သက်ငယ်မုဒိမ်းဖြစ်ပွားမှုကို ဘယ်လိုလျော့ချမလဲ

abused-little-girl-P6SJ2GX-e1566118263383.jpg

လတ်တလောမှာ သက်ငယ်မုဒိမ်းမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာ တွေ့နေရပါတယ်။ နည်းမှန်လမ်းမှန်နဲ့ စနစ်တကျဖြေရှင်းဖို့ အဖြေရှာမှုတွေ အမြန်ဆုံးလုပ်နိုင်ဖို့အတွက် အသက်ငယ်ရွယ်သူတွေကို ဘာကြောင့် အခုလိုမျိုး ကျူးလွန်ကြသလဲ ဆိုတဲ့ အခြေခံအကြောင်းတရားကို သေသေချာချာ သိဖို့လိုပါတယ်။

သက်ငယ်မုဒိမ်း ဖြစ်ရခြင်းရဲ့ အခြေခံအကြောင်းတရားဟာ ငယ်ရွယ်သူတွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်း စိတ်ရောဂါကြောင့် ဖြစ်ပြီး ပေဒိုဖီးလီးယား (Pedophilia) ရောဂါ လို့လည်းခေါ်ကြပါတယ်။ ဒီရောဂါဟာ အမျိုးသားတွေမှာ အများဆုံးဖြစ်ပေါ်လေ့ရှိပြီး အပြီးတိုင် ကုသဖို့ မလွယ်ကူပေမဲ့ ဆေးဝါးများနဲ့ လိင်စိတ်ကို လျှော့ချပေးခြင်း ပညာပေး ဟောပြောခြင်းနဲ့ ဖေးမကူညီစောင့်ရှောက်ပေးခြင်းတွေကို ပြုလုပ်လို့ရပါတယ်။

တကယ်တော့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်စီရင်လိုက်ရုံနဲ့ ဖြစ်ပွားမှုနှုန်း လျော့ကျသွားမှာ မဟုတ်ပါဘူး။ အခုလို ပြောခြင်းဟာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အရေးယူမှု မပြုလုပ်စေချင်တာမျိုး မဟုတ်ပါဘူး။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ကျခံစေတာမျိုးလဲ ဥပဒေအရ လုပ်ဆောင်သင့်သလို တစ်ဖက်မှာလဲ လူမှုအသိုင်းအဝိုင်းရှုထောင့်နဲ့ ကျန်းမာရေးရှုထောင့်ဘက်မှလဲ ကူညီနိုင်တယ်ဆိုတာကို တင်ပြခြင်းမျိုးဖြစ်ပါတယ်။ နောက်ထပ်ကျူးလွန်မှုတွေ ထပ်ဖြစ်မလာနိုင်ဖို့ ဆိုရင်တော့ အခုလို အသက်ငယ်ရွယ်သူတွေ အပေါ်မှာ လိင်စိတ်တိမ်းညွှတ်နေတဲ့ ကျား/မ တွေကို ကုသမှုတွေပေးနိုင်ဖို့ ပြုလုပ်ရမှာပါ။

