ယူကရိန်းမှာ ကမ္ဘာအကြီးဆုံးလေယာဥ် ဖျက်စီးခံရ

28-2-2022-yyl1.jpg

ကမ္ဘာ့အကြီးဆုံးလေယာဥ် the Antonov AN-225 ဟာ ယူကရိန်းကို ရုရှားကျူးကျော်စဥ်အတွင်းဖျက်စီးခံလိုက်ရတယ်လို့ ယူကရိန်းအာဏာပိုင်တွေအရ သိရပါတယ်။ ဒါဟာ လေကြောင်းလောကမှာ ထိတ်လန့်မှုနဲ့ ဝမ်းနည်းမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ရုရှားကျူးကျော်တိုက်ခိုက်ချိန်မှာ “Mriya” (သို့မဟုတ်) “Dream” လို့အမည်ပေးထားတဲ့ ကြီးမားတဲ့လေယာဥ်က ကိယက်ဗ်မြို့အနီးနား လေယာဥ်ကွင်းမှာ ရပ်နားထားခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောကြားခဲ့ပြီး လေယာဥ်ကိုလည်း ပြန်လည်တည်ဆောက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။”ရုရှားက ကျွန်​တော်တို့ရဲ့ ‘Mriya’ ကို ဖျက်ဆီးလိုက်နိုင်တယ်။ ဒါပေမယ့် ခိုင်မာပြီး လွတ်လပ်တဲ့ ဒီမိုကရေစီနည်းကျ ဥရောပနိုင်ငံရဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်ကို ဘယ်တော့မှ ဖျက်စီးနိုင်မှာမဟုတ်ဘူး။ ကျွန်​တော်တို့ နိုင်လိမ့်မယ်” ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး (မီထရိုကိုလီဘာ (Dmytro Kuleba) က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

လေယာဉ်ဖျက်စီးခံရမှုနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရှိသေးပါဘူး။ ကျွမ်းကျင်သူတွေ မစစ်ဆေးမချင်း လေယာဉ်ရဲ့ “နည်းပညာဆိုင်ရာ အခြေအနေ” ကို အတည်မပြုနိုင်သေးဘူးလို့ Antonov ကုမ္ပဏီက တွစ်တာမှာ ပြောကြားခဲ့ပါတယ်။ Antonov ကို စီမံခန့်ခွဲတဲ့ ယူကရိန်းနိုင်ငံပိုင် ကာကွယ်ရေးကုမ္ပဏီ Ukroboronprom က လေယာဉ်ပျက်စီးသွားပေမဲ့ ရုရှားစရိတ်နဲ့ ပြန်လည်တည်ဆောက်မယ်ဆိုတဲ့ ကြေညာချက်တစ်စောင်ကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပြီး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံဖြစ်တယ်လို့ သိရပါတယ်။

“ပြန်လည်တည်ဆောက်မှုဟာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်နဲ့ ငါးနှစ်ကျော်ကြာမယ်လို့ ခန့်မှန်းထားတယ။ ကျွန်တော်တို့ရဲ့တာဝန်က ယူကရိန်းလေကြောင်းနဲ့ လေကြောင်းကုန်တင်ရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခဲ့တဲ့ရုရှားဖက်ဒရေးရှင်းက ဒီကုန်ကျစရိတ်ကို ပေးဖို့သေချာအောင် လုပ်ဖို့ပါပဲ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ ထုတ်ပြန်ချက်တစ်ခုမှာ လေယာဉ်ဟာဖေဖော်ဝါရီ ၂၄ ရက်က ကိယက်ဗ်မြို့အနီး မြေပြင်မှာ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်နေခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ Antonov လေကြောင်းလိုင်းရဲ့ ဒါရိုက်တာ ပြောကြားချက်အရ အင်ဂျင်တွေထဲကတစ်လုံးကို ပြုပြင်ဖို့အတွက် ဖြုတ်ခဲ့ပြီး အဲဒီနေ့က လေယာဥ်မထွက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

