အသားရေအတွက် တစ်ခါသုံး လက်ဖက်ခြောက်အိတ်ရဲ့ အသုံးဝင်ပုံများ

6-8-2002-yyl-0143.jpg

လက်ဖက်စိမ်းသောက်တာက စိတ်ပင်ပန်းတာရော၊ ကြွက်သားနာကျင်တာတွေကိုပါ သက်သာစေတယ်ဆိုတာ သင့်သိပါသလား။ ဒါတင်ပဲလားဆိုရင် အသားရေအတွက်လည်း အကျိုးကျေးဇူးရှိပါတယ်။ လက်ဖက်စိမ်းက အန်တီအောက်စီဒန့်ဓာတ်၊ ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးတဲ့ဓာတ်၊ အန်တီမိုက်ခရိုဘီရယ်ဂုဏ်သတ္တိတွေ ပါဝင်တာကြောင့် လူသိများပါတယ်။ အိုမင်းရင့်ရော်မှု၊ နေလောင်ဒဏ်၊ ရောင်ရမ်းခြင်း၊ အသားရေအထိခိုက်မခံတာတွေကိုလည်း ကာကွယ်ပေးပါတယ်။

အသားရေကို ကြည်လင်သွားအောင်လည်း သန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်းရှိပါတယ်။ အခုခေတ်မှာ လက်ဖက်စိမ်းကို တစ်ခါသောက်အိတ်လေးတွေနဲ့ လက်ဖက်ခြောက်အိတ်အဖြစ် ရေနွေးထဲစိမ်သောက်လာကြပါတယ်။ အဲဒီတစ်ခါသောက် လက်ဖက်ခြောက်အိတ်တွေက အသားရေအတွက် အရမ်းအသုံးဝင်ပါတယ်။ ဒါကြောင့် အလှအပရေးရာ ကျွမ်းကျင်ပညာရှင်တစ်ယောက်က နုပျိုတဲ့အသားရေကို ရရှိပိုင်ဆိုင်စေဖို့ တစ်ခါသောက်လက်ဖက်ခြောက်အိတ်ကို အသားရေမှာ ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ နည်းလမ်းအမျိုးမျိုးကို ပျိုမေတွေအတွက် မျှဝေပေးထားပါတယ်။

မျက်လုံးအစ်တာ၊ ဖောင်းတာကို သက်သာစေတယ်

လက်ဖက်ခြောက်အိတ်ကို စိမ်ပြီးသောက်တဲ့အခါ အဲဒီအိတ်ကို လွှတ်မပစ်ဘဲ ရေခဲသေတ္တာထဲမှာ သိမ်းထားလိုက်ပါ။ လက်ဖက်ခြောက်အိတ်က ပြန်သုံးလို့ရတဲ့ စွယ်စုံရပစ္စည်းဖြစ်ပါတယ်။ နှင်းဆီရည်ထဲ အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ကို စိမ်ပြီး ရေခဲသေတ္တာထဲပြန်ထည့်လိုက်ပါ။ မျက်လုံးတင်းရင်းတာကို ပြေလျော့သွားဖို့အတွက် နှင်းဆီရည်ထဲစိမ်ထားတဲ့ လက်ဖက်ခြောက်အိတ်တွေကို မျက်ခွံပေါ်မှာ တင်ထားလိုက်ပါ။ ဒီနည်းက စိတ်ဖိစီးမှုကို ပြေလျော့အောင်၊ ကြွက်သားတင်းရင်းတာကို သက်သာအောင်နဲ့ မျက်လုံးမို့တာ၊ ဖောင်းတာတွေကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