ဒီလို ကုသပေးနိုင်ဖို့အတွက် ပဒိုဖီးလီးယား ရောဂါရှိသူတွေ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရဲလာအောင် လူမှုပတ်ဝန်းကျင် တစ်ခု တည်ဆောက်ပေးရမှာပဲ ဖြစ်ပါတယ်။ ရောဂါကို ရောဂါလို့ လက်ခံမြင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဥပမာအနေနဲ့ အရင်က Gay (ယောက်ျားချင်း လိင်တူစိတ်ဝင်စားသူ) တွေဟာ သူတို့ရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားချက်အတိုင်း အပြင်မှာ မနေရဲကြပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုရင် ပတ်ဝန်းကျင်ရဲ့ နားလည်လက်ခံ အလိုက်သင့်ပြောင်းလဲပေးခြင်း အားနည်းတာကြောင့် သူတို့တွေဟာ အနှိမ်ခံရမှာ၊ ပြစ်တင်ကဲ့ရဲ့ခံရမှာနဲ့ လူ့ပတ်ဝန်းကျင်ရဲ့ ရွံရှာစပ်ဆုပ်ဖွယ်လို ဆက်ဆံခံရမှာတွေကို ကြောက်နေကြပြီး လွတ်လပ်စွာ တိုင်ပင်ဆွေးနွေး အသိပညာလေ့လာနိုင်မှု မရှိတော့ဘဲ သူတို့ရဲ့ လိင်ဆန္ဒတွေကို ဖြေဖျောက်ကြတဲ့ အခါ ရောဂါများဖြစ်ခြင်း၊ အမှုများကျူးလွန်မိခြင်း စတာတွေ ပေါ်ပေါက်ရတာပဲဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ တော်တော်များများ လက်ခံပေးနိုင်လာကြတာမို့ လိင်တူစိတ်ဝင်စားသူများဟာ ပွင့်ပွင့်လင်းလင်း လိင်တူစိတ်ဝင်စားသူ အချင်းချင်း အတူတကွ နေထိုင်နိုင်ကြကာ အခြားပတ်ဝန်းကျင် မသက်ဆိုင်သူတွေကို ထိခိုက်မှုနည်းလာသလို သူတို့ကိုယ်တိုင် ကျန်းမာရေး အသိပညာပေးမှုတွေကို လေ့လာလိုက်စား နိုင်လာကြပါတယ်။

ပဒိုဖီးလီးယားရှိသူတွေကို ဝိုင်းနှိမ်နေမယ့်အစား သူတို့ကိုဖေးမပေးခြင်းဟာ သူတို့အတွက်လဲ ပျက်စီးမှု မရှိနိုင်သလို အမှုအခင်းတွေလဲ လျော့ကျသွားပြီး ပတ်ဝန်းကျင်လဲ ထိခိုက်မှုနည်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေ ဖြစ်လာမှာပါ။ ရောဂါရှိသူတွေကို ပွင့်ပွင့်လင်းလင်း သိလာနိုင်တဲ့အခါ ဆေးကုသပေးခြင်း၊ ကျန်းမာရေး အသိပညာပေးကာ ဘယ်လိုအစားအသောက်တွေစားရမယ်၊ ဘယ်လိုနေထိုင်မှုပုံစံတွေ၊ ဘယ်လို စိတ်ထားရမယ်ဆိုတာတွေကို သင်ကြားပေးသင့်ပါတယ်။ ဒီရောဂါနဲ့ ပတ်သတ်ပြီး ဟောပြောပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ပါတယ်။

“ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းပါတယ်” ဆိုတဲ့ ကျန်းမာရေးဆောင်ပုဒ်လို သက်ငယ်မုဒိမ်းမှုတွေကို နောက်ထပ် ဖြစ်မလာနိုင်အောင် ကြိုတင်ကာကွယ် လုပ်ဆောင်ခြင်းဟာ အားလုံးအတွက် ပိုမိုကောင်းမွန်စေပါတယ်။

ဆေးလိပ်သောက်(အကြောင်း) လို့ ရောဂါ (အကျိုး) ရတဲ့အခါ ရောဂါ (အကျိုး) ကို ကုသရမှာဖြစ်ပေမယ့် ဆေးလိပ်ပြန်သောက် (အကြောင်း) မယ်ဆိုရင်တော့ ရောဂါ (အကျိုး) ဟာ ပြန်ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် “အကျိုး”ကို ကုသနေရုံနဲ့ မပြီးပဲ အဓိက “အကြောင်း” ကို သတ်ရမှာပဲ ဖြစ်ပါတယ်။ သေဒဏ်ပေးတာဟာ “အကျိုး” ကို သတ်နေတာဖြစ်ပြီး အရေးကြီးတဲ့ “အကြောင်း” ကိုလဲ သတ်ဖို့ လိုအပ်နေပါသေးတယ်။ အကြောင်းတရား ချုပ်ငြိမ်းမှ အကျိုးတရားချုပ် ငြိမ်းမှာပဲ ဖြစ်ပါတယ်။

ကောင်းမွန် ယဉ်ကျေးတဲ့ လူမှုအသိုင်းအဝိုင်းကို ချီတက်ကြရာမှာ အရာရာကို ဘက်ပေါင်းစုံကနေ တွေးမြင် ဖြေရှင်းဖို့ အတူတကွ ကြိုးစားသင့်ပါကြောင်း…

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top