Maxar Technologies က​နေဂြိုလ်တုပုံတွေက AN-225 ရပ်နားထားတဲ့ Hostomel လေတပ်စခန်းရှိ ​လေယာဥ်ရုံရဲ့အစိတ်အပိုင်းတွေ သိသာထင်ရှားစွာ ပျက်စီးနေတာကို ပြသနေပါတယ်။ ရုရှားတပ်ဖွဲ့တွေက AN-225 တည်ရှိရာ Hostomel လေယာဉ်ကွင်းကို သောကြာနေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။ မြေပြင်မှာရှိနေတဲ့ CNN သတင်းဌာနအဖွဲ့တစ်ဖွဲ့က ရုရှားလေကြောင်းချီတပ်တွေ နေရာယူထားတာကို မြင်တွေ့ခဲ့ရပါတယ်။

တစ်ချိန်တည်းမှာ NASAရဲ့ အရင်းအမြစ်စီမံခန့်ခွဲမှုစနစ်အတွက် မီးသတိပေးချက်က လေယာဉ်ထားရှိရာ လေယာဥ်ရုံအပါအဝင် လေဆိပ်မှာ မီးလောင်မှုအများအပြားကို တွေ့ရှိခဲ့ရပါတယ်။ NOAA နဲ့ NASA ဂြိုလ်တု​တွေကရရှိတဲ့ NASAရဲ့အချက်အလက်တွေအရတနင်္ဂနွေနေ့ မနက် ၁၁ နာရီ ၁၃မိနစ်မှာ လေယာဉ်ရုံမှာမီးလောင်နေတာကို မြင်တွေ့ရပါတယ်။ လေယာဥ်ကွင်းက ဒီမီးတွေက စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုတွေကနေ ဖောက်ခွဲမှုတွေ၊ ပစ်လွှတ်မှုတွေကြောင့်လားဆိုတာကတော့ မရှင်းလင်းပါဘူး။

အကယ်လို့အတည်ပြုနိုင်ခဲ့ပါက တိုက်ခိုက်မှုက ဆိုဗီယက်ယူနီယံ လက်ထက်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ဝန်ဆောင်မှုပေးခဲ့တဲ့ လေယာဉ်တစ်စင်းအတွက် ထိတ်လန့်တုန်လှုပ်ဖွယ် အဆုံးသတ်မှုကြီးဖြစ်ပါလိမ့်မယ်။ တစ်ခါတ​လေ AN-225 ကို အခြားနိုင်ငံတွေမှာ အကျပ်အတည်းပြဿနာတွေလာရင် သယ်ပို့မှုတွေနဲ့ ကူညီပေးဖို့ အထူးတာဝန်အ​နေနဲ့ ရွေးချယ်စေလွှတ်ခဲ့ကြပါတယ်။ ၂၀၁၀ ဟေတီငလျင်လှုပ်ခတ်မှုအပြီးမှာဟေတီငလျင်အပြီးတွင် အိမ်နီးချင်း ဒိုမီနီကန်သမ္မတနိုင်ငံကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါအစောပိုင်းကာလတွေမှာ ဒီလေယာဥ်ကို ​ရောဂါဘေးဒဏ်သင့်နေရာတွေဆီဆေးဘက်ဆိုင်ရာပစ္စည်းတွေသယ်ယူပို့ဆောင်ဖို့အသုံးပြုခဲ့ပါတယ်။

ယနေ့အချိန်အထိ Mriya က တည်ဆောက်ခဲ့သမျှ လေယာဥ်တွေထဲမှာ အလေးလံဆုံး၊ အကြီးဆုံးလေယာဉ်အဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။ တာဘိုဖန်အင်ဂျင် ခြောက်လုံးနဲ့ Mriya က အတွင်းပိုင်း သို့မဟုတ် နောက်ကျောမှာ သယ်ဆောင်နိုင်တဲ့ အမြင့်ဆုံး အလေးချိန် တန် ၂၅၀ ရှိပါတယ်။ လုပ်ငန်းလည်ပတ်မှုဝန်ဆောင်မှုမှာ အကြီးဆုံးတောင်ပံကို ပိုင်ဆိုင်ထားပါတယ်။ ကိယက်မြို့အခြေစိုက် Antonov ကုမ္ပဏီက An-225 တစ်ခုတည်းကိုသာ ဒီဇိုင်းထုတ်ကာ တည်ဆောက်ခဲ့တာပါ။ ၁၉၈၈ ခုနှစ်မှာ စတင်ပျံသန်းခဲ့ပြီး အဲဒီကတည်းပြီး ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ဒုတိယလေယာဉ်တည်​​ဆောက်ခဲ့ပေမဲ့အပြီးမသတ်နိုင်ခဲ့ပါ။

Ref: CNN “World’s largest plane destroyed in Ukraine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top