အသားရေအားဖြည့်ပေးတဲ့ Scrub အနေနဲ့ အသုံးပြုလို့ရတယ်

အသုံးပြုပြီးသားလက်ဖက်ခြောက်အိတ်ကို Scrub အနေနဲ့ ဘယ်လိုအသုံးပြုရမလဲလို့ စဉ်းစားရခက်နေလား။ ဒါက ရိုးရှင်းပါတယ်။ အသုံးပြုပြီးသားလက်ဖက်ခြောက်အိတ်ကို ကတ်ကြေးနဲ့ညှပ်ပြီး လက်ဖက်ခြောက်ရွက်တွေကို ထုတ်ယူလိုက်ပါ။ လက်ဖက်ခြောက်အိတ် (၂) အိတ်စာ လက်ဖက်ခြောက်ရွက်တွေကို ထုတ်ပြီးသွားရင် အုတ်ဂျုံမုန့် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း)၊ ပျားရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း)၊ သံပရိုရည် (လက်ဖက်ရည်ဇွန်း တစ်ဝက်) တို့ကို ရောစပ်ရမှာဖြစ်ပါတယ်။ အရောအနှောထဲကို သင် ကြိုက်နှစ်သက်ရာဆီတစ်မျိုးမျိုး (၃) စက်လောက် ထည့်လို့ရပါတယ်။ ပြီးရင် အသားရေရေဓာတ်ဖြည့်ဖို့အတွက် ဒီအရောအနှောကို မျက်နှာတစ်ခုလုံးမှာ အသုံးပြုလိုက်ရုံပါပဲ။

ရေဓာတ်ဖြည့်ပေးတဲ့ မျက်နှာပေါင်းဆေးအနေနဲ့ အသုံးပြုလို့ရတယ်

အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ် (၂) အိတ်ကို ဖောက်လိုက်ပြီး အစိုဓာတ်ရှိနေတဲ့ လက်ဖက်ခြောက်ရွက်တွေကို ထုတ်လိုက်ပါ။ ပြီးရင် ရွံ့စေး (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ လိမ္မော်ခွံ (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ ဒိန်ချဉ် (စားပွဲတင်ဇွန်း (၁) ဇွန်း) တို့ကို ရောစပ်ပေးပါ။ ဒီအရောအနှောကို ပေါင်းတင်ဆေးအနေနဲ့ မျက်နှာမှာ အသုံးပြုရမှာဖြစ်ပါတယ်။ မျက်နှာမှာ (၁၀) မိနစ်လောက် လိမ်းထားပြီးတဲ့နောက်မှာ ရေနဲ့သန့်စင်ပေးရမှာဖြစ်ပါတယ်။ ရေနဲ့သန့်စင်ပြီးသွားရင် Moisturiser လိမ်းပေးရမှာဖြစ်ပါတယ်။

တိုနာအနေနဲ့ အသုံးပြုလို့ရတယ်

အသုံးပြုပြီးသားလက်ဖက်ခြောက်အိတ် (၅) အိတ်ကို ရေ (၂၀၀) မီလီလီတာထဲ ထည့်ပြီး သံပရိုသီးအနည်းငယ်၊ ပန်းသီးအရက်ဗင်နီဂါ (စားပွဲတင်ဇွန်း (၁) ဇွန်း)၊ Tea tree အဆီ (၅) စက်တို့ကို ထပ်ထည့်ပေးရမှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအကုန်လုံးကို အချိန် (၈-၁၀) နာရီလောက် သိပ်ထားပေးပါ။ အဲဒီနောက် သန့်စင်တဲ့ပုလင်းထဲကို အရည်တွေ စစ်ထည့်ပေးလိုက်ရုံပါပဲ။ အဲဒီအရည်ကို တိုနာအနေနဲ့ အသုံးပြုလို့ရပါပြီ။ တိုနာကို ရေခဲသေတ္တာထဲမှာ သိုလှောင်ထားပေးသင့်ပါတယ်။ လက်ဖက်ခြောက်အိတ်နဲ့ ပြုလုပ်ထားတဲ့တိုနာက အသားရေကို အားဖြည့်ပေးပြီး ကြည်လင်နုပျိုစေပါတယ်။

Ref: How to use green tea bags to rejuvenate skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top