင်္ဂနွေရဲ့အလုပ်ဖုန်းကင်းမဲ့ဇုန်

ကမ္ဘာပေါ်က အလုပ်အများဆုံးပါဆိုတဲ့ CEO တွေတောင်မှ တစ်ပတ်မှာတစ်ရက်ကို အလုပ်ဖုန်းကင်းမဲ့ဇုန်ထားတတ်ပါတယ်။ အဲဒီ ၂၄နာရီလုံးလုံးမှာ သူတို့ဟာအလုပ်နဲ့ပတ်သက်တဲ့ ဖုန်းပြောတာ၊ အီးမေးလ်ပို့တာ၊ မတ်ဆေ့ခ်ျပို့တာ ဘာဆိုဘာမှမလုပ်ပဲနဲ့ မိသားစုသီးသန့်အတွက်သာထားရှိတတ်ပါတယ်။ သူတို့ရဲ့CEO တွေတောင်လုပ်နိုင်ရင် ကိုယ်လည်းလုပ်နိုင်မှာပါ။ တစ်နေ့လုံးကြီးမဟုတ်ရင်တောင် ညနေ ၄ နာရီကနေ ညဘက်ကလေးတွေ အိပ်ရာဝင်တဲ့အထိ ဖုန်းကင်းမဲ့ဇုန်ထားမယ်ဆိုရင်တောင် အဆင်ပြေပါတယ်။

(၃) အဓိပ္ပာယ်ပြည့်၀အောင်နေ

တစ်အိမ်ထဲမှာတော့ မိသားစုအကုန်ရှိနေတယ်။ စကားမပြောပဲ တစ်ယောက်ချင်းစီ လုပ်ချင်ရာလုပ်နေမှတော့ မိသားစုရှိနေတာ ဘာထူးတော့မှာတုန်း။ အတူတူရှိနေတဲ့အချိန် တစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်သွယ် အာရုံစိုက်နေမှ ကောင်းမှာပေါ့။ ဒီအတွက် ဘာလုပ်လို့ရလဲဆိုရင် မိသားစုဝင်တွေ Board Game ကစားတာ၊ မိသားစုကြည့်လို့အဆင်ပြေတဲ့ ရုပ်ရှင်တွေကို တူတူစုပြီးကြည့်တာ၊ ပျော်ပွဲစားထွက်တာ၊ ရေတူတူကူးတာ၊ စက်ဘီးစီးတာ၊ ကြက်တောင်ရိုက်တာဖြစ်ဖြစ်၊ လက်ရှိကျင်းပနေတဲ့ပွဲတွေကိုအတူတူသွားတာပဲ ဖြစ်ဖြစ်လုပ်လို့ရပါတယ်။

(၄) အသေးအဖွဲတွေကိုမေ့ပစ်၊ ကြင်နာဖို့နဲ့ခွင့်လွှတ်ဖို့ကိုသင်ပေး

သင့်ကလေးလုပ်လိုက်လို့သင့်အင်္ကျ ီစွန်းသွားတာက၊ နောက်တစ်နှစ်၊ နောက်တစ်လ၊ နောက်တစ်ပတ်မှာ အရေးကြီးသေးလား။ ဒါမှမဟုတ် သင် သူငယ်ချင်းနဲ့ရန်ဖြစ်လာတာ သင့်မိသားစုကို အော်ဖို့လိုလား။ ဒါမှမဟုတ် သင့်သား စာမေးပွဲကျတာနဲ့ကျန်တဲ့ မိန်းမနဲ့သမီးကိုပါ ရန်ရှာဖို့လိုလို့လား။ မိသားစုလေးနဲ့အချိန်ခဏလေးကုန်ဆုံးရတာကို ဒီလိုတွေနဲ့တော့ စိတ်အနှောင့်အယှက်မပေးပါနဲ့။ စိတ်ရှည်ပြီး ခွင့်လွတ်တတ်ဖို့ကို သင်တို့ရှေ့က သင်က စံနမူနာနေပြပါ။ သင့်ကလေးနှစ်ယောက် ထမင်းစားပွဲဝိုင်းမှာ ရန်ဖြစ်ပြီး စောင်းမြောင်းနေရင်လည်း သင်စိတ်ချမ်းသာမှာ မဟုတ်ဘူးမလား။

ကလေးတွေအသက် ၁ နှစ်ကနေ ၁၈ နှစ်ဖြစ်သွားဖို့က အရမ်းမြန်ဆန်ပါတယ်။ သင့်မိသားစုကိုအချိန်ပေးပါ။ အားလပ်ရက်မှာ ဘာလုပ်ချင်လဲ ကလေးတွေကိုမေးပါ။ အိမ်ထောင်ဖက်ကိုမေးပါ။ ပြီးရင် ဘာအနှောင့်အယှက်မှမရှိ၊ ဖုန်းအသုံးပြုခြင်းမရှိဘဲနဲ့ မိသားစုကို အချိန်ပြည့်ပြည့်၀၀ပေးပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။ တစ်ခ်ျိန် သင်ဆုံးပါးသွားတဲ့အခါ သင့်ကလေးတွေပြန်အမှတ်ရနေဖို့ အချိန်ကောင်းလေးတွေဖန်တီးခဲ့ပါ။ သူတို့ရဲ့ကလေးတွေကိုလည်း ဒီအကြောင်းတွေ ပြန်ပြောပြနိုင်တာပေါ့။

Ref: Lifehack “How to maximize family time?”